【 နိုင်ငံတကာဆောင်းပါး 】 အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပေါ် ထိုးထွင်းသိမြင်မှု သုံးခု

【 နိုင်ငံတကာဆောင်းပါး 】 အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအပေါ် ထိုးထွင်းသိမြင်မှု သုံးခု

စစ်ပွဲအားလုံးတွင် နိုင်ငံရေးနိဂုံးရှိသောကြောင့် စစ်ပွဲအားလုံးသည် အနိုင်ရရေး ဇာတ်ကြောင်းပုံဖော်ခြင်းများသာဖြစ်သည်။

ယခုအခါ ထိုအချက်ကို လက်ရှိ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခတွင် မြင်နိုင်သည်။

ဟားမတ်စ်အဖွဲ့က မြေပြင်မှ ရုတ်တရုတ်တိုက်ခိုက်ခြင်းကို လူမှုကွန်ရက်တွင်ပြုလုပ်သည့် ဇာတ်ကြောင်းဖော်ဆောင်မှု စစ်ရေးနှင့် အနီးကပ် ချိန်ညှိလုပ်ဆောင်သည်။ထိုတိုက်ခိုက်မှုကို စတူဒီယိုတွင် ရိုက်ကူးသည့်အတိုင်း အရည်အသွေးမြင့် တိုက်ရိုက်လွှင့်ခြင်းက စစ်ရေး၏ ပကတိအခြေအနေကို ဖော်ပြနေသည်။ဒစ်ဂျစ်တယ်နယ်ပယ်တွင် မည်သူနိုင်သနည်း (သို့မဟုတ်) ထိုထက်ပိုမိုအရေးကြီးသည်မှာ ဇာတ်ကြောင်းဖော်ရာတွင် မည်သူနိုင်သနည်းဆိုသည့် မေးခွန်းသာဖြစ်သည်။

စာရေးသူသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့်ပတ်သက်သည့် အဓိကစကားလုံးအမျိုးမျိုးနှင့် ဟက်ရှ်တက် သင်္ကေတပါ စာများကို ဒစ်ဂျစ်တယ်နည်းပညာအရ သရုပ်ခွဲရန် အထူးတည်ဆောက်ထားသည့် ပလက်ဖောင်းဖြင့် ရေးသားဖော်ပြချက် ၄၆၇,၀၀၀ ခုကို သရုပ်ခွဲလေ့လာသည်။ရရှိသော အချက်အလက်များက ဇာတ်ကြောင်းဖော်ဆောင်မှု စစ်ရေး၊ ပါဝင်သော ဇာတ်ဆောင်များ၊ သိမ်မွေ့သော ပထဝီနိုင်ငံရေးအုပ်ဖွဲ့မှုများနှင့် ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် ဟန်ရေးပြမှုများ၏ တုန်လှုပ်စရာကောင်းသည့် အတွင်းသရုပ်များကို ဖော်ပြသည်။ထိုပဋိပက္ခနှင့်ပတ်သက်ပြီး နက်ရှိုင်းသည့် အတွင်း သရုပ် ၃ ခုပေးသည် ဒစ်ဂျစ်တယ် အပြုအမူကိုလေ့လာရန် စာရေးသူသည် #PalestineUnderAttack, #GazaUnderAttack, #IsraelUnderAttack, and #IStandWithIsrael စသည့် ဟက်ရှ်တက် ၄ ခုကို အသေးစိတ် လေ့လာသည်။

ပထမ အတွင်းသရုပ်မှာ ဒစ်ဂျစ်တယ်နယ်ပယ်ကို လွှမ်းမိုးရန် စစ်ပွဲဖြစ်သည်။အစ္စရေးဘက်က တုံ့ပြန်ရန် အချိန်ယူရသောကြောင့် ပါလက်စတိုင်းတို့က တိုက်ခိုက်မှုအစောပိုင်းနာရီများတွင် ဒစ်ဂျယ်တယ်နယ်ပယ်ကို လွှမ်းမိုးထားသည်။ထိုသို့ဖြစ်ရခြင်းမှာ အစ္စရေးသည် အငိုက်မိသွားသောကြောင့်ဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုကို ကာကွယ်ရေးနင့် တုန်လှုပ်မှုမှ နာလန်ထရေးကိုသာ ဦးစားပေးနေရပြီး သတင်းအချက်အလက်နှင့် ဒစ်ဂျစ်တယ်စစ်ရေးကို မကိုင်တွယ်နိုင်သေးပေ။

သို့သော် အနောက်မီဒီယာများ၊ တစ်ကမ္ဘာလုံးမှ နိုင်ငံရေးဇာတ်ကောင်များ၊ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများက အစ္စရေးကို ပြတ်ပြတ်သားသား ထောက်ခံသောအခါ ထိုအခြေအနေသည် ပြောင်းလဲသွားကာ ကိန်းဂဏန်းများ ပြောင်းလဲလာသည်ကို တွေ့ရသည်။

ထိုတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်နှင့် ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဇာတ်ကြောင်းပုံဖော်ခြင်းသည် ဒစ်ဂျစ်တယ်နယ်ပယ်တွင် ပါလက်စတိုင်းကို ထောက်ခံသည့် ပါလက်စတိုင်းလိုလားသူများနှင့် ကြားနေသူများအတွက် နေရာကို သိသိသာသာ လျော့နည်းသွားစေသည်။

သုံးရက်ကြာသောအခါ ပါလက်စတိုင်းနှင့် အစ္စရေးတို့သည် ဒစ်ဂျစ်တယ်နယ်ပယ်တွင် အညီအမျှ လွှမ်းမိုးနေပြီး #IsraelUnderAttack နှင့် #GazaUnderAttack ဟက်ရှ်တက်များအောက်တွင်သာ အားပြိုင်နေသည်။ထိုအခြေအနေသည် အစောပိုင်းက ပါလက်စတိုင်းလိုလားသည့် စိတ်ဓာတ်များ လွှမ်းမိုးသည့် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။သို့သော် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်နေသောအခါ ထိုနယ်ပယ်တွင် ပါလက်စတိုင်းဘက်က လွှမ်းမိုးလာသည်။လတ်တလောအချိန်တွင် အထက်ပါ ဟက်ရှ်တက် ၂ ခုအောက်တွင် ပါလက်စတိုင်းက အစ္စရေးထက် ဒစ်ဂျစ်နယ်ပယ် လွှမ်းမိုးမှု ၃ ဆ ပိုမိုရနေသည်။

ဒုတိယအရေးပါသည့် အတွင်းသရုပ်မှာ လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်သည့် ဇာတ်ကြောင်းဖော်မှု အစုအဝေးများဖြစ်သည်။စာရေးသူသည် ဇာတ်ကြောင်းအမျိုးမျိုးကို ရှာဖွေဖော်ထုတ် သရုပ်ခွဲရန် အထက်ဖော်ပြပါ ဟက်ရှ်တက် ၂ ခုအောက်မှ လူမှုကွန်ရက်အချက်အလက်များကို သရုပ်ခွဲရန်နှင့် ၇ ရက်တာကာလအတွင်း ဖြစ်ပေါ်လာသည့် ၎င်းတို့၏လမ်းကြောင်းများကို လေ့လာရန် Large Language Models  စနစ်ကို အသုံးပြုသည်။ဒစ်ဂျစ်တယ် စစ်ရေးကို ၈ နှစ်ကြာ လေ့လာခဲ့သောကြောင့် ယခုပဋိပက္ခ၏ ထူးခြားချက်မှာ ဇာတ်ကြောင်းပုံဖော်မှုများသည် ၎င်းတို့ကို လူသားများက သရုပ်ခွဲနိုင်သည့် စွမ်းရည်ထက် ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ထို့ကြောင့် ဉာဏ်ရည်တုနည်းပညာသုံး ပလက်ဖောင်းမှ အကူအညီသည် အကောင်းဆုံးဖြစ်သည်။

ဇာတ်ကြောင်းပုံဖော်မှုများသည် ပါလက်စတိုင်းအောင်ပွဲနှင့် ဖိနှိပ်ခံပြည်သူများက ၎င်းတို့နယ်မြေကို ပြန်လည်ရရှိခြင်းဆိုသည့် ဇာတ်ကြောင်းမှသည် အစ္စရေးသည် အကြမ်းဖက်ခံရသည့် သားကောင်ဖြစ်သည်ဆိုသည့် ဇာတ်ကြောင်းနှင့် အစ္စရေး သွေးစည်းချစ်ကြည်မှုဇာတ်ကြောင်းအကြား ပြောင်းလဲနေပြီးနောက် ဂါဇာကို အစ္စရေးက သိမ်းကြုံး ဗုံးကြဲသောကြောင့် ဝေဖန်သည့် ဇာတ်ကြောင်းများသို့ ပြန်လည်ပြောင်းလဲသွားသည်။

ယခုပဋိပက္ခတွင် အဓိကဇာတ်ကြောင်းဖော်ဆောင်မှု ၆ ခုထွက်လာသည်။နိုင်ငံရေးအရ ဇာတ်ကြောင်းဖော်သည့် အစုအဝေးတွင် ယခုပဋိပက္ခသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဆိုသည့် ဇာတ်ကြောင်းနှင့် ကိုလိုနီခေတ်လွန် ပါလက်စတိုင်းက ဖိနှိပ်မှုအောက်မှုလွတ်မြောက်ရေး လှုပ်ရှားမှုဖြစ်သည်ဆိုသည့် ဇာတ်ကြောင်းနှစ်ခုအကြား လွန်ဆွဲနေသည်။

ဒုတိယ ဇာတ်ကြောင်းဖော်အစုအဝေးမှာ လူသားချင်းစာနာမှု ဇာတ်ကြောင်းဖြစ်ပြီး မည်သည့်ဘက်က သားကောင်အဖြစ် ကျရောက်ရသည်ဆိုသည့် အချက်ကို လွန်ဆွဲနေသည်။ထိုအစုအဝေးတွင် ဇာတ်ကြောင်းဖော်ဆောင်မူခွဲများရှိပြီး အပြစ်မဲ့ အစ္စရေးများကို ဟားမတ်စ်များက သတ်ဖြတ်သည်ဆိုသည့် ဇာတ်ကြောင်းမှ ဂါဇာမှ အပြစ်မဲ့ ပါလက်စတိုင်းများကို အစ္စရေးက ဗုံးကြဲသည်ဆိုသည့် ဇာတ်ကြောင်းအထိ ပါဝင်သည်။

လူသားချင်းစာနာမှု ဇာတ်ကြောင်းအစုအဝေးတွင် စစ်အတွင်း ကလေးငယ်များ ခံစားရခြင်း ဇာတ်ကြောင်းလည်းပါဝင်ပြီး ထိုဇာတ်ကြောင်းအတွက် နယ်ပယ်သည် ပြင်းထန်လာနေသည်။

တတိယ ဇာတ်ကြောင်းအစုအဝေးမှာ လက်စားချေသည့် ဇာတ်ကြောင်းဖြစ်ပြီး တစ်ဘက်ကို လူမဆန်ဟု သတ်မှတ်ခြင်းဖြစ်ပြီး ပါလက်စတိုင်းများကို ဆန့်ကျင်သည့် သူတို့ကိုဇာတ်သိမ်းပေးလိုက်ဆိုသည့် ဇာတ်ကြောင်းမှသည် အစ္စရေးကို ဆန့်ကျင်သည့် ဂျူးတွေကို ဓာတ်ငွေ့နဲ့စီရင်ဆိုသည့် ဇာတ်ကြောင်းများဖြစ်သည်။

စတုတ္ထ ဇာတ်ကြောင်းအစုအဝေးမှာ ပထဝီနိုင်ငံရေးဇာတ်ကြောင်းဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိ့ပက္ခကို အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေးအားပြိုင်မှု၏ အစိတ်အပိုင်းအဖြစ် ဆွေးနွေးသည်။ပဋိပက္ခ၏ တစ်ဘက်စွန်းသည် အီရန် (သို့မဟုတ်) ရုရှားနှင့် ဆက်စပ်နေပြီး အခြားတစ်ဘက်တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂ နိုင်ငံများက အရှေ့အလယ်ပိုင်း မတည်ငြိမ်စေရန် မီးလောင်ရာလေပင့်သည်ဆိုသည့် ဇာတ်ကြောင်းဖြစ်သည်။ အထက်ပါဇာတ်ကြောင်းများနှင့်မဆိုင်ဘဲ အယူအဆမတူသည်နှင့် မည်သူ့ကိုမဆို (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းကိုမဆို အပြစ်တင်လိုသည့် ဇာတ်ကြောင်းအစုအဝေးလည်းရှိသည်။တစ်ဘက်အစွန်းတွင် ပါလက်စတိုင်းကို ထောက်ခံသည့် ဟားဗတ်တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းရှိပြီး အခြားတစ်ဘက်အစွန်းတွင် အစ္စရေးအရပ်သားများ၏ အသက်များဆုံးရှုံးမှုကို စာနာသော မာဒီဟက်ဆန်နှင့် အီလ်ဟန်အိုမာတို့ကဲ့သော လူသိများသူများ ပါဝင်သည်။

အသစ်ဖြစ်သော်လည် အလွန်ကြီးမားသည့် ဇာတ်ကြောင်းအုပ်စုမှာ စစ်ပွဲ တတိယနေ့တွင်ပေါ်လာသည့် အချက်အလက်စစ်ဆေးသည့် ဇာတ်ကြောင်းအစုအဝေးဖြစ်သည်။၎င်းတို့သည် နှစ်ဘက်လုံးမှ ထွက်လာသည့် သတင်းမှားများကို ဖော်ထုတ်ကြသည်။ထိုအစုအဝေးတွင် အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိဆိုသည့် ပါလက်စတိုင်း သတင်းတုကို အစ္စရေးက ရှုတ်ချပြီး ပါလက်စတိုင်းဘက်ကလည်း ဟားမတ်စ်များက ကလေးများကို ခေါင်းဖြတ်သည်ဆိုသည့် အစ္စရေး သတင်းတုများကို ရှုတ်ချသည်။အထက်ပါဇာတ်ကြောင်း ဇာတ်ကြောင်းအစုအဝေး အုပ်စု ၆ ခု စုစုပေါင်းသည် ယခုစစ်ပွဲနှင့်ပတ်သက်သည့် ဒစ်ဂျစ်တယ်ပြောဆိုမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းရှိသည်။

တတိယနှင့် နောက်ဆုံး အတွင်းသရုပ်တွင် အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကို ဇာတ်ကြောင်းဖော်ရာတွင် ပါဝင်နေသော ကွန်ရက်များနှင့် ဇာတ်ကောင်များကို စူးစမ်းလေ့လာသည်။စစ်ပွဲစတင်ကတည်းက ရှင်းရှင်းလင်းလင်းဖြစ်နေသော အုပ်စုတစ်ခုရှိသည်။ပါလက်စတိုင်း လိုလားသော စကားများသည် ပါကစ္စတန်၊ ယီမင်၊ ကာတာ၊ မလေးရှားနှင့် ဆီးရီးယား စသည့် မွတ်ဆလင်နိုင်ငံများမှသာ ထွက်လာခြင်းမဟုတ်ဘဲ အနောက်တိုင်း မြို့တော်များဖြစ်သည့် လန်ဒန်၊ နယူးယောက်၊ တိုရွန်တို၊ ဆစ်ဒနီနှင့် ဘာလင်ကဲ့သို့သော မြို့များမှ ပြည်သူများထံမှ ထွက်လာသည်။

အနောက်တိုင်းမြို့ကြီးများတွင် ပါလက်စတိုင်းကို ထောက်ခံသည့် အဝေးရောက် မွတ်ဆလင်များသာမက ဂျူးလူမှုအသိုက်အဝန်းများကပင် လူကွန်ရက်တွင်သာမက လူကိုယ်တိုင်ပါထွက်ပြီး ထောက်ခံကြသည်။

ရုရှား သတင်းကွန်ရက်များသည် ဟားမတ်စ် တိုက်ခိုက်မှုကို တိုက်ရိုက်မထောက်ခံသော်လည်း ပါလက်စတိုင်းအရေးကို အပြင်းအထန်ထောက်ခံကြောင်း သတိထားမိသည်။

သို့သော် တရုတ် သတင်းကွန်ရက်များသည် ယခုအကျပ်အတည်းအစောပိုင်းတွင် ကြားနေပြီး ဘေးထွက်နေသော်လည်း အစ္စရေးက ပြန်လည်တိုက်ခိုက်ချိန်တွင် ဂါဇာပြည်သူများနှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသကြသည်။

အစ္စရေး လိုလားသည့် စိတ်ခံစားမှုသည် အဓိကအားဖြင့် အနောက်တိုင်းအစိုးရဇာတ်ကောင်များ၊ အစ္စရေးပြည်သူများနှင့် အစ္စရေးကို ထောက်ခံသည့် အိန္ဒိယအစိုးရနှင့်ပတ်သက်သည့် သတင်းဌာနများထံမှ လာသည်။ပညာရှင်များနှင့် သုတေသီများသည်ပင် ယခုကိစ္စတွင် အပြင်းအထန် သဘောထားကွဲနေပြီး ပါလက်စတိုင်းအရေးကို ထောက်ခံပြီး ဟားမတ်စ်တိုက်ခိုက်မှုကို ရှုတ်ချသူများနှင့် ကိုလိုနီခေတ်လွန် အစ္စရေးဖိနှိပ်မှု၏ တိုက်ရိုက်ရလဒ်အဖြစ် ဟားမတ်စ်၏ လုပ်ရပ်များကို ယူဆသူများအထိရှိသည်။

အစ္စရေးကို တိုက်ခိုက်မှုသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု အခြေအနေနှင့် သမိုင်းကို မကိုးကားဘဲမြင်သည့် ပညာရှင်အများအပြားလည်းရှိသည်။လက်ရှိအကျပ်အတည်းတွင် ပေါ်ပေါက်လာသော ဒစ်ဂျစ်တယ်အုပ်စုများသည် ပထဝီနိုင်ငံရေးနယ်ပယ် ပိုမိုကျယ်ပြန့်စွာ ပြောင်းလဲသွားပြီး မွတ်ဆလင်ကမ္ဘာက အစ္စရေးကို အနောက်နိုင်ငံများ ထောက်ခံသည်ကို မကျေမနပ်ဖြစ်ကာ စက်ဆုတ်ကြသည်။

ထိုပဋိပက္ခနှင့်ပတ်သက်သည့် လူမှုကွန်ရက် အချက်အလက်များသည် အနာဂတ်ကို ကြိုတင်မှန်းဆရာတွင် ကောင်းစွာမှီခို အားထားနိုင်သည်။

လတ်တလောတွင် ပထဝီနိုင်ငံရေး မတည်ငြိမ်မှု ပိုမိုဆိုးရွားစေမည့် ဟန်ပန်နှင့် ဇာတ်ကြောင်းများအတွင် အဓိကအပြောင်းအလဲတခုကို ပြသနေသည်။

ခေါင်းဆောင်များသည် တာဝန်သိသိ မပြုမူပါက နောက်ထပ်အကျပ်အတည်းတစ်ခု မိုးကုပ်စက်ဝိုင်းတွင် ရောက်နေပြီဖြစ်သည်။

NaYoe
Ref - CMG | Three insights on the Israel-Palestine conflict