【 နိုင်ငံတကာဆောင်းပါး 】 ရှီ-ပလိုမေစီ

【 နိုင်ငံတကာဆောင်းပါး 】 ရှီ-ပလိုမေစီ

တရုတ်-အမေရိကန် ဆက်ဆံရေးသည် တစ်ဦးနှင့် တစ်ဦး ဖိနှိပ်မှုမရှိဘဲ စိန်ခေါ်မှုများအစား အခွင့်အရေးများအဖြစ် ရှိသင့်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံစဉ်က ပြောခဲ့သည်။

တစ်နှစ်အကြာတွင် နှစ်နိုင်ငံကြား ခရီးသည်တင် တိုက်ရိုက် လေကြာင်းလိုင်းများသည် အရေအတွက် တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။  

အမေရိကန် စီးပွားရေးလုပ်ငန်းအသိုက်အဝန်းက ပြိုင်ဆိုင်ခြင်းထက် အပြန်အလှန်အကျိုးရခြင်းကို လိုလားသည်ဟု ဆိုကြသည်။တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေး၊ တစ်ပိုင်းလျှပ်ကူး၊ ဆေးဝါးပစ္စည်းများ၊ စွမ်းအင်သစ်သုံးယာဉ်နှင့် အလှကုန်ပစ္စည်း အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှ ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့သည်။  

မကြာမီတွင် သမ္မတ ရှီနှင့် သမ္မတ ဘိုင်ဒန်တို့ ဆန်ဖရန်စစ္စကို၌ တွေ့ဆုံမည့် ဆွေးနွေးပွဲမှ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအတွက် ရေရာသေချာမှုရှိလာစေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် မျှော်လင့်နေကြခြင်းဖြစ်သည်။

နှစ်နိုင်ငံမှ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုသည် စံချိန်တင် မြင့်တက်ခဲ့ပြီး တရုတ်နှင့် အမေရိကန်တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကုန်သွယ်ရေးဖလှယ်ခြင်းတို့ဖြင့် အပြန်အလှန်အကျိုးရလဒ်ရှိနေကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် အမေရိကန်အကြား စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ရှိခဲ့ပြီး အမေရိကန်မှ တရုတ်သို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုသည် ဒေါ် လာ ၄၂ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့သည်။တရုတ်သည် အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ကောင်းမွန်သော ဈေးကွက်တစ်ခုဖြစ်ပြီး တိုးတက်ရေးအလားအလာများ မြင်ရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။   

တရုတ်သည် နှစ်နိုင်ငံကြား ကွဲပြားမှုများအကြား ဘုံအကျိုးစီးပွားအတွက် လိုလားပြီး နှစ်နိုင်ငံစလုံး၏ အောင်မြင်မှုသည် တစ်ဖက်ချင်းစီအတွက် စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းဖြစ်သည်ဟု သမ္မတ ရှီက အမေရိကန် အထက်လွှတ်တော် ဥက္ကဋ္ဌ ချန့်ခ် စခရူးမား ဦးဆောင်သော နှစ်ပါတီပါ သံအဖွဲ့ကို တွေ့ဆုံစဉ်က ပြောခဲ့သည်။  

ကမ္ဘာ့စီးပွားရေးသည် မတည်ငြိမ်မှုများနှင့် မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် တရုတ်စီးပွားရေးသည် ဖိအားများကို ကြံ့ကြံ့ခံကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ခဲ့သည်။  

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် ပထမရက်အနည်းငယ်အတွင်းတွင်ပင် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး များစွာသော စီးပွားရေးလုပ်ငန်းများက တရုတ်သို့ ချဲ့ထွင်လိုကြသည်ကို တွေ့ရသည်။

အမေရိကန်ကုမ္ပဏီများမှ အကြီးတန်းအရာရှိများ၊ ခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ မကြာခဏလာရောက်ကြပြီး တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်တွင် ယုံကြည်မှုရှိကြောင်းကို ပြသကြသည်။  

လက်ရှိ၌ ကမ္ဘာလုံးဆိုင်ရာ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များသည် စိန်ခေါ်မှုအသစ်များနှင့် ပြောင်းလဲမှုအသစ်များကို ရင်ဆိုင်နေရပြီး အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။မျက်နှာချင်းဆိုင် တွေ့ဆုံဆက်သွယ်ခြင်းများက အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ရေး အခွင့်အရေးများကို ပိုမိုပေးဆောင်နိုင်မည်ဖြစ်သည်။  

စီးပွားရေးနိုင်ငံကြီးနှစ်ခုသည် နက်ရှိုင်းစွာ ဆက်နွယ်နေပြီး ဖွံ့ဖြိုးတိုးတက်မှုများသည်လည်း တာဝန်သစ်များနှင့် ရင်ဆိုင်နေရသောကြောင့် တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုမှ အပြန်အလှန် အကျိုးစီးပွားရရန် လိုလားကြောင်း သမ္မတ ရှီက သမ္မတ ဘိုင်ဒန်နှင့် ဘာလီတွင် တွေ့ဆုံစဉ်က ဆိုခဲ့သည်။   

ရှန်ဟိုင်းတွင် ကျင်းပခဲ့သော တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ပါဝင်ခဲ့သော လုပ်ငန်းများစွာသည် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စီအီးအိုများ ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်သည်။   

တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေလာသည်နှင့်အမျှ ခြားနားထားသည့် နံရံများမဟုတ်ဘဲ ကူးလူးနိုင်သည့် တံတားများ တည်ဆောက်ရမည်ဖြစ်သည်။

သမ္မတ ရှီက ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်ကို အလည်အပတ်သွားခဲ့စဉ်က ဆင်းရဲမွဲတေမှုနှင့်ပတ်သက်ပြီး မွေးရပ်မြေဖြစ်သော Liangjiahe ကျေးရွာမှ ဇာတ်လမ်းများကို မျှဝေခဲ့သည်။ထိုဇာတ်လမ်းများကို နားထောင်သူများကို မျှစွာ လေးစားမှုဖြစ်စေခဲ့သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ်နိုင်ငံတစ်ခု တည်ဆောက်ခြင်းသည် အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးမှ စီးပွားရေးများအတွက် ပိုမိုကျယ်ပြန့်သော ဈေးကွက်နေရာများ ပေးနိုင်မည်ဟု သမ္မတ ရှီက ဆိုသည်။   

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစလုံးကို အားကောင်းစေမည်သာမကဘဲ ကမ္ဘာကြီးအတွက်ပါ အကျိုးအမြတ်ရရှိစေမည်ပင်ဖြစ်သည်။  

NaYoe
Ref - CMG | Xiplomacy: Cooperation a shared aspiration of Chinese, American people