【 နိုင်ငံတကာဆောင်းပါး 】 အသက်ကို တန်ဖိုးထားသည့် တရုတ်ကိုဗစ်ပေါ်လစီ အားသာချက်

【 နိုင်ငံတကာဆောင်းပါး 】 အသက်ကို တန်ဖိုးထားသည့် တရုတ်ကိုဗစ်ပေါ်လစီ အားသာချက်

ကပ်ရောဂါဖြစ်ပွားမှု၏ အစောပိုင်းအဆင့်များအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံ၏ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ရှင်းလင်းပြတ်သားသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုအချိန်က ကပ်ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့ပေါ်ရှိ မည်သူမျှ တိတိကျကျ မသိရသေးသောအချိန်ဖြစ်သည်။ ထို ထုတ်ပြန်ကြေညာချက်ကြောင့် ကမ္ဘာ့ကျန်းမာရေးကပ်ဘေးကိုအစောဆုံးခံစားရသည့် တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို  ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ခဲ့ပြီး သေဆုံးသူအရေအတွက် အနည်းဆုံးဖြစ်ခဲ့သည်။ ဘီလျံနှင့်ချီသည့် တိုင်းပြည်လူဦးရေနှင့် စာလျှင် ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ယခုထိတိုင် အံဩဖွယ်ကောင်းအောင် နည်းပါးခဲ့သည့်က ကိုဗစ်သုညဆိုသည် ပေါ်လစီကြောင့်ဖြစ်သည်။  ထို ကိုဗစ်သုညဆိုသည့်ပေါ်လစီမှာ  ဖြစ်သည်နှင့်ထိစပ်သမျှကို ခွဲထားကာ အလျင်အမြန်ကုသသည့် လူအသက်ကိုတန်ဖိုးထားသည့် ပေါ်လစီဖြစ်သဖြင့်  ကမ္ဘာ့နိုင်ငံများအတွက် ဦးဆောင်လမ်းပြဆောင်ရွက်မှုဖြစ်ခဲ့သည်။

ထိုစဉ်က တရုတ်သို့ ရောက်ရှိနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ်အက်ဒဟွန်ဂါဘရီရက်စ် နှင့် တွေ့ဆုံစဉ် သမ္မတရှီ က "လူတို့၏ ဘေးကင်းရေးနှင့် ကျန်းမာရေးသည် အမြဲတမ်း ပထမဖြစ်သည်" ဟု အလေးပေး ပြောကြားခဲ့သည်။ထိုအတိုင်း ကပ်ရောဂါ သုံးနှစ်ကြာသည့်အချိန်တွင် လူဦးရေ တစ်ဘီလီယံကျော်ရှိသည့် တရုတ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၅၂၃၅ နှင့် ကူးစက်ခံရသူ ၃၆၅၃၁၂ ဦး ရှိခဲ့သည်။သို့သော် ထိုသုံးနှစ်တာ ကာလအတွင်း လူအသေအပျောက်များခဲ့သည့် အမေရိကန်၊ဘရာဇီးနှင့် အိန္ဒိယတို့တွင် ဗိုင်းရပ်စ်နှင့်အတူယှဉ်တွဲနေထိုင်သည့် နည်းလမ်းကြောင့် သေဆုံးမှုများပြားခဲ့ရသလားဆိုသည့် ပေါ့ဆမှုကို ဆန်းစစ်ရန် ပျက်ကွက်ခဲ့သည်။ ထိုအကျိုးဆက်ကြောင့် အဆိုပါနိုင်ငံများသည် ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးခဲ့သူများ၏ သားသမီးများ၊ ထိုသူများကို မှီခိုနေရသူများကြောင့် ယခုအခါ မိဘမဲ့နှင့် အားကိုးရာမဲ့အဖြစ် တာဝန်ယူစောင့်ရှောက်ရတော့မည့် ဝန်ထုပ်ဝန်ပိုးကို အဆိုပါနိုင်ငံများ စထမ်းနေရပြီဖြစ် သည်။ 

သုံးနှစ်နီးပါးကြာပြီးနောက် တရုတ်သည် ၎င်း၏ COVID ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် သုံးနှစ်တာကာလအတွင်း တရုတ်သည် ၎င်း၏တုံ့ပြန်မှုကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရန် မကြာသေးမီက ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီး စမ်းသပ်မှု၊ သီးသန့်နေထိုင်မှုနှင့် ခရီးသွားလာမှုဆိုင်ရာ မူဝါဒများကို ချိန်ညှိခဲ့သည်။ထိုသည်က ပြည်သူများလိုအင်ဆန္ဒကိုလိုက်လျောခြင်းဖြစ်ပြီး ဗိုင်းရပ်စ်သက်တမ်းသုံးနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံမှုမှာ တစ်နိုင်ငံလုံးဖြစ်လာခြင်း၊ ထပ်တိုးထိုးနှံသူ ရာခိုင်နှုန်းမြင့်တက်လာခြင်းနှင့် အများပြည်သူများတွင် ခုခံနိုင်သည့် ကိုယ်ခံအားမြင့်တက်လာခြင်းများကြောင့် ဖြစ်သည်။ 

ယခုအခါ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉နှင့် ပတ်သက်ပြီး တင်းကျပ်သည့် မူဝါဒကို အတော်များများလျော့ပေါ့ပေးခဲ့သလို ကမ္ဘာ့နိုင်ငံများနည်းတူ ဗိုင်းရပ်စ်နှင့် အတူယှဉ်တွဲနေထိုင်ရန် ကျန်းမာရေးတာဝန်ရှိသူများနှင့် အာဏာပိုင်များက သတိကြီးကြီးနှင့် ပြင်ဆင်နေပြီဖြစ်သည်။ လူအသက်ကိုတန်ဖိုးထားသဖြင့် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုနှင့် ကန့်သတ်မှုများကို ယခုအခါ လျော့ချခဲ့ပြီဖြစ်ရာ အတော်လေး ပြေလျော့လာပြီ ဖြစ်သည်။

ဥပမာအားဖြင့်၊ အများသူငှာစုဝေးဝင်ထွက်သွားလာ နေရာအများစုသို့ဝင်ရောက်သည့်အခါ PCR စမ်းသပ်မှုများမလိုအပ်တော့ဘဲ၊ အပျော့စား COVID-19 လက္ခဏာများရှိသောလူနာများအနေဖြင့်လည်း ယခုအခါ အိမ်တွင် quarantine ပြုလုပ်နိုင်ပြီဖြစ်သည်။ ထို့ပြင် ကူးစက်မှုအန္တရာယ်များသောနေရာများတွင် ခရီးသွားလာခွင့် ကန့်သတ်ချက်များ (သို့မဟုတ်) လုပ်ငန်းများကို ရပ်ဆိုင်းထားရန် မလိုအပ်တော့ပေ။

ဤပြောင်းလဲမှုများသည် တရုတ်နိုင်ငံတွင် သုံးနှစ်နီးပါး လိုက်နာကျင့်သုံးခဲ့သော ကိုဗစ်-သုည မဟာဗျူဟာမှ သိသာထင်ရှားသော မူဝါဒ အပြောင်းအလဲဖြစ်သည်။ ထိုအပြောင်းအလဲမှာ သုံးနှစ်ကြာ ကိုဗစ်ကူးစက်မှုကို ဖယ်ရှားနိုင်ရန် ကြိုးပမ်းပြီးနောက် နိုင်ငံတွင်း၌ ကူးစက်မှုကို ခုခံရာတွင် ကွဲပြားနေသည်များကို တွေ့နေရကြောင်း ကျန်းမာရေး အာဏာပိုင်များနှင့် ကျွမ်းကျင်သူများက ဆိုသည်။

ပထမဦးစွာ တရုတ်နိုင်ငံတွင် လက်ရှိပျံ့နှံ့နေသော Omicron အမျိုးအစားခွဲများသည် ယခင်မျိုးကွဲများထက် ပိုမိုပျော့ပျောင်းသည်။၎င်းတို့သည် ပိုမိုကူးစက်နိုင်သော်လည်း ပြင်းထန်သော ဖျားနာမှုများကို နည်းပါးစေပြီး လူများ၏ကျန်းမာရေးကို အန္တရာယ်ဖြစ်စေမှုနည်းကြောင်း ကျန်းမာရေးအရာရှိများနှင့် ကျွမ်းကျင်သူများထံမှ သိရသည်။

နောက်ဆုံးပေါ် Omicron အမျိုးအစားခွဲများ ကူးစက်ခံရသူ ၉၉ ရာခိုင်နှုန်းသည် ခုနစ်ရက်မှ ၁၀ ရက် အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့၌ နောက်ဆုံး လှိုင်းလုံးအဖြစ် ကိုဗစ် Omicron ရောဂါကူးစက်ခံရသူ ၁၆၀,၀၀၀ ကျော်ရှိရာတွင် သေဆုံးမှုမရှိခဲ့ခြင်းက ယခင်မျိုးကွဲများနှင့်မတူ သိသာသည့် ကွဲပြားမှုဖြစ်သည်။ ထိုကူးစက်ခံရသူ များ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ရောဂါလက္ခဏာမပြဘဲ (သို့မဟုတ်) အပျော့ စားဖျားနာခြင်းသည်ကိုသာ တွေ့ရသည်။

ဒုတိယအချက်မှာ တရုတ်နိုင်ငံရှိ လူများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး အပြည့်ထိုးထားခြင်းဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များအရ ဆိုပါက ၎င်းတို့အနက် အသက် ၆၀ နှစ်အထက် လူများ၏ ၈၆.၄၂ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ပိုး ပိုမိုခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

ကိုဗစ်ဖြစ်ပွားသည့် သုံးနှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ၏ ကိုဗစ်သုညမူဝါဒမှာ အတိုက်ခိုက်ခံရဆုံးမူဝါဒဖြစ်ခဲ့သည်။ နိုင်ငံသားများအသက်နှင့် စီးပွားရေးလုပ်ငန်းများလည်ပတ်မှုတွင် နိုင်ငံသားများအသက်ကို ဦးစားပေးခဲ့သည့် တရုတ်၏ ကိုဗစ်သုညမူဝါဒမှာ အနောက်နိုင်ငံများ၏ အပြစ်တင်တိုက်ခိုက်မှုရှိခဲ့သော်လည်း မယိမ်းယိုင်ဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ကူးစက်မှုမှန်သမျှကို မပေါ့ဆဘဲ ထိထိရောက်ရောက်ကိုင်တွယ်ခဲ့သလို့ ကူးစက်ရောဂါနှင့် ပတ်သက်လျှင် သတိကြီးခဲ့ပြီး ပြည်ပမှ ဝင်လာသူများကိုလည်း ကူးစက်ရောဂါ ရှိ/မရှိ တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့သဖြင့် ဝေဖန်မှု အတော်ပြင်းထန်ခဲ့သည်။

နိုင်ငံအများအပြားက လွန်ခဲ့သည့်အချိန်က ဗိုင်းရပ်စ်နှင့်နေထိုင်ရန် ရွေးချယ်ခဲ့သောကြောင့် ကြီးကြီးမားမားမူဝါဒပြောင်းရန် အဘယ်ကြောင့် သုံးနှစ်နီးပါးစောင့်ဆိုင်းခဲ့ရသနည်းဆိုသည့် မေးခွန်းများရှိခဲ့သည်။

အမှန်တကယ်တွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ COVID-19 မူဝါဒများကို အလုံးစုံအကဲဖြတ်ပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း ၎င်းကူးစက်မှုကို ဖြတ်ချရန် ပိုမိုတိကျပြီး ပစ်မှတ်ထားစေရန် ၎င်း၏ COVID-19 မူဝါဒများကို တိုးမြင့်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ကိုဗစ်နှင့်ပတ်သက်ပြီး သတိကြီးကြီး ကိုင်တွယ်ခဲ့သောကြောင့် အဖိတ်အစင် နည်းခဲ့သဖြင့် ယခုအချိန်တွင်မိသားစုများ စုံစုံညီညီနေထိုင်ကာ နှစ်သစ်ပွဲတော်ကာလကို သုံးနှစ်တိတိ ဖြတ်သန်းနိုင်ခဲ့သည်။ အသက်ယုတ် လျော့ခြင်းနှင့် စီးပွားရေးယုတ်လျော့ခြင်းတွင် အသက်ယုတ်လျော့ခြင်းကို မရွေးချယ်ခဲ့သဖြင့် ကိုဗစ် ဒယ်လ်တာပြင်းထန်သည့် ၂၀၂၁ခုနှစ်တွင် အိန္ဒိယနှင့် အာရှနိုင်ငံများ အသေအပျောက် ကြောက်ခမန်းလိလိဆိုးဝါးနေချိန်တွင် ထိုသို့သော အခြေအနေကို ရှောင်လွှဲနိုင်ခဲ့သည်မှာ တင်းကျပ်သည့် ကိုဗစ်သုည မူဝါဒကြောင့် ဖြစ်သည်။

ကျန်းမာရေးအာဏာပိုင်များ၏ နောက်ဆုံးပေါ်လစီပြောင်းလဲမှုသည် ကိုဗစ်ကို အနိုင်ယူရန် လူသားတို့၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကိုဗစ်ဖြစ်စဉ် သမိုင်းကို ပြန်ကြည့်လျှင် ကိုဗစ်သုညမူဝါဒကြောင့် အဖိတ်အစင်နည်းခဲ့ရကြောင်းကိုတွေ့ရမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ၀ူဟန် တွင်ဗိုင်းရပ်စ်ကိုတွေ့ရှိပြီး ၎င်းသည် ကူးစက်မှုဖြင့် လူတွေကို ပိုမို သေစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ထို့နောက် အစိုးရက ပြတ်ပြတ်သားသား ရဲရဲတင်းတင်း ဆုံးဖြတ်ပြီး မြို့တွင်း အဝင်အထွက်တွေကို ပိတ်ချခဲ့သည်။ ဝူဟန်တွင်  ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ တရုတ်နိုင်ငံက သုံးလလောက် အချိန်ယူခဲ့ရပြီး နိုင်ငံရဲ့ တခြားနေရာတွေဆီ ပြန့်ပွားကူးစက်လာသည်ကို ရပ်တန့်ခဲ့သည်။ ထို့နောက်  တရုတ်နိုင်ငံရှိ လူပေါင်း ၁.၄ ဘီလီယံ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်ရန် COVID Zero မူဝါဒအတိုင်း ဒေသတွင်း ဖြစ်ပွားမှု ၁၀၀ ကျော်ကို လျင်မြန်စွာတုံ့ပြန်ခဲ့သည်။

တစ်ချိန်တည်းတွင် အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံခြင်းအား တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးများက သေဆုံးမှုနှင့် ပြင်းထန်သောရောဂါဖြစ်ပွားမှုများကို ကာကွယ်ရာတွင် ထိရောက်မှုရှိကြောင်း သက်သေပြခဲ့သည်။

ထိုသို့မဆုတ်မနစ်သောကြိုးပမ်းမှုများကြောင့် နိုင်ငံသည် ၎င်း၏ COVID-19 ကြောင့် သေဆုံးသူ ၅,၂၃၅ ဦးအထိ ရှိခဲ့သည်။ကိုဗစ်ဗိုင်းရပ်စ်သည် Alpha မှ Beta မှ Delta သို့ အဆက်မပြတ်ပြောင်းလဲနေပြီး ယခုအခါ Omicron တွင်  ကမ္ဘာလုံးဆိုင်ရာသေဆုံးမှုနှုန်းမှာ ကျဆင်းသွားခဲ့သည်။သို့သော်ထိုသို့သော အဆင့်က လွန်ခဲ့သော သုံးနှစ်အတွင်း တဖြည်းဖြည်းပြောင်းလဲလာသည့် ဖြစ်စဉ်တစ်ခုသာဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် ကာလတူကာလအတွင်း လူပေါင်း ၆.၆၅ သန်းကျော်သည် ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေသည် ၆၅၃သန်းကျော်သွားပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ အပေါများဆုံး ကမ္ဘာ့အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သော အမေရိကန်တွင် လူပေါင်း ၁.၁၀၉ သန်းကျော် ဗိုင်းရပ်စ်ကြောင့် သေဆုံးပြီး ၁၀၁ သန်းကျော်ကူးစက်ခံခဲ့ရသည်။ အမေရိကန်နိုင်ငံ၏ လူဦးရေထက် လေးဆကျော်ရှိသော တရုတ်နိုင်ငံ၊ ခေတ်မီဆန်းသစ်သော ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အဦများရှိသော တရုတ်နိုင်ငံသည် ယခင်က အမေရိကန်ကဲ့သို့ COVID တိုက်ဖျက်ရေးမူဝါဒကို လက်ခံကျင့်သုံးမည်ကို စိတ်ကူးကြည့်ပါက  သန်းပေါင်းများစွာသော အသက်အန္တရာယ်ကို ကျရောက်စေလိမ့်မည်ဖြစ်သည်။

တရုတ်အစိုးရသည် ၎င်း၏ COVID မူဝါဒများကို ချမှတ်ရာတွင် ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို အဓိက ဦးစားပေး လုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

 

လင်းသစ်အောင်