【 နိုင်ငံတကာဆောင်းပါး 】 သုံးနိုင်ငံ ဆွေးနွေးပွဲနှင့် အရှေ့အာရှ အခင်းကျင်းသစ်

【 နိုင်ငံတကာဆောင်းပါး 】 သုံးနိုင်ငံ ဆွေးနွေးပွဲနှင့် အရှေ့အာရှ အခင်းကျင်းသစ်

နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကျင်းပခဲ့သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

အစဉ်အလာအားဖြင့် ပြိုင်ဘက်ဖြစ်နေသည့် တရုတ်နှင့် ဂျပန်၊ မြောက်ကိုရီးယားကြောင့် နီးကပ်သော ဆက်ဆံရေးမရှိသည့် တရုတ်နှင့် တောင်ကိုရီးယား၊ ဒုတိယကမ္ဘာစစ်အတွင်း လုပ်ဆောင်မှုများကြောင့် ပြည်သူများကြား မကျေလည်မှုရှိနေသည့် ဂျပန်နှင့် တောင်ကိုရီးယား စသည့် သုံးဖလှယ် ဆက်ဆံရေး အေးစက်သည့် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုကြောင့်ပင်ဖြစ်သည်။

ထိုတွေ့ဆုံမှုသည့် လေးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ထိုဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး သဘောတူညီချက်များကိုရရှိခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အပေါ်ယံရှပ်ပြီး ဖော်ပြခဲ့သည့် သတင်းများကိုသာ နိုင်ငံတကာအနေဖြင့် သိရသော်လည်း ဆွေးနွေးပွဲတွင် လတ်တလောကိစ္စရပ်များဖြစ်သည့် ထိုင်ဝမ်ကိစ္စ၊ မြောက်ကိုရီးယားကိစ္စ၊ ယူကရိန်းစစ်ပွဲပေါ်အမြင်နှင့် ကမ္ဘာ့စီးပွားရေးအခြေအနေတို့ကို အထူးတလည် ဆွေးနွေးခဲ့ကြမည်ဟု ခန့်မှန်းကြသည်။

လက်ရှိတွင် အဆိုပါ ၃ နိုင်ငံသည် ကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံများဖြစ်ပြီး တစ်ကမ္ဘာလုံး ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေရာ ထိုသို့တွေ့ဆုံမှုသည့် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

လေးနှစ်ခန့်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်တို့မှ ထိပ်တန်းသံတမန်များသည် အာရှအိမ်နီးချင်းများကြား ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းရန်နှင့် ၎င်းတို့ခေါင်းဆောင်များ၏ သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသော်လည်း တိကျသောအချိန် မရရှိခဲ့သေးပေ။

သို့သော် ဝန်ကြီးသုံးဦးသည် ထိပ်သီးအစည်းအဝေးကို “နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်အချိန်၌ အစောဆုံး ပြန်လည်စတင်ရန်” အောက်ခြေအဆင့်အရာရှိများ၏ အစောပိုင်းသဘောတူညီချက်ကို အတည်ပြုခဲ့ပြီး အစည်းအဝေးအတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်ရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့သည်။

သုံးနိုင်ငံ တွေ့ဆုံမှုသည် စိတ်ဝင်စားဖို့ကောင်းသည်။အမေရိကန်က မဟာဗျူမြောက်ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည့် တရုတ်နှင့် ဒေသတွင်း အိမ်နီးချင်းဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀,၀၀၀ ကို လက်ခံထားသည်။မကြာမီက အမေရိကန်ပြည်ထောင်စုနှင့် အဆိုပါနှစ်နိုင်ငံတို့ သုံးနိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် တွန်းအားပေးခဲ့ကြသည်။သို့ရာတွင် ယခုလအစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့ တွေ့ဆုံမှုတွင် သံတမန်ရေးရာ ကျေအေးမှုကြောင့် ဆိုးလ်၊ တိုကျိုနှင့် ပေကျင်းတို့ကို သံတမန်ရေးရာအခန်းကဏ္ဍ ပြန်လည်သက်ဝင်လာပြီး သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းရန်ဖြစ်လာခဲ့သည်ဟု နိုင်ငံတကာကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ထိုအတိုင်းသာဆိုပါက ဒေသတွင်းသာမက ယိုင်လုလု ကမ္ဘာ့စီးပွားရေးအတွက်ပါ ကောင်းမွန်သောအရွေ့ဟု ဆိုရမည်ဖြစ်သည်။

ထို့အတွက် ထင်ရှားသော သက်သေပြချက်တစ်ခုမှာ တိုကျို၏ ဆူနာမီဒဏ်ခံ နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေများကို စွန့်ထုတ်မှုအပေါ် တရုတ်ဘက်က တုံ့ပြန်မှုပင်ဖြစ်သည်။သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စကာမီကာဝါက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှု တားမြစ်ချက်ကို ဖယ်ရှားပေးရန်အတွက် ထပ်မံတောင်းဆိုခဲ့သည်။ထိုတောင်းဆိုချက်ကို တုံ့ပြန်ရာတွင် ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေ ထုတ်လွှတ်သည့် ဂျပန်၏ တာဝန်မဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး လုပ်ငန်းစဉ်၏ လွတ်လပ်သော စောင့်ကြည့်ရေး ယန္တရားတစ်ရပ်ကို ဝမ်က တောင်းဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ထိုသည်မှာ တိုးတက်မှုဟု ဒေသတွင်းက ယူဆသည်။

ဂျပန်၏ ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေ ထုတ်လွှတ်မှုကို ကန့်ကွက်ရာတွင် ဒေသတွင်းနိုင်ငံများက တရုတ်က ဦးဆောင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းကို လက်ခံကြသည်။တရုတ်ဘက်က တုံ့ပြန်မှုကို တရားနည်းလမ်းကျသည်ဟု လက်ခံထားကြသည်။ထို့ကြောင့် ယခုတွေ့ဆုံမှုတွင် တရုတ်ဘက်က တောင်းဆိုမှုကို ထောက်ခံကြလိမ့်မည်ဟု ခန့်မှန်းကြသည်။ထိုသည်မှာ အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများကို ဆွေးနွေးပွဲဝိုင်းများသို့ ယူလာစေချင်သည့် တရုတ်၏ မူအတိုင်းဖြစ်သည်။ထိုသည်က သက်ဆိုင်သည့်နိုင်ငံများမှ ပြည်သူများအတွက် သက်သာစေသည့် ငြိမ်းချမ်းသော ဖြေရှင်းခြင်းဖြစ်သည်။

တစ်ဖက်တွင် ဂျပန်နှင့် တောင်ကိုရီးယားမှာ မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုကြောင့် ယခင် ၁၉၁၀ မှ ၁၉၄၅ ခုနှစ်အတွင်း လိင်ကျွန်ပြုခြင်းပြဿနာကြောင့်ဖြစ်သည့် ဆက်ဆံရေး ဆိုးရွားခြင်းကို ပြန်လည်ပြုပြင်လာခဲ့သည်။မြောက်ကိုရီးယား၏ တိုးတက်နေသော နျူကလီးယားအစီအစဉ်ကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းဝင်အငြင်းပွားမှုကို ကျော်လွန်ပြီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အဓိကခြေလှမ်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သဖြင့် မကြာသေးမီလများအတွင်း ၎င်းတို့၏ဆက်ဆံရေးသည် သိသိသာသာ နွေးထွေးလာခဲ့သည်။

ထိုသို့ဖြစ်လာစေရန် ဆိုးလ်တရားရုံးက ဂျပန်ကို ကိုလိုနီခေတ်အတွင်း ဂျပန်တပ်များ၏ လိင်ကျွန်ပြုမှု၌ အတင်းအကြပ်ခိုင်းစေခြင်းကို ငွေကြေးအရ လျော်ကြေးပေးရန် အမိန့်ချခဲ့သည်။ထိုသည်မှာ ဂျပန်ကျူးလွန်ခဲ့သည်ကို ပပျောက်အောင်လုပ်ခြင်းမဟုတ်ဘဲ ကျူးလွန်မှုကို ဝန်ခံစေခြင်းဖြစ်ကာ နစ်နာသူအတွက် ကုစားပေးခြင်းလည်းဖြစ်သဖြင့် ဒေသတွင်း တင်းမာမှုကို အထိုက်အလျောက် လျော့စေသည်။

ဒေသတွင်းတိုးတက်ဖွံ့ဖြိုးတည်ငြိမ်မှုအတွက် စဉ်းစားရာတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားနေရသည်ဖြစ်ရာ မြောက်ကိုရီးယားအပေါ် တရုတ်၏ သြဇာညောင်းမှုသည် ယခုလို သုံးနိုင်ငံအကြား ဆွေးနွေးမှုပြန်လည်ဖြစ်ပေါ်လာခြင်းကြောင့် အကောင်းဘက်က များစွာမျှော်လင့်လို့ ရနိုင်ပြီဖြစ်သည်။အဆိုပါသုံးနိုင်ငံအစည်းအဝေးအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် ဂြိုဟ်တုများလွှတ်တင်ကာ ရန်စနေမှုများကို ရပ်တန့်ရန်နှင့် နျူကလီးယားကင်းစင်ရေး ခြေလှမ်းများ လုပ်ဆောင်ရန် မြောက်ကိုရီးယားအား ဆွဲဆောင်ရာတွင် တရုတ်အား အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန် ပတ်ခ်က ဝမ်ယိအား တောင်းဆိုခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဝမ်ယိက တရုတ်သဘောထားကို ဖော်ပြရာတွင် တည်ငြိမ်သော အင်အားစုအနေနဲ့ ဒေသတွင်းမှာ “ကျွန်းဆွယ်ရဲ့ အခြေအနေတွေကို ဖြေလျှော့ရာတွင် အမြဲတမ်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမှာပါ” လို့ ပြောခဲ့သည်။

မြောက်ကိုရီးယား၏ ကြီးထွားလာနေသော နျူကလီးယားစွမ်းရည်ရှိသော ဒုံးကျည်လက်နက်များသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံအတွက် လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်သည်။မြောက်ကိုရီးယားကလည်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့၏ ကိုရီးယားကျွန်းဆွယ်အနီးတစ်ဝိုက် စစ်ရေးလေ့ကျင်မှုကိုလည်း ကျူးကျော်စစ်လေ့ကျင့်မှုအဖြစ် ရှုမြင်လေ့ရှိသည်။သို့ဖြစ်ရာ ဒေသတွင်းတည်ငြိမ်မှုအတွက် တရုတ်သည် ဟန်ချက်သဖွယ် အလိုလိုဖြစ်လာသည်။သေချာသည်မှာ မြောက်ကိုရီးယား၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် လက်တွေ့ကျသောအဖြေကို ရှာဖွေရန်အတွက် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုမှာ မရှိမဖြစ်လိုအပ်ကြောင်းမှာ ငြင်းဆိုလို့မရသည့် အချက်ဖြစ်သည်။

ယခု တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ လေးနှစ်အတွင်း ပထမဆုံးအကြိမ် ထိပ်တန်းသံတမန်များတွေ့ဆုံမှုသည် ဒေသတွင်း တည်ငြိမ်ရေးကိုသာမက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာကြိုးပမ်းမှုများတွင်လည်း ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နောက်ခံအကြောင်းအရင်း မည်သို့ပင်ရှိစေကာမူ ဂျပန်-တရုတ်-တောင်ကိုရီးယား ဆွေးနွေးပွဲအတွက် မူဘောင် ပြန်လည်နိုးထလာမှုသည် ကြိုဆိုစရာ သတင်းဖြစ်လေသည်။

လင်းသစ်အောင်