【 နိုင်ငံတကာဆောင်းပါး 】 ပြောင်းလဲမှုမရှိဘဲ ရေရှည်တိုးတက်နေသည့် တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 ပြောင်းလဲမှုမရှိဘဲ ရေရှည်တိုးတက်နေသည့် တရုတ်စီးပွားရေး

ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက တရုတ်နိုင်ငံ၏ စီးပွားရေးလည်ပတ်မှုအခြေအနေနှင့် နိုင်ငံခြားရေးပေါ်လစီများ သက်ရောက်မှုအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ထိုမေးမြန်းမှုကို ပြောခွင့်ရပုဂ္ဂိုလ် မစ္စမော်နင်းက ဖြေခဲ့ရာ၌ ပထမနှစ်ဝက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးသည် ပြန်လည်ကောင်းမွန်လာသော အခြေအနေကို ပြသခဲ့ကြောင်း၊ GDP ပမာဏမှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅.၅ ရာခိုင်နှုန်းတိုးလာပြီး ယခုနှစ် ပထမသုံးလပတ်ကထက် ၁ ရာခိုင်နှုန်း တိုးလာကြောင်းပြောခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားကျဆင်းနေချိန်တွင် တရုတ်စီးပွားရေးက အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်နေသည်က ကြီးမားသော လက်လီစျေးကွက်ကို ကိုင်ထားခြင်းနှင့် ပြည်ပရင်းနှီးမြုပ်နှံသူများအတွက် အာမခံချက်ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။တရုတ်အမျိုးသားစာရင်းအင်းဌာနမှ ဇူလိုင်လ ၁၇ ရက် ထုတ်ပြန်သော ပဏာမတွက်ချက်မှုစာရင်းအရ ယခုနှစ်ပထမနှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၏ GDP ပမာဏမှာ ယွမ်ငွေ ၅၉၃၀၃.၄ ဘီလီယံရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅.၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပထမ ၃ လပတ်တွင် တရုတ်ပြည်၏ GDP ပမာဏမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၄.၅ ရာခိုင်နှုန်း တိုးလာပြီး ဒုတိယ ၃ လပတ်တွင် တရုတ်ပြည်၏ GDP ပမာဏမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် စီးပွားရေးနှင့် လူမှုရေးသည် ပုံမှန်လည်ပတ်မှု အပြည့်အဝပြန်လည်လုပ်ဆောင်လာသောကြောင့် မက်ခရိုမူဝါဒများ အသက်ဝင်လာကာ  အမျိုးသားစီးပွားရေး ပြန်လည်ကောင်းမွန်လာပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ပြည်ပရင်းနှီးမြုပ်နှံမှု (FDI) ဝင်ရောက်မှု အားကောင်းခြင်းက တရုတ်စီးပွားရေး အရှိန်အဟုန်ကောင်းနေခြင်းအတွက် ကြီးမားသော အထောက်အပံ့ဖြစ်သည်။ယခုနှစ် ပထမ ၃ လပတ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှုမှာ အစောပိုင်းနှစ်ကထက် ၄.၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး ယွမ် ၄၀၈.၄၅ ဘီလီယံအထိရှိလာခဲ့သည်။ထိုသို့ဝင်ရောက်လာရာတွင် ပြင်သစ် (၆၃၅.၅ ရာခိုင်နှုန်း)၊ ဂျာမနီ (၆၀.၈ ရာခိုင်နှုန်း) နှင့် ဗြိတိန် (၆၈၀.၃ ရာခိုင်နှုန်း) အထိ တိုးတက်ရင်းနှီးမြုပ်နှံလာခဲ့သည်။  

ထိုပမာဏကိုကြည့်လျှင် GDP နှင့် FDI ဆက်စပ်မှုကို ထင်ထင်ရှားရှားမြင်ရမည်ဖြစ်သည်။

နှစ်စပိုင်းက နိုင်ငံတကာစီးပွားရေးပညာရှင်များ စိုးရိမ်ခဲ့သည့် လူဦးရေကျဆင်းခြင်းနှင့် အိုမင်းသော လူတန်းစားမြင့်တက်လာမှုကြောင့် တရုတ်စီးပွားရေးတိုးတက်မှုကို ထိခိုက်နိုင်မည်ဆိုသည့် ခန့်မှန်းမှုများမှာ ယခုအခါ လွဲမှားစပြုနေသည်ကို မြင်ရမည်ဖြစ်သည်။ထိုသည်မှာ ယခုနှစ် မတ်လ တတိယသက်တမ်းအဖြစ် ရှီကျင့်ဖျင် တာဝန်စယူကတည်းက တံခါးဖွင့်စီးပွားရေးကို ပိုမိုအားကောင်းအောင် ဆက်လက်အားပေးမည်ဆိုသောမူဝါဒနှင့် နိုင်ငံရေးတည်ငြိမ်မှုက ပြည်တွင်းစီးပွားရေးတိုးတက်မှုကို ဆက်လက်တည်ငြိမ်ကာ အရှိန်ရစေခြင်းဖြစ်သည်။

ထို့ပြင် အနောက်နိုင်ငံများ အတိုက်အခံလုပ်နေသည့် Belt and Road Initiative တွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၆၀ နီးပါး တက်ကြွစွာပါဝင်နေကြသည့် အချက်ကလည်း  Belt and Road Initiative ၏ ဗဟိုချက်ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို အားကောင်းစေခြင်းဖြစ်သည်။

တခြားတစ်ဘက်မှနေ၍လည်း Belt and Road Initiative ဖြင့် ကမ္ဘာတစ်ဝန်း ရုပ်ပိုင်းဆိုင်ရာအခြေခံ အဆောက်အအုံများတည်ဆောက်ရေးတွင် တရုတ်၏ အဓိကအာရုံစိုက်မှုကြောင့်လည်း ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများကြားတွင် ၎င်း၏သြဇာကြီးထွားလာမှုနှင့် စီးပွားရေးဆက်ဆံမှု ပို၍အားကောင်းလာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးကို တွန်းအားပေးခဲ့ပြီး ခေတ်သစ်၏ လိုအပ်ချက်ကို ပံ့ပိုးပေးခဲ့သည်။ပြီးခဲ့သည့်နှစ်က ကျယ်ကျယ်ပြန့်ပြန့် Covid လော့ခ်ဒေါင်းချထားသည့် မူဝါဒကို အသစ်ပြင်ခြင်းကြောင့် ယခု ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးကို လျင်မြန်စွာ ပြန်လည်ဦးမော့လာမည်ဟု ကျယ်ပြန့်စွာ မျှော်လင့်ထားသည်။

မျှော်လင့်ထားသည့်အတိုင်း တရုတ်၏ စီးပွားရေးသည့် အရှိန်အဟုန်ကောင်းကောင်းရလာခဲ့သည်။အစောပိုင်းနှစ်နှင့် နှိုင်းယှဉ်ပါက ဧပြီလမှ ဇွန်လအတွင်း တရုတ်နိုင်ငံ၏ GDP သည် ၆.၃ ရာခိုင်နှုန်း ပိုမိုကြီးမားခဲ့သည်။အမျိုးသားစာရင်းအင်းဗျူရိုမှ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် နှစ်စဉ်တိုးတက်မှုနှုန်းမှ ၄.၅ ရာခိုင်နှုန်းသို့ လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း ဆိုသည်။စီးပွားရေးပညာရှင်များက တိုးတက်မှုနှုန်းမှာ ၇.၃ ရာခိုင်နှုန်းအထိ အရှိန်မြှင့်လာမည်ဟု ခန့်မှန်းထားကြောင်း Reuters စစ်တမ်းတစ်ခုအရ သိရသည်။

ဇွန်လတစ်လတည်းအတွက် တိုးတက်မှုနှုန်းသည် မတ်လသုံးလပတ်တွင် ၂.၂ ရာခိုင်နှုန်း သုံးလပတ်ကာလမှ ၀.၈  ရာခိုင်နှုန်းသို့ နှေးကွေးသွားသည်။သို့သော် ထိုအရှိန်အဟုန်သည် ခန့်မှန်းချက် ၀.၅ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။ထို့ကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် တရုတ်ကို ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်နေရခြင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးသော တရုတ်နိုင်ငံကို မှီခိုမှုအရှိဆုံးနိုင်ငံဖြစ်သည့် ဩစတြေးလျသည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေသည့် နိုင်ငံများထဲတွင် ပါဝင်ကြောင်း သြစတြေးလျ ထိပ်တန်းစီးပွားရေးဝန်ကြီး ဂျင်းချန်လ်မာက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ထိုသည်မှာ တရုတ်၏ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လည်ပတ်နေမှုက ကမ္ဘာ့နိုင်ငံများအတွက် မည်မျှအရေးပါနေသည်ကို ပြသနေခြင်းပင်ဖြစ်သည်။

ထို့ကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံ၏ စီးပွားရေး ရေရှည်တိုးတက်မှုအခြေအနေ ပြောင်းလဲခြင်းမရှိကြောင်း၊ ကြံ့ခိုင်မှု၊ အလားအလာကောင်းမွန်မှုနှင့် တက် ကြွမှုဖြစ်သော ထူးခြားချက်များ ပြောင်းလဲခြင်းမရှိကြောင်း၊ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံပေးသည့် အခြေအနေများလည်း ပြောင်းလဲခြင်းမရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသည့် အပြုသဘောဆောင်သော အချက်များများလာခြင်းဖြင့် စီးပွားရေးခြေအနေ ဆက်လက်ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရာရှိကြောင်း ပြောခဲ့ခြင်းဖြစ်လေသည်။

လင်းသစ်အောင်