【 နိုင်ငံတကာဆောင်းပါး 】 အေပက်အစည်းအဝေးနှင့် အာရှအခင်းအကျင်း

【 နိုင်ငံတကာဆောင်းပါး 】 အေပက်အစည်းအဝေးနှင့် အာရှအခင်းအကျင်း

အေပက် (APEC) ၏ အမည်အပြည့်အစုံမှာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (Asia-Pacific Economic Cooperation) ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာပတ်လည်ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေးလွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖိုရမ် (forum) ဖြစ်သည်။

APEC ၏ ရည်မှန်းချက်မှာ ဒေသတွင်း စီးပွားရေးတိုးမြှင့်ရေးဖြစ်သည်။အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ပြည်တွင်းကုန်ထုတ်တန်ဖိုး (GDP) ၅၄ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၄၄ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သည်။ APEC ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျ ကျင်းပလေ့ရှိရာ ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အလှည့်ကျသည်။နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်မည့် APEC ထိပ်သီးအစည်းအဝေးတွင် လတ်တလော တင်းမာမှုမြင့်တက်နေသည့် တရုတ်နှင့် အမေရိကန် ခေါင်းဆောင်နှစ်ဦးတို့  တွေ့ဆုံဖွယ်ရှိသည်။ထို့ကြောင့် လာမည့် APEC အစည်းအဝေးမှာ စိတ်ဝင်စားစရာကောင်းနေခဲ့သည်။

လတ်တလောတွင် ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးရမည့် အကြောင်းအရာများစွာရှိနေသည်။ပြီးခဲ့သည့်နှစ်က ထိုင်းတွင် အေပက်အစည်းအဝေး ကျင်းပခဲ့သည်။ထို့အစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်ဒု-သမ္မတ ကာမလာ ဟားရစ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနိစ်၊ ရုရှားဒုတိယဝန်ကြီးချုပ် - ၁ အန်ဒရေဘယ်လူဆော့ဗ်၊ တောင်ကိုရီးယားသမ္မတ၊ ကနေဒါဝန်ကြီးချုပ် စသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။အထူးဧည့်သည်တော်အဖြစ် ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့လည်း တက်ရောက်ခဲ့သည်။

အာရှတွင် ကျင်းပခဲ့သော APEC အစည်းအဝေးကို အမေရိကန်ဘက်က ဒုသမ္မတသာ တက်ရောက်ခဲ့မှုသည် ယခုနှစ် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးသို့ များစွာသက်ရောက်နိုင်သည်။

အမေရိကန်အတွက် အာရှသည် အရေးပါပြီး ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ တက်ရောက်မည်၊ မတက်ရောက်မည်ကို မသေချာသေးပေ။

စက်တင်ဘာ ၂၆ ရက်က ပေကျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ APEC ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင့် တက်ရောက်နိုင်ခြင်း ရှိ၊ မရှိကို အတည်ပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ငြင်းဆိုခဲ့သည်။သို့သော် တရုတ်-အမေရိကန်ကြား နယ်ပယ်များစွာ တင်းမာမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောခဲ့ရာတွင်မူ တရုတ်သည် နိုင်ငံအချင်းချင်းကြားက မတူကွဲပြားမှုများနှင့် အငြင်းပွားမှုများကို အပြန်အလှန်ဆွေးနွေးမှုများ၊ တိုင်ပင်ညှိနှိုင်းမှုများဖြင့် ဖြေရှင်းရန် ကြိုးပမ်းသွားမည်ဟု ပြောခဲ့သည်။ထို့ကြောင့် တရုတ်အနေဖြင့် APEC အစည်းအဝေးတွင် ထိပ်သီးခေါင်းဆောင်များအချင်းချင်း တွေ့ဆုံကာ ကမ္ဘာအရပ်ရပ်က ပြဿနာများအတွက် အဖြေရှာရန် အာသီသရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

တရုတ်အနေဖြင့် ကမ္ဘာ့ပြဿနာများ ဖြေရှင်းရာတွင် အနောက်နိုင်ငံများနှင့် ကွဲလွဲကာ တွေ့ဆုံဆွေးနွေးရေးအထိုင်ပေါ်တွင်ရပ်ကာ ငြိမ်းချမ်းစွာဖြေရှင်းလိုခဲ့သည်။ထို့ကြောင့် ယခု APEC အစည်းဝေးတွင် ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့်ဖြစ်လာသည့် အကျပ်အတည်းကို နှစ်နှစ်နီးပါး ဖြေရှင်းခဲ့သည် အနောက်အုပ်စု၏ နည်းလမ်းမှာ အလုပ်မဖြစ်သောကြောင့် တရုတ်တင်သွင်းသည့် တွေ့ဆုံဆွေးနွေးရေးအထိုင်ပေါ်တွင် စဉ်းစားလာနိုင်သည်။

ကမ္ဘာကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရမည်နည်း၊ အာရှ-ပစိဖိတ်ဒေသကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရမည်နည်းဆိုသည့် လက်ရှိစိန်ခေါ်မှုနှင့် နိုင်ငံတိုင်းလိုအပ်နေမှုဖြစ်သည်။ပြီးခဲ့သည့်နှစ် APEC အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပြုချက် ၄ ရပ် တင်ပြခဲ့သည်။ယင်းအဆိုပြုချက် ၄ ရပ်တွင် နိုင်ငံတကာတရားမျှတမှုကို ကာကွယ်ထိန်းသိမ်းပြီး ငြိမ်းချမ်းတည်ငြိမ်သော အာရှ-ပစိဖိတ်ဒေသကို တည်ဆောက်ခြင်း၊ တံခါးဖွင့်ရေးနှင့် အားလုံးပါဝင်နိုင်ရေးကို စွဲကိုင်ထားပြီး အတူတကွကြွယ်ဝချမ်းသာသော အာရှ-ပစိဖိတ်ဒေသကို တည်ဆောက်ခြင်း၊မြစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှုနည်းရေးကို စွဲကိုင်ထားပြီး သန့်ရှင်းလှပသော အာရှ-ပစိဖိတ်ဒေသကို တည်ဆောက်ခြင်း၊ အေးအတူပူအမျှဖြစ်ပြီး အပြန်အလှန်ကူညီဖေးမသော အာရှ-ပစိဖိတ်ဒေသကို တည်ဆောက်ရေးတို့ ပါဝင်သည်။

အာရှ-ပစိဖိတ် ကံကြမ္မာအသိုက်အဝန်း လက်တွဲတည်ဆောက်ရန် တရုတ်တင်ပြချက်မှာ ယခုဖြစ်နေသည်များနှင့် ချိန်ထိုးကြည့်လျှင် ကမ္ဘာအတွက် မည်မျှအသုံးဝင်မည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် APEC အစည်းအဝေးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်းအတွက် အရေးပါသော အခင်းအကျင်းနေရာတွင်ရှိသည်။၎င်းအစည်းအဝေးတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ကနေဒါ စသည့် နိုင်ငံများမှ ခေါင်းဆောင်များကို စုစည်းကာ ပထဝီနိုင်ငံရေးအရ ရုန်းရင်းဆန်ခတ်နှင့် မဟာမိတ်တည်ဆောက်ခြင်းအတွက် အဓိကကျသော သဘောထားကွဲလွဲမှုကို ဝိုင်းဝန်းဖြေရှင်းကြသည်။လွတ်လပ်သော စီးပွားရေးအဝန်းအဝိုင်းကို သွက်လက်စေရန်လည်း ညှိနှိုင်းကြသည်။  သို့သော် တရုတ်နိုင်ငံ၏ တည်ငြိမ်ပြီး လျင်မြန်သော စီးပွားရေးတိုးတက်မှုကို APEC အဖွဲ့ဝင်များက အခွင့်အလမ်းအဖြစ် မြင်ကြသော်လည်း အချို့သော (အမေရိကန်အပါအဝင်) နိုင်ငံများက ဒေသတွင်း တရုတ်၏ သြဇာကြီးမားလာမှုအဖြစ် စိုးရိမ်ကြသည်။ယခု ၂၀၂၃ ခုနှစ်တွင် တရုတ်၏ စီးပွားရေးမူဝါဒ ချဉ်းကပ်မှုများက ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များတွင် အဓိကအခန်းကဏ္ဍတွင်ရှိလာသည့်အခါ APEC ၏ စီးပွားရေးမူဝါဒသည် နိုင်ငံရေးဆန်လာသည်။ယခု APEC အစည်းအဝေးမှာ တရုတ်ဘက်ကမြင်ပုံသည် စီးပွားရေးနှင့် ဒေသတည်ငြိမ်ရေးကို အားပြုပြီး အမေရိကန်ဘက်က တရုတ်ကို ထိန်းချုပ်ဖို့ မြင်နိုင်သည်။ထိုသည်ကို တရုတ်ဘက်ကလည်း ထည့်တွေးထားဟန်ရှိသည်။ထို့ကြောင့် APEC ထိပ်သီးအစည်းအဝေးထက် BRI ထိပ်သီးအစည်းအဝေးကို တရုတ်က ပိုအာရုံစိုက်သည့်ပုံရသည်။

အစဉ်အလာအားဖြင့် အာရှခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံများ၏ လူမှုရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော အရင်းအနှီးနှင့် နည်းပညာအရင်းအမြစ်များအဖြစ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပုဂ္ဂလိကကော်ပိုရေးရှင်းများကို ရှုမြင်ပြီး ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံလိုခြင်းပင်ဖြစ်သည်။သို့သော် ယခုအခါ ပါရာဒိုင်းပြောင်းလာပြီဖြစ်သည်။အာရှသည် ကိုယ်ပိုင်ရပ်တည်ရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အခြေခံအဆောက်အဦတွင် ထည့်ဝင်ရင်းနှီးမြုပ်နှံရန် ဓနပြည့်စုံလာပြီဖြစ်သည်။ထိုသို့သော အခန်းကဏ္ဍကို တရုတ်က အပြည့်အဝ တာဝန်ယူလာနိုင်သည့်အခါ အာရှအတွက် လိုအပ်သော အရင်းအနှီးရင်းမြစ်မှာ အနောက်အစား အရှေ့ဘက်ဖြစ်လာရာ APEC အစည်းအဝေးပေါ် အာရှနိုင်ငံများ၏ အာရုံစိုက်မှုသည် ယခင်နှင့်မတူဘဲ တစ်မျိုးတဖုံ ပြောင်းလဲလာသည်။

အကောင်းဘက်ကကြည့်လျှင်မူ APEC အစည်းအဝေးသည် နိုင်ငံရေးအရ အရေးပါနေဆဲဖြစ်သည်။ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆိုင်ရာ ချဉ်းကပ်မှုတွင် အမေရိကန်နှင့် တရုတ်ကြား ကွဲလွဲနေမှုကို ထိုနေရာတွင်  ဖြေရှင်းနိုင်မည်ဟု မျှော်လင့်လို့ရနေခြင်းဖြစ်သည်။အထူးသဖြင့် တရုတ်နိုင်ငံသည် ရန်လိုသည့်စစ်ပွဲများကို ရှောင်လွှဲပြီး အခြားနိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လာသည့်အခါတိုင်း သံတမန်ရေးရာလမ်းကြောင်းများ ထူထောင်ပြီး စေတနာထား အထူးဂရုစိုက်ဖြေရှင်းလေ့ရှိရာ ကမ္ဘာအတွက် အချို့သောစိန်ခေါ်မှုများကို လာမည့် ဆန်ဖရန်စစ္စကို APEC အစည်းအဝေးတွင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

သို့ဖြစ်ရာ အပြုသဘောဆောင်သော တရုတ်ဦးဆောင်သော အာရှအခန်းကဏ္ဍကြောင့် လာမည့် APEC အစည်းအဝေးတွင် ကမ္ဘာ့ပြဿနာများ မည်မျှအလုပ်ဖြစ်မည်ကို စောင့်ကြည့်ရလိမ့်မည်ဖြစ်သည်။

လင်းသစ်အောင်