【 နိုင်ငံတကာဆောင်းပါး 】 "အချည်းနှီးဖြစ်သွားဖို့များတဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲ"

【 နိုင်ငံတကာဆောင်းပါး 】 "အချည်းနှီးဖြစ်သွားဖို့များတဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲ"

အမေရိကန်ပြည်ထောင်စုက ရုရှားကို လုံခြုံရေးအာမခံချက်ပေးရန် ငြင်းဆန်သည်။မည်သို့ဆိုစေကာမူ ကရင်မလင်သည် NATO အဖွဲ့ အရှေ့ဘက်သိုတိုးချဲ့ခြင်းနှင့်ပတ်သက်သည့် သဘောတူညီချက်ကို ရက်သတ္တပတ်ကုန်တွင် ရရှိမည်ဆိုသည့် မျှော်လင့်ချက်ဖြင့်  မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ အနောက်နိုင်ငံများနှင့် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ဆွေးနွေးပွဲများ မအောင်မြင်ပါက မည်သို့ဖြစ်မည်နည်း။

လုံခြုံရေးကိစ္စများနှင့်ပတ်သက်ပြီး ရုရှားနှင့် အမေရိကန် သံတမန်များအကြား နောက်ထပ်ဆွေးနွေးပွဲများ ရှိ/မရှိကို မကြာမီ ရှင်းရှင်းလင်းလင်းသိရမည်ဖြစ်သည်။ဇန်နဝါရီလ ၁၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင် နှစ်နိုင်ငံကိုယ်စားလှယ်များသည် အကြောင်းအရာမျိုးစုံကို ၈ နာရီကြာ ဆွေးနွေးခဲ့သည်။၎င်းတို့ သဘောတူညီချက်ရခဲ့ပါသလား။

“အမေရိကန်ပြည်ထောင်စုနှင့် ရုရှားဖက်ဒရေးရှင်းတို့သည် လုံခြုံရေးနယ်ပယ်တွင် တစ်စုံတရာသော သဘောတူညီချက်များကို ဆွေးနွေးရန် အသင့်မဖြစ်သေးပေ။ယခုအခါ နှစ်ဖက်လုံးသည် တစ်ဖက်နှင့် တစ်ဖက် ပိုမိုနားလည်နိုင်အောင်ကြိုးစားနေကြသည်” ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်း က ပြောသည်။

ထိပ်သီးဆွေးနွေးပွဲမတိုင်မီက ဂျနီဗာတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ကော့ က ရုရှား၏တောင်းဆိုမှုများကို ကိုင်တယ်ဖြေရှင်းပေးခြင်းမရှိပါက လုံခြုံရေးနှင့်ပတ်သက်သည့် အမေရိကန်နှင့် ပထမဆုံးဆွေးနွေးပွဲသည် နောက်ဆုံးဆွေးနွေးပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။သို့သော် အစည်းအဝေးအပြီးတွင်မူ သူမသည်လေသံပြောင်းသွားပြီး ရုရှားဖက်ဒရေးရှင်းသည် လုံခြုံရေးအာမခံချက်နှင့်ပတ်သက်သည့် ရှေ့ဆက်မည့် ခြေလှမ်းများကို ဇန်နဝါရီလ ၁၂ ရက်တွင် ဘရပ်ဆဲလ်တွင် ကျင်းပမည့် ရုရှား-NATO အစည်းအဝေးနှင့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဗီယင်နာတွင်ကျင်းပမည့် OSCE ကိုယ်စားလှယ်များ ဆွေးနွေးပွဲအပြီးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောလာသည်။

ဝါရှင်တန်သည် အချိန်ဆွဲရန် ကြိုးစားနေပုံရပြီး ဆွေးနွေးပွဲမှ ပုံစံအမျိုးမျိုးဖြင့် အကန့်အသတ်မရှိထွက်သည်။မော်စကိုဘက်ကမူ NATO အဖွဲ့ ပြင်ပမှ ယူကရိန်း၊ ဂျော်ဂျီယာနှင့် အခြားဆိုဗီယက်နိုင်ငံဟောင်းများကို ထိုမဟာမိတ်အဖွဲ့သို့ ဝင်ခွင့်မပေးဆိုသည့် ခိုင်မာသော အာမခံချက်ကိုရရှိရန် ရည်ရွယ်ထားသည်။ NATO သည် မော်စကိုသို့ ၅ မိနစ်အတွင်းရောက်နိုင်သည့် ဒုံးကျည်များကိုချထားရန် ယူကရိန်းပိုင်နက်ကို အသုံးပြုမည်ကို မော်စကိုက စိုးရိမ်နေပြီး ရုရှားနယ်စပ်အနီး စစ်လက်နက်ပစ္စည်းအများအပြားချထားပြီးဖြစ်သော NATO သည် ၁၉၉၇ ခုနှစ်က နယ်စပ်များသို့ ပြန်ဆုတ်ရမည်ဟု တောင်းဆိုနေသည်။

NATO က ထိုအချက်ကို မည်သည့်အခါမျှ သဘောတူမည်မဟုတ်ပေ။ထို့အပြင် အမေရိကန်အရာရှိများ က NATO သည် ၎င်းတို့အဖွဲ့သို့ ဝင်ရောက်လိုသော မည်သည့်နိုင်ငံအတွက်မဆို တံခါးဖွင့်ထားသော မူဝါဒကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြောသည်။ဝါရှင်တန်က မော်စကိုသို့ မည်သည့်အလျှော့ပေးမှုကိုမျှ ပြုလုပ်ရန် အသင့်မရှိသေးသော်လည်း ရုရှားဘက်က အမြင့်မားဆုံးတောင်းဆိုမှုများပြုလုပ်နေခြင်းသည် ၎င်းတို့၏ စေ့စပ်ညှိ နှိုင်းမှု သေနင်္ဂဗျူဟာ ဖြစ်နိုင်ခြေများသည်။အမေရိကန်၏အမြင်မှကြည့်ပါက ယူကရိန်းနှင့်ပတ်သက်သည့် မည်သည့်အလျှော့ပေးမှုမဆိုသည် အားနည်းချက်ကိုဖော်ပြသည့် လက္ခဏာဟု ယူဆနေသည်။ထို့ကြောင့်ပင် အမေရိကန်သည် ရုရှားကို ပြတ်ပြတ်သားသား ရပ်တည်နေခြင်းဖြစ်သည်။

“လုံခြုံရေးညှိနှိုင်းမှုများတွင် စစ်မှန်သောတိုးတက်မှုသည် ရုရှားတပ်များ ယူကရိန်းနယ်စပ်တွင်ရှိနေသမျှ ကာလပတ်လုံး မဖြစ်နိုင်ပေ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ပါက ပြင်းထန်သော ဘဏ္ဍာရေးပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေသည်။တစ်ချိန်တည်းတွင် ရက်ကော့ကလည်း ရုရှားသည် မည်သည့်အခါမျှ ယူကရိန်းကို တိုက်ခိုက်မည်မဟုတ်ကြောင်း အနောက်နိုင်ငံများကို အာမခံနေပြန်သည်။မော်စကိုသည် အမေရိကန်ပြည်ထောင်စုထံမှ လုံခြုံရေးအာမခံချက် တောင်းခံနေသော်လည်း ရုရှားအရာရှိများက ကရင်မလင်၏ လုပ်ရပ်များသည် အနောက်နိုင်ငံများ၏ လုပ်ရပ်များကို ကာကွယ်နေခြင်းဖြစ်ကြောင်း ပြောနေသူများသာ ဖြစ်နေသည်။ထိုသို့ ရုရှားက ခုခံကာကွယ်နေသည့် အနေအထားသည် မော်စကိုအပေါ် ဝါရှင်တန်က အပေါ်စည်းရစေသည်။

“လက်တွေ့မှာတော့ သူတို့အနေနဲ့ တပ်တွေကို စစ်တန်းလျှားပြန်ခိုင်ပြီး တင်းမာမှုလျှော့ချခြင်းနဲ့ ယူကရိန်းကိုကျူးကျော်ဖို့ မရည်ရွယ်ဘူးဆိုတာကို သက်သေပြနိုင်တယ်” ဟု ရှားမင်း က တုံ့ပြန်ပြီး ရုရှားတပ်များကို ၎င်းတို့အချုပ်အခြာအာဏာပိုင်နယ်မြေသို့ပြန်ရန် တောင်းဆိုသည်။

ယူကရိန်းနယ်စပ်တွင် ကရင်မလင်က တပ်အင်အား တစ်သိန်းနီးပါးချထားသည်ဆိုသည့် အမေရိကန်၏ပြောဆိုချက် မှန်ကန်လျှင်ပင် ရုရှားသည် ယူကရိန်းကို စစ်ဘက်ထိပ်တိုက်တွေ့မှုတွင်ပါဝင်ရန် ရည်ရွယ်သည်ဟု ကောက်ယူခြင်းမရှိနိုင်ပေ။ဥရောပတွင် ဒုတိယအကြီးမားဆုံးနိုင်ငံဖြစ်သည့် ယူကရိန်းကိုသိမ်းပိုက်ရန် စစ်အင်အားတစ်သိန်းမက လိုမည်ဖြစ်သည်။ထိုသို့ကြည့်ပါက မော်စကိုသည် ယူကရိန်းကို ကြီးမားသည့်စစ်ဆင်မှု ပြုလုပ်မည့်ပုံမရပေ။ယူကရိန်းနယ်စပ်မှ တပ်များသည် ယူကရိန်အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှ ရုရှားလိုလားသောတပ်များကို ယူကရိန်းက တိုက်ခိုက်နိုင်သည့် အလားအလာကို ရုရှားက သည်းမခံကြောင်း ယူကရိန်းနှင့် အမေရိကန်သို့ သတင်းစကားပေးခြင်းသာဖြစ်နိုင်သည်။

ကာဇတ်စတန်မှ ဖရိုဖရဲအခြေအနေများကို ရုရှားက အလျင်အမြန်တုံ့ပြန်ခြင်းနှင့် စုပေါင်းလုံခြုံရေးသဘောတူစာချုပ်အဖွဲ့ (CSTO) များကို ကဇတ်စတန်တွင် ချထားလိုက်ခြင်းသည် ကရင်မလင်သည် ပဋိပက္ခများကို စစ်ရေးနည်းဖြင့် ဖြေရှင်းနိုင်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။သို့သော် ယူကရိန်းတွင် အလားတူ သေနင်္ဂဗျူဟာကို အကောင်အထည်ဖော်ရန် နိုင်ငံရေးဆန္ဒ ရှိ၊ မရှိကို ရှင်းလင်းစွာမသိရသေးပေ။မော်စကိုမှ မူဝါဒချမှတ်သူများသည် ယူကရိန်းတွင် တပ်များချထားမှုသည် ပြင်းထန်သော ရုရှားဆန့်ကျင်ရေးအရေးယူမှုများ ဖြစ်လာမည်ကို သိရှိပြီးဖြစ်သည်။
ကရင်မလင်သည် ထိုကိစ္စအတွက် အသင့်ရှိပါသလား။

ရုရှားသမ္မတ ဗလာဒီမာပူတင် မကြာခဏအလေးအနက်ပြောသည့်အတိုင်း ရုရှားသည် ဆုတ်ခွာမည့်အခြေအနေမရှိပေ။ထိုအချက်က မည်သို့ဆိုလိုသနည်း။ယူကရိန်းနှင့်ပတ်သက်သည့် မည်သည့်တိုးတက်မှုမျှမရှိပါက မော်စကိုသည် အနောက်နိုင်ငံများသို့ အချိုးအစားမညီမျှသော တုံ့ပြန်မှုပြုလုပ်မည်ဖြစ်သည်။ရက်ကော့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် ပျော့ပျောင်းမှုကိုမပြသပါက ၎င်းတို့၏ လုံခြုံရေးအခြေအနေ ဆိုးရွားလာသည်ကိုလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြနေသည်။ထိုသို့ဖော်ပြလိုက်ခြင်းကြောင့် ရုရှားကလည်း ဥရောပတွင် (ဘီလာရုစ်တွင် ဖြစ်နိုင်ခြေများသည်) တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်ထားမည်ဟု ဆိုလိုနေသည်။သို့သော် ထိုသို့လုပ်ဆောင်ခြင်းကြောင့် NATO နိုင်ငံများသည် ယူကရိန်းကို လက်နက်ထောက်ပံ့မှုရပ်ရန် သို့မဟုတ်  ထိုအရှေ့ဥရောပနိုင်ငံတွင် တပ်များဖြန့်ကျက်ထားခြင်းကို တားဆီးနိုင်ခြေမရှိပေ။

သေချာသော အချက်တစ်ခုရှိသည်။ရုရှားနှင့် အမေရိကန်တို့သည် ယူကရိန်း၏ နောက်ကွယ်တွင် ယူကရိန်းအရေး ဆွေးနွေးကြသည်။ထို့ကြောင့် ထိုနှစ်နိုင်ငံလုံးက ဆိုဗီယက်နိုင်ငံဟောင်း ယူကရိန်းကို နိုင်ငံရေးကိရိယာအဖြစ်သာမြင်ကြောင်း ထင်ရှားသည်။ထို့ကြောင့်ပင် ယူကရိန်းသုတေသီအချို့က အမေရိကန်-ရုရှား ဆွေးနွေးပွဲကို ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်နိုင် နိုင်ငံများက စစ်ပြီးခေတ်ကမ္ဘာကို ၎င်းတို့သြဇာအာဏာနယ်ပယ်များအဖြစ် ခွဲဝေယူသည့် ယယ်လ်တာကွန်ဖရင့်နှင့် နှိုင်းယှဉ်ပြောကြားနေခြင်းဖြစ်သည်။

(အယ်ဒီတာမှတ်စု - နီကိုလာ မီကိုဗစ်သည် ဆာဗီးယားအခြေစိုက် အလွတ်သတင်းသမားဖြစ်သည်။သူသည် အများအားဖြင့် ရုရှား၊ ယူကရိန်းနှင့် ဘီလာရုစ် နိုင်ငံခြားရေးမူဝါဒများကို သတင်းယူပြီး အင်တာနက်မဂ္ဂဇင်းများစွာအတွက် ရေးသားသည်။ယခုဆောင်းပါးသည် စာရေးသူ၏ ထင်မြင်ချက်သာဖြစ်ပြီး CMG ၏ ထင်မြင်ချက်ဟု မယူဆနိုင်ပါ။)

Linko
Ref : CMG : Are Russia's attempts to get U.S. security guarantees in vain ?
ဇန်နဝါရီ - ၁၄