【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်စစ်တပ်၏ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်စစ်တပ်၏ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု

အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲသည် ပြီးဆုံးခဲ့သည်။နောက်ဆုံးသော အမေရိကန်စစ်လေယာဉ် ကဘူးလ်မြို့မှ ပျံတက်သွားချိန်တွင် ပူပန်ပြင်းပြနေသော အာဖဂန်ပြည်သူများကိုသာမကဘဲ စစ်ပွဲဒဏ်ခံနိုင်ငံတွင် နှစ်ပေါင်း ၂၀ နီးပါးကြာသော စစ်ပွဲနှင့်သက်ဆိုင်သည့် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုများစွာကိုလည်း ချန်ထားရစ်ခဲ့သည်။

အမေရိကန်သည် နောက်ဆုံးအကြိမ် စစ်ဆုတ်ခွာရာတွင် သယ်ဆောင်ယူ၍မရသော ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသော စစ်တပ်အသုံးအဆောင်များကို မီးရှို့ဖျက်စီးပစ်ခဲ့သည်။ထိုအထဲတွင် ယာဉ်ပေါင်း ၇၅၀၀၀ စင်း၊ လေယာဉ်နှင့် ရဟတ်ယာဉ်ပေါင်း အစင်း ၂၀၀ နှင့် အသေးစားနှင့် အပေါ့စား လက်နက်ပေါင်း ၆၀၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်ရေတပ် အရန်တပ်ဖွဲ့ဝင်ဟောင်း ဂျင်း ဘန့်စ်ရဲ့ အဆိုအရ သိရသည်။

အာဖဂန်နစ္စတန်ရှိ အမေရိကန်၏ အဓိကအခြေစိုက်စခန်းဖြစ်သော ဘာဂရမ်လေတပ်စခန်းသည် တစ်ညတည်း၌ပင် အကြီးဆုံးအမှိုက်ပုံကြီးဖြစ်သွားခဲ့သည်။

ထိုစစ်တပ်သုံး လက်နက်များသည် လောင်စာဆီကို အလွန်အကျွံလိုအပ်နေပြီး လေထုညစ်ညမ်းမှုနှင့် အဆိပ်အတောက်အမှုန်များကို ထုတ်လုပ်နေသည်ဆိုတာကို မမေ့ရန် လိုအပ်သည်။အမေရိကန်၏ စစ်ပွဲဆိုင်ရာ ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုများသည် ကမ္ဘာ့အနှံ့ ပျံ့နှံ့နေသည်။စစ်အေးတိုက်ပွဲပြီးဆုံးချိန်ကတည်းက အမေရိကန်သည် ဒေသတွင်းစစ်ပွဲ အနည်းဆုံး ငါးခုကို စတင်ခဲ့သည်။၎င်းတို့မှာ ပင်လယ်ကွေ့စစ်ပွဲ၊ ကိုဆိုဗိုစစ်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲ၊ အီရတ်စစ်ပွဲနှင့် ဆီးရီးယားစစ်ပွဲတို့ဖြစ်ပြီး ထိုစစ်ပွဲများသည် ရာသီဥတုပြောင်းလဲခြင်းအတွက် အချိုးအစားမညီသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

စစ်ပွဲ၏တန်ကြေးများ စီမံကိန်းကို ပူးပေါင်းတည်ထောင်သူဖြစ်ပြီး ဘိုစတွန်တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာနတွင် ဌာနမှူးအဖြစ်ဆောင်ရွက်နေသူ နက်တာ စီ ခရောဖော့ဒ်၏ အဆိုအရ အာဖဂ္ဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့် ဆီးရီးယားတို့၏ အဓိကစစ်ပွဲနေရာများတွင် ပြည်ပအရေးပေါ် စစ်ဆင်ရေးများအပါအဝင် အမေရိကန်၏ စစ်ပွဲနှင့်ဆက်နွယ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏသည် ၂၀၀၁ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်ကြားတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု မက်ထရစ်တန်ချိန် သန်း ၄၀၀ ရှိခဲ့ကြောင်း သိရသည်။  

ဇန်နဝါရီလ ၂၀၁၇ ခုနှစ်တွင် မစ်ဆိုရီပြည်နယ်ရှိ ဝှိုက်မန်းလေတပ်အခြေဆိုက်စခန်းမှ B-2B ဗုံးကြဲလေယာဉ်နှစ်စင်းနှင့် လောင်စာဆီဖြည့် လေယာဉ် ၁၅ စင်းတို့သည် လစ်ဗျားရှိ အိုင်အက်စ် အိုင်အယ်လ်များကို ဗုံးကြဲရန် မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော် ပျံသန်းခဲ့သည်။လောင်စာဆီဖြည့် လေယာဉ်များ၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို မထည့်တွက်သေးဘဲ လေတပ်အခြေဆိုက်စခန်းမှ B-2B ဗုံးကြဲလေယာဉ်နှစ်စင်းဖြင့်ပင် ဖန်လုံအိမ်ဓာတ်ငွေ့ပေါင်း မက်ထရစ်တန်ချိန် ၁ ထောင်ခန့် ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ပိုမိုပြီး စိုးရိမ်ဖွယ်ဖြစ်သည်မှာ အမေရိကန်စစ်တပ်၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဖြစ်သည်။အမေရိကန်စစ်တပ်ကို ထိန်းချုပ်သော ပင်တဂွန်စစ်ဌာနချုပ်သည် ကမ္ဘာ့ထိပ်တန်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည်။စစ်ပွဲ၏တန်ကြေးများ စီမံကိန်း၏ အဆိုအရ အမေရိကန်စစ်တပ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့ပေါင်း ၁.၂ ဘီလီယံ ထုတ်လွှတ်ခဲ့ပြီး ထိုပမာဏသည် တစ်နှစ်ကျော်ကာလအတွင်းတွင် ခရီးသည်တင်ယာဉ်ပေါင်း ၂၂၅ သန်းကို မောင်းနှင်ရာမှ ထွက်ရှိလာသောပမာဏဖြစ်သည်။

၂၀၁၇ ခုနှစ် တစ်နှစ်တည်းတွင်ပင် ပင်တဂွန်စစ်ဌာနချုပ်သည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နှင့် အခြားသော ဖန်လုံအိမ်ဓာတ်ငွေ့ပေါင်း မက်ထရစ်တန် ၅၉ သန်းကို ထုတ်လွှတ်ခဲ့ပြီး ဆွီဒင်နှင့် ဒိန်းမတ်ကဲ့သို့သော အလယ်အလတ်အရွယ်အစားရှိ နိုင်ငံများ၏ ထုတ်လွှတ်မှုထက် ပိုများခဲ့သည်။စစ်ဌာနချုပ်သည် နိုင်ငံတစ်ခုသာဖြစ်ပါက ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုအများဆုံး နိုင်ငံများတွင် နံပါတ် ၅၅ နေရာတွင် ရပ်တည်နေနိုင်သည်။

အာဖဂန်နစ္စတန်စစ်ပွဲ၏ တန်ကြေးများဖြစ်သော လူ့အသက်များ၊ ငွေကြေးနှင့် ရုပ်ပစ္စည်းဆိုင်ရာဆုံးရှုံးမှုများကို တွက်ချက်နေချိန်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တန်ကြေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းကိုတိုက်ခိုက်ရန် ကတိကဝတ်အသစ်များပေးခဲ့ပြီး အမေရိကန်ကို ရာသီဥတုဆိုင်ရာလှုပ်ရှားမှုတွင် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်အဖြစ် သတ်မှတ်နိုင်ရန် လုပ်ဆောင်မည်ဆိုသော်လည်း အမေရိကန်သည် အခြားသော ကမ္ဘာ့နိုင်ငံများထက် စစ်ဘက်ဆိုင်ရာအသုံးစရိတ်ပိုများပြီး ရုရှားနှင့် တရုတ်တို့၏ စစ်ဘက်ဆိုင်ရာအသုံးစရိတ် စုစုပေါင်းထက်ပင် ပိုများနိုင်သည်။

ပင်တဂွန်စစ်ဌာနချုပ်သည် နှစ်ပေါင်းများစွာအတွင်းတွင် စွမ်းအင်ခံနိုင်ရည်နှင့် ထိန်းသိမ်းရေးကို အလေးထားခဲ့သော်လည်း အမေရိကန်သည် ပြည်ပစစ်ရေးလေ့ကျင့်ခြင်းများအတွက် ချိန်ဆခဲ့ခြင်းမရှိခဲ့ပေ။ပြီးခဲ့သောအပတ်တွင် အမေရိကန်ရေတပ်သည် ၂၀၂၁ ခုနှစ်၏ အကြီးစားစစ်ရေးလေ့ကျင့်ခြင်းကို အပြီးသတ်ခဲ့ပြီး ထိုလေ့ကျင့်ရေးသည် စစ်ပွဲကာလအပြီးမှစတင်ပြီး အကြီးဆုံးဖြစ်ကာ ပါဝင်ဆင်နွှဲသူပေါင်း ၂၅,၀၀၀ နှင့် ကမ္ဘာလုံးဆိုင်ရာ အချိန်ဇုန် ၁၇ ခုနှစ်ကို ပေါင်းစပ်ပြီး အတ္တလန္တိတ်နှင့် ပစိဖိတ် အခြေစိုက်စခန်းများတစ်လျှောက် စစ်ဆင်ရေးများ ပါဝင်ခဲ့သည်။ထိုလေ့ကျင့်ခြင်းမှ ညစ်ညမ်းသော ဖန်လုံအိမ်ဓာတ်ငွေ့များ များစွာထုတ်လွှတ်မည်မှာ သေချာသောအချက်ပင်ဖြစ်သည်။

ထိုအချက်ကိုမှတ်ထားပြီး ရာသီဥတုပြောင်းလဲခြင်း ပြဿနာနှင့်ပတ်သတ်လာလျှင် အမေရိကန်အနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ လွှမ်းမိုးမှုကို ခိုင်မာစွာပြောဆိုနိုင်ခွင့်မရှိကြောင်း ပြောနိုင်သည်။

ဝါရှင်တန်အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းကို တိုက်ခိုက်ရာမှာ အမှန်တကယ် ပြန်လည်ပါဝင်လိုလျှင် ရန်လိုသောအပြုအမူကို ထိန်းချုပ်ပြီး မလိုလားအပ်သော မတရားစစ်ပွဲများ စတင်ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လုပ်နေမှုကို ရပ်တန့်ရမည်ဖြစ်သည်။ထိုသို့ပြုလုပ်ပါက အပူချိန်တိုးမြင့်မှုကို ၂ ဒီဂရီဆဲလ်ဆီးယပ်စ် သို့မဟုတ် ထို့ထက်နည်းအောင် ကန့်သတ်မည့် ကမ္ဘာလုံးဆိုင်ရာပန်းတိုင်ကိုရောက်ရှိရန် ကူညီနိုင်မည်ဖြစ်သည်။

(အယ်ဒီတာမှတ်ချက်။ ရှင်ပင်းသည် နိုင်ငံတကာအရေးကိစ္စများဆိုင်ရာ ဝေဖန်သူဖြစ်ပြီး CGTN ၊ Global Times ၊ China Daily စသော သတင်းဌာနများအတွက် ပုံမှန်ရေးသားနေသူဖြစ်သည်။ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး CGTN သတင်းဌာန၏ အမြင်ကို ကိုယ်စားမပြုပါ။)

Linko
Ref : Carbon footprint of the U.S. military : Incredibly dirty business : CGTN
စက်တင်ဘာ - ၁၀