【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်၏ ကန့်သတ်မှုတွေက တရုတ်ကို ချည့်နဲ့စေပါ့မလား

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်၏ ကန့်သတ်မှုတွေက တရုတ်ကို ချည့်နဲ့စေပါ့မလား

ယူကရိန်းနှင့် ပါလက်စတိုင်းတွင် မဟာမိတ်များကို စစ်လက်နက်နှင့် ဘဏ္ဍာရေး ထောက်ပံ့နေရသည့် အမေရိကန်သည် အာရှ-ပစိဖိတ်တွင်လည်း တရုတ်နှင့် တင်းမာမှုမြင့်တက်နေသည်။
 
မကြာသေးသည့်ရက်ပိုင်းက အဆင့်မြင့် ကွန်ပျူတာချစ်ပ်များနှင့် ၎င်းတို့ကိုထုတ်လုပ်သည့် ကိရိယာများနှင့်ပတ်သက်ပြီး ပို့ကုန်ထိန်းချုပ်မှုကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက ထပ်တိုးချဲ့ကန့်သတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
 
အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်သည့် အဆိုပါကန့်သတ်မှုတိုးမြင့်ချက်တွင် ထိုသို့တင်းကျပ်မှု အဆင့်မြှင့်တင်ခြင်းမှာ အဆိုပါလုပ်ငန်းများနှင့် တိုင်ပင်ကာ နည်းပညာလေ့လာမှု ပြုလုပ်ပြီးမှ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကာ သက်ဆိုင်ရာနိုင်ငံများက တရုတ်နိုင်ငံသို့ ချစ်ပ်များ တင်ပို့ခြင်းကို တားဆီးရန်အတွက် တင်ပို့သည့် နိုင်ငံတိုင်းကို အရေးယူနိုင်ရန်ဖြစ်ကြောင်း ရည်ရွယ်ရင်းကို ဖော်ပြခဲ့သည်။
 
အဆိုပါကန့်သတ်ချက်များသည် အသံထက်မြန်သည့်ဒုံးကျည်များနှင့် ဉာဏ်ရည်တု ထုတ်လုပ်ခြင်းတွင် သုံးသည့် ချစ်ပ်များကိုထုတ်လုပ်ပြီး စစ်ရေးအသုံးပြုမှုများ မလုပ်ဆောင်ရန်အတွက် ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန် ထိန်းချုပ်ခဲ့ပြီးနောက် ယခုတစ်ဖန် ထပ်တိုးမြှင့်လိုက်ခြင်းဖြစ်ရာ ရက်ပိုင်းအတွင်း နှစ်ဘက်တာဝန်ရှိသူများ ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် ကြိုးစားလုပ်ဆောင်ခဲ့မှုကို ပြက်ရယ်ပြုသလိုပင် ဖြစ်လေသည်။
 
တရုတ်နိုင်ငံ၏ တိုးတက်မှုတွင် နည်းပညာသည် အဓိကကျသည့်နေရာမှာရှိသဖြင့် နည်းပညာဆိုင်ရာ ကန့်သတ်မှုဖြင့် အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို ပုံစံတစ်မျိုးဖြင့် စနေသည်ဆိုသည့် ယူဆချက်မှာ ဘိုင်ဒင်မတိုင်ခင်က ထရမ့်အုပ်ချုပ်ရေးအဖွဲ့လက်ထက်ကတည်းက ယူဆထားခြင်းရှိသည်။
 
ဘိုင်ဒင်လက်ထက်တွင် တရုတ်နှင့် အမေရိကန်အကြား ကဏ္ဍစုံတွင် ပွတ်တိုက်မှု ပိုများလာသည်။ဘိုင်ဒင်အစိုးရလက်ထက်တွင် အမေရိကန်၏ မဟာဗျူဟာကျသည့် ပြိုင်ဘက်သည် ရုရှားအစား တရုတ်ဖြစ်လာသည့်အခါ ထိုပွတ်တိုက်မှုသည် ယခင်ခေတ်ကာလနှင့်မတူပို၍ပြင်းထန်လာသည်။ထိုသည်ကို ကန့်သတ်မှုများနှင့် အာရှ-ပစိဖိတ် တင်းမာမှုများကို ကြည့်ပါက မြင်နိုင်သည်။
 
သို့သော် ယခုချိန်ထိ ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့၏ တရုတ်စီးပွားရေး ချိနဲ့လာစေရန် လုပ်ဆောင်ချက်များမှာ အလုပ်မဖြစ်သေးကြောင်းကို တွေ့ရမည်ဖြစ်သည်။
 
အမေရိကန်၏ နောက်ဆုံးကန့်သတ်ချက်နယ်ပယ်ကို တိုးမြှင့်လိုက်ခြင်းသည် အဓိကအားဖြင့် တရုတ်နည်းပညာကုမ္ပဏီများ လိုအပ်သည့် ချစ်ပ်ပြားများကို တတိယကြားခံနိုင်ငံနှင့်ပတ်သက်ဆက်နွယ်သည့် နိုင်ငံများကိုထည့်သွင်းလိုက်ချင်းဖြစ်ရာ အတော်လေးကျယ်ပြန်သည့် သဘောဖြစ်သည်။အထူးသဖြင့် တရုတ်စမတ်ဖုန်းထုတ်လုပ်ခြင်းကို အဓိကထားဟန်ရှိသည်။
 
ယခုနှစ် ဒုတိယသုံးလပတ်တွင် တရုတ်၏ ပြည်ပသို့ စမတ်ဖုန်းရောင်းချရမှုသည် ၆၅.၇ သန်းရှိကြောင်း နည်းပညာသုတေသနကုမ္ပဏီ IDC မှ ထုတ်ပြန်ခဲ့သည်။ထိုထဲတွင် ထိပ်တန်းရောင်းချရမှု ၅ ခုထဲတွင် အမေရိကန်က BlackList ထည့်သွင်းခံထားရသော Huawei ပါဝင်သည်။ထိုသည်ကိုကြည့်ပါက အမေရိကန်၏ နည်းပညာကန့်သတ်မှုသည် အလုပ်ဖြစ်ဟန်မတူကို ပြသနေသည်။
 
အမေရိကန်ဘက်က တရုတ်အပေါ် နိုင်ငံရေးနှင့် ဆက်နွယ်ကာ မကြာခဏဆိုသလို ကန့်သတ်မှု့များ၊ ပိတ်ဆို့မှုများက တရုတ်၏ ပုံမှန်ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာသုတေသနကို ကြာလာလျှင် အနည်းနှင့် အများဆိုသလို ထိခိုက်လာနိုင်ခြေရှိသည်။ထို့အတွက် တရုတ်ဘက်က ပြင်ဆင်လာသည်ကိုတွေ့နေရပြီး ပြီးခဲ့သည့် BRI ၁၀ နှစ်ပြည့်ဖိုရမ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က လာမည့်ဆယ်နှစ်အတွက် ချမှတ်သည့် အချက် ၈ ချက်တွင် ထိုနည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အချက်တစ်ချက်ကို ထည့်သွင်းဖော်ပြထားသည် ကို တွေ့ရသည်။
 
ထိုသည်မှာ ၅ ခုမြောက်အချက်တွင် ဖော်ပြထားသည့် “သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်း” ဖြစ်သည်။ထိုဖော်ပြချက်တွင် အနာဂတ် ၅ နှစ်အတွင်း ဘက်အသီးသီးနဲ့ အတူတည်ဆောက်တဲ့ ပူးတွဲဓာတ်ခွဲခန်း အရေအတွက်ကို ၁၀၀ ခုအထိ တိုးချဲ့ပြီး နိုင်ငံအသီးသီးမှ လူငယ်သိပ္ပံပညာရှင်များ တရုတ်နိုင်ငံကို ကာလတိုလာရောက် အလုပ် လုပ်ကိုင်ရန် အားပေးခြင်း ဖြစ်သည်။
 
ကမ္ဘာအရပ်ရပ်မှ ထူးချွန်သော လူငယ်သိပ္ပံပညာရှင်များကို ကာလတိုလာရောက်လုပ်ကိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းက ပြည်တွင်းပညာရှင်များဖြင့် အရှိန်ကောင်းနေသည့် တရုတ်၏ သိပ္ပံနည်းပညာနယ်ပယ်ကို ကြီးကြီးမားမား သက်ရောက်အကျိုးရှိစေနိုင်ခြင်းဖြစ်သည်။ထိုသို့အရွေ့တစ်ခုက နည်းပညာဆိုင်ရာတွင် ယခုထက် ပိုရှေ့တန်း ရောက်လာစေမည်ဖြစ်ရာ အမေရိကန်၏ နည်းပညာကန့်သတ်ခြင်း ရည်ရွယ်ချက်ကို အခက်အခဲဖြစ်စေမည်ဖြစ်သည်။
 
အမေရိကန်၏ ကန့်သတ်မှုသည် တရုတ်စီးပွားရေးအပေါ် သက်ရောက်မှု ရှိ၊ မရှိကို ယခုနှစ်အတွင်း တရုတ်အမျိုးသားစာရင်းအင်း ထုတ်ပြန်ချက်ကိုကြည့်လျှင် သိနိုင်သည်။
 
အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ယခုနှစ် ပထမ ၉ လအတွင်းတွင် တရုတ်နိုင်ငံ၏ သွင်းကုန်၊ ပို့ကုန် စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၃၀,၈၀၀ ရှိပြီး တိုးတက်နှုန်းမှာ ယမန်နှစ် အလားတူကာလနှင့် အတူတူပင်ဖြစ်သည်။ယခုနှစ် ပထမ ၉ လအတွင်းတွင် တရုတ်နိုင်ငံ၏ ခရီးသည်တင်လျှပ်စစ်မော်တော်ကား၊ လီသီယမ်ဘက်ထရီနှင့် ဆိုလာဆဲလ်တို့၏ စုစုပေါင်းပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ၇၉၈.၉၉ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် ၄၁.၇ ရာခိုင်နှုန်း တိုးလာသည်။ပဏာမတွက်ချက်မှုစာရင်းအရ ၂၀၂၃ ခုနှစ် ပထမ ၉ လပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှုစုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၉၁၃၀၂.၇ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၅.၂ရာခိုင်နှုန်း တိုးလာသည်။
 
ထိုသို့ကဏ္ဍများတွင်သာ အရှိန်မှန်မှန်သွားနေခြင်းမဟုတ်သေး။ပြည်တွင်းစားသုံးမှုနှုန်းကလည်း ကောင်းနေသေးသည်။ ၂၀၂၃ ခုနှစ် ပထမ ၉ လပိုင်းတွင် တရုတ်နိုင်ငံ၏ လူမှုစားသုံးကုန် လက်လီရောင်းချမှု စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ၃၄၂၁၀.၇ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၆.၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။
 
တရုတ်အပေါ် နည်းပညာအရ ကန့်သတ်ခြင်းသည့် အမေရိကန်အတွက် အသွားနှစ်ဖက်ပါသော ဓားနှင့် တူပေသည်။ကြီးမားသော တရုတ်စျေးကွက်ကို လက်လွှတ်လိုက်ရသဖြင့် တစ်ဖန်ပြန်ရဖို့ မလွယ်ပေ။ထို့အတွက် တရုတ်အစိုးရက ပြည်တွင်းကုမ္ပဏီများကို ထိုနေရာများတွင် ဝင်နိုင်ရန် ကမကထပြုနေရာ တရုတ်နည်းပညာကုမ္ပဏီများအတွက် ကြီးမားသော အခွင့်အလမ်းဖြစ်လာသည်။
 
တားမြစ်ထားသော ချစ်ပ်နှင့် ထုတ်လုပ်သော စက်ဆိုင်ရာ အရောင်းအ၀ယ်အားလုံးကို စစ်ရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အသုံးချမှုများတွင် အာရုံစိုက်ထားမည်ဟု ယူဆရသော်လည်း ပြဿနာမှာ နည်းပညာများ၏ အခြေတည်သော သဘောသဘာဝအရ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာသက်သက်ခြားနားမှုကို ရယူခြင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် အမေရိကန်အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ထောက်ပြထား သည်ကို တွေ့ရသည်။
 
အမေရိကန်အနေဖြင့် တရုတ်ကို အင်အားချိနဲ့စေရန် လုပ်ဆောင်မှုမှန်သမျှသည် ကြီးမားပြီး အမြတ်အစွန်းသေချာသည့် တရုတ်စျေးကွက်အတွင်းမှ အမေရိကန်ကုမ္ပဏီများကို ဖယ်ထုတ်ခြင်းသာဖြစ်နေသဖြင့် အမေရိကန်ကုမ္ပဏီကြီးများကို ထိခိုက်စေခြင်းဖြစ်သည်။ထို့ကြောင့်လည်း အမေရိကန်အစိုးရမူဝါဒနှင့် အမေရိကန် လုပ်ငန်းရှင်များကြား ကွာဟချက်သည် မကြာခဏဆိုသလို ဝိရောဓိဖြစ်နေခဲ့သည်။
 
တရုတ်ပြည်တွင်းရင်းနှီးမြုပ်နှံမှုမှ ထွက်ခွာရန် ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးမှုပြင်းထန်ခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းမှာပင် တရုတ်နိုင်ငံသို့ Tesla၊ JP Morgan Chase၊ Apple၊ Qualcomm စသည့် အမေရိကန်အခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီးများမှ ထိပ်တန်းတာဝန်ရှိသူများ တရုတ်သို့လာရောက်ကာ လုပ်ငန်းတိုးချဲ့ရန်နှင့် လည်ပတ်မှုအရှိန်ကောင်းရန် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။
 
အမေရိကန်နှင့် တရုတ်တို့ကြား ကြီးမားသော ပါဝါပြိုင်ဆိုင်မှုသည် ကမ္ဘာ့နေရာဒေသများနှင့် ဆိုင်ရာ ကဏ္ဍနယ်ပယ်များတွင် ပြိုင်ဆိုင်မှုအဖြစ် တည်ရှိနေသောကြောင့် မကြာခဏဆိုသလို တင်းမာမှုကရှိနေဦးမည်ဖြစ်သည်။သို့သော် ကြီးမားသည် တရုတ်စီးပွားရေးနှင့် နည်းပညာတိုးတက်လာမှုကို အင်အားချိနဲ့စေရန် လုပ် ဆောင်မှုသည် တရုတ်အာဏာပိုင်များ၏ စီမံမှုနှင့် ကြိုတင်လုပ်ဆောင်မှုများကြောင့် အလုပ်ဖြစ်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။
 
ထို့ကြောင့်လည်း BRI ဖိုရမ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “သူတစ်ပါးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်မှုလို သဘောထားပြီး စီးပွားရေးအရ အပြန်အလှန်မှီခိုရမှုကို အန္တရာယ်လို့ ယူဆရင် ကိုယ်တိုင်ကလည်း ပိုမိုကောင်းမွန်လာမှာမဟုတ်သလို ဖွံ့ဖြိုးတိုးတက်မှုလည်း မြန်ဆန်လာမှာမဟုတ်ပါဘူး” ဟု ပြောခဲ့ခြင်းဖြစ်ပေသည်။
 
လင်းသစ်အောင်