【 နိုင်ငံတကာဆောင်းပါး 】 နျူကလီးယား ခြိမ်းခြောက်မှုဖြင့် အနောက်တိုင်းကို ပူတင် စိတ်ကြိုက်အသုံးချနေ

【 နိုင်ငံတကာဆောင်းပါး 】 နျူကလီးယား ခြိမ်းခြောက်မှုဖြင့် အနောက်တိုင်းကို ပူတင် စိတ်ကြိုက်အသုံးချနေ

ရုရှားကို ဆန့်ကျင်သည့် သတင်းအချက်အလက်တိုက်ခိုက်မှု ကြီးမားနေကြောင်း ၂၀၁၆ ခုနှစ် ဇွန်လတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သတိပေးသည်။ထိုသို့သတိပေးခြင်းမှာ အနောက်နိုင်ငံများသည် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေသည်ဆိုသည့် ကရင်မလင်နန်းတော်၏ များပြားလှသော စွပ်စွဲချက်များအနက် တစ်ခုသာဖြစ်သည်။

သို့သော် လက်တွေ့တွင် မော်စကိုအနေဖြင့် အနောက်နိုင်ငံများကို ချိန်ဆတွက်ချက်ထားသော သြဇာစစ်ဆင်ရေးဖြင့် ထင်သလိုကစားရန် ခွင့်ပြုထားသူများမှာ အနောက်နိုင်ငံများပင်ဖြစ်သည်။ထိုသို့သော စစ်ဆင်ရေးများတွင် ပူတင်၏ အထိရောက်ဆုံး နည်းဗျူဟာမှာ ယူကရိန်းစစ်ပွဲ ပိုမိုပြင်းထန်လာမည်ကို အနောက်နိုင်ငံများ၏ စိုးရိမ်မှုကို ကစားရန် နျူကလီးယားခြိမ်းခြောက်မှုသုံးသည့် နည်းလမ်းဖြစ်သည်။သူသည် ယူကရိန်းသို့ အနောက်နိုင်ငံများက အကူအညီတိုးချဲ့ပေးခြင်း၊ လက်နက်သစ်များပေးခြင်းနှင့် ယူကရိန်းက မော်စကိုကို အောင်ပွဲခံရေးကို အပြည့်အဝထောက်ခံခြင်းတို့ကို တားဆီးရန် ထိုနည်းဗျူဟာကို ပူတင် အကြိမ်ကြိမ် အောင်မြင်စွာသုံးနေသည်။

ထိုသို့သော လိုသလိုကစားခြင်းများသည် ဆိုဗီယက်ခေတ်က တန်ပြန်သက်ရောက်စေသည့် ထိန်းချုပ်မှုနည်းလမ်းဟောင်းသာဖြစ်သည်။တန်ပြန်သက်ရောက်သည့် ထိန်းချုပ်မှုနည်းလမ်းဆိုသည်မှာ ရန်သူက ၎င်းတို့ဆုံးဖြတ်ချက်ဖြင့် ကရင်မလင် အကျိုးစီးပွားဖြစ်စေမည့် လုပ်ရပ်ကို လုပ်စေရန် ပုံဖော်ထားသည့် သတင်းအချက်အလက်များကို ပုံမှန်ပေးခြင်းဖြစ်သည်။ရုရှားက ယူရိန်းကို နယ်ချဲ့သိမ်းပိုက်သည့် အခြေအနေတွင် နျူကလီးယားတင်းမာမှု ခြိမ်းခြောက်ခြင်းသည် အနောက်နိုင်ငံများအနေဖြင့် ရုရှားအကျိုးရှိမည့် လုပ်ရပ်တစ်ခုခုလုပ်စေရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပူတင် သိသည်။

ပူတင်သည် ဝါရှင်တန်၊ ဘာလင်နှင့် အခြားအနောက်မြို့တော်များမှ ယူကရိန်းကို ထောက်ခံသူများကို အသုံးချရေးအတွက် အနောက်နိုင်ငံများက နျူကလီးယားတင်းမာမှုကို စိုးရိမ်ခြင်းကို မှီခိုအားထားသည်။ရလဒ်မှာ ပူတင်ကို တွန်းအားအလွန်အကျွံမပေးမိရန် အနောက်နိုင်ငံများ ၎င်းတို့ကိုယ် ၎င်းတို့ ပြန်လည်တားဆီးနေရခြင်းဖြစ်သည်။အထူးသဖြင့် ဘိုင်ဒင်အစိုးရသည် ထိုနည်းဖြင့် ပူတင်က ၎င်းတို့ကို အသုံးချသည်ကို ခွင့်ပြုထားသည်။ယူကရိန်းသို့ စစ်ရေးအကူအညီ အကန့်အသတ်ဖြင့်သာ ပေးသည်။အချို့လက်နက်များကို ယူကရိန်းက မည်သို့သုံးရမည်ဆိုသည့် ကန့်သတ်ချက်များ ချမှတ်ထားသည်။

မြောက်အတ္တလန္တိတ်စာချုပ် မဟာမိတ်များက ယူကရိန်းသို့ အမေရိကလက်နက်များ ပြန်လည်တင်ပို့ခြင်း ခွင့်ပြုချက် နှောင့်နှေးအောင်လုပ်ရသည်။အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များသည် ယူကရိန်းကို အမှန်တကယ်အနိုင်ယူလိုပါက ကရင်မလင်၏ လှည့်ကွက်ကို နားလည်ရန် အချိန်ရောက်ပြီဖြစ်သည်။

ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် နျူကလီးယားတင်းမာမှုမြင့်မားခြင်း ကစားကွက်ကို စတင်ထုတ်သုံးသည်။၎င်းတို့၏လမ်းကြောင်းကို မနှောင့်ယှက်ရန် သတိပေးသည့်အနေဖြင့် ရုရှားသည် ၎င်း၏နျူကလီးယားတပ်ဖွဲ့ကို မြင့်မားစွာ တပ်လှန့်ထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပူတင်က သူ၏ နျူကလီးယားခြိမ်းခြောက်မှုကို အလေးအနက်ထားရန် အနောက်နိုင်ငံများကို သတိပေးသည်။

ထို့နောက် ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ ကမ္ဘာသည် ကမ္ဘာ့နိဂုံး နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေရှိသော စစ်နှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်ပြည်သူများကို သတိပေးပြီး ပက်ဗ်လော့၏ အစမ်းသပ်ခံခွေးကဲ့သို့ပင် အနောက် သတင်းမီဒီယာများကလည်း တုန်လှုပ်စရာ တတိယကမ္ဘာစစ် မြင်ကွင်းများကို ဖော်ပြကြသည်။ထိုသို့ နျူကလီးယား တင်းမာမှုကို စိုးရိမ်စိတ်ကြောင့် ဘိုင်ဒင်အစိုးရသည် ပိုမိုဝေးကွာစွာပစ်ခတ်နိုင်သည့် Army Tactical Missile Systems ဒုံးကျည်များအပါအဝင် ယူကရိန်းသို့ပေးရန် ငြင်းဆန်နေသည့် လက်နက်အများအပြားရှိသည်။ထိုနည်းဗျူဟာသည် အလုပ်ဖြစ်သည်ဟု ကရင်မလင်က မြင်သည်။

ယခုနှစ် ဇွန်လတွင် ဘီလာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုက ရုရှားသည် နည်းဗျူဟာ နျူကလီးယားထိပ်ဖူးများကို ဘီလာရုစ်သို့ ပေးပို့ထားကြောင်း အတည်ပြုသည်။နောက်တစ်ပတ်ကြာသောအခါ ဘိုင်ဒင်က ထိုလုပ်ရပ်သည် စစ်တွင် ပူတင်က နျူကလီးယားလက်နက်သုံးမည့် ယုံကြည်လောက်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောသည်။လွန်ခဲ့သောအပတ်ကပင် ရုရှားက ၎င်းသည် အဆင့်မြင့် Sarmat နျူကလီးယား ဒုံးကျည်စနစ်ကို ထိုးစစ်တာဝန်တွင် ချထားသည်ဟု ကြေညာပြီး မော်စကို၏ ရန်သူများအနေဖြင့် ၂ ကြိမ် စဉ်းစားရန် သတိပေးသည်။

စစ်အေးတိုက်ပွဲ အမှတ်သညာများနှင့် ထို စစ်အေး နျူကလီးယားခြိမ်းခြောက်မှုသည် ပြည်သူများ၏စိတ်တွင်ရှိနေပြီး နျူကလီးယားတိုက်ခိုက်မှုအကြောင်း မည်သည့်ပြောဆိုမှုမဆိုသည် အများပြည်သူ၏ အမှတ်သညာတွင် ကမ္ဘာ့နိဂုံး နျူကလီးယားစစ် မြင်ကွင်းများ ပေါ်လာမည်ကို ပူတင် ကောင်းစွာသိသည်။ထို့ကြောင့် သူနှင့် သူ့ကို ကူညီသူများသည် နျူကလီးယားအကြောက်တရားခလုပ်ကို နှိပ်ရသည်ကို မငြီးမငွေ့လုပ်ကြသည်။

ထို့ကြောင့် ရုရှား၏ စကားများသည် တတိယကမ္ဘာစစ် မြင်ကွင်းများကို ပုံဖော်ပေးပြီး ယူကရိန်းတွင် ရုရှား၏ နျူကလီးယား နည်းဗျူဟာလက်နက်များ သုံးမည်ဟု ခြိမ်းခြောက်ကာ ယူကရိန်းသည် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု ဖောက်ခွဲရန် ကြံစည်နေသည်ဟု စွပ်စွဲသည်။သို့သော် လက်တွေ့တွင် ဇာပိုရီဇာရီးယား နျူကလီးယားစက်ရုံတွင် မိုင်းထောင်ချောက်ဆင်ထားသည်မှာ ရုရှားဖြစ်သည်။

ထိုလုပ်ရပ်အားလုံးသည် အနောက်တိုင်း သတင်းခေါင်းစဉ်များကို ဖမ်းစားရန်၊ အကြောက်တရားလှုံ့ဆော်ရန်နှင့် ၎င်းတို့ကိုယ် ၎င်းတို့ ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်ကို ကျိုးကြောင်းဆီလျော်စွာ တုံ့ပြန်သည်ဟု ထင်နေသည့် အနောက်တိုင်းခေါင်းဆောင်များကို နိုင်ငံရေးဖိအားပေးရန် ရည်ရွယ်သည်။လုံးဝနီးပါး မသိမသာဖြစ်နေသော အချက်မှာ ကရင်မလင်က ပေးပို့သည့် သတင်စကားများသည် အနောက်တိုင်းတွေးခေါ်မှုကို သြဇာလွှမ်းမိုးနေပြီး မော်စကို၏ ဦးတည်ချက်များ ထောက်ခံရန် ဆုံဖြတ်ချက်များချနေရသည်။

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုသည် အနောက်တိုင်းမှ မူဝါဒချမှတ်သူများကို စိတ်မသက်မသာဖြစ်စေသော်လည်း ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ ကရီလို ဘန်ဒါနော့ဗ်က ရုရှားသည် ၎င်းတို့မလုပ်မည့် ကိစ္စများကို လုပ်မည့်သဘော လိမ်လည်ပြောကာ အမှန်တကယ်လုပ်မည့်ကိစ္စများ အောင်မြင်အောင် လုပ်နေသည်ဟု မြင်သည်။သူမှန်နိုင်သည် အထူးသဖြင့် ရုရှားတွေးခေါ်မှုမှ စစ်ဆင်ရေးများကို သြဇာလွှမ်းမိုးရန် ဦးစားပေးသောကြောင့် မှန်နိုင်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်ကလည်း “သတင်းအချက်အလက်စစ်ပွဲသည် နှစ်နိုင်ငံ (သို့မဟုတ်) ထိုထက်များပြားသော နိုင်ငံများမှ သတင်းစစ်မျက်နှာတွင် ထိပ်တိုက်တွေ့ခြင်းဖြစ်သည်။နိုင်ငံနှင့် လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်စေရန် ကြီးမားသော စိတ်ဓာတ်စစ်ဆင်ရေး လှည့်ကွက်သာမက ဆန့်ကျင်ဘက်အင်အားစု အကျိုးအတွက် ဆုံးဖြတ်ချစေရန် နိုင်ငံများကို အတင်းအကျပ်စေခိုင်းခြင်းလည်းဖြစ်သည်” ဟု ဖော်ပြထားသည်။

ပူတင် မည်သည့်ကိစ္စကိုလုပ်ရန် စိတ်အားထက်သန်နေသည်ကို မိမိတို့မသိသည်မှာ မှန်သည်။အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဥက္ကဋ္ဌ ဝီလီယံဘန်းစ်က အလားအလာရှိသော မျှော်လင့်ချက်ကင်းမဲ့မှုကြောင့် ပူတင်သည် နည်းဗျူဟာ နျူကလီးယားလက်နက်များသုံးရန် ဆုံးဖြတ်နိုင်သည်။သို့သော် ပူတင်တွင် နျူကလီးယားလက်နက်များကို သုံးရန် ကျိုးကြောင်းဆီလျော်သည့် စေ့ဆော်မှုမရှိပေ။

ပထမဆုံးအချက်မှာ ပြတ်ပြတ်သားသား အောင်ပွဲမရှိသောကြောင့် သူ၏သေနင်္ဂဗျူဟာမှာ ရေရှည်စစ်ပွဲဖြစ်ပြီး ယူကရိန်းကို ကူညီမည့် အနောက်တိုင်း၏ ဆန္ဒနှင့် စွမ်းရည် ကုန်ခမ်းသွားအောင် (သို့မဟုတ်) ရုရှားလိုလားသည့် ခေါင်းဆောင်များ အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများ၏ ရွေးကောက်ပွဲများတွင် ပေါ်ထွက်လာအောင် စောင့်ရေးဖြစ်သည်။နျူကလီးယားထိပ်တိုက်တွေ့မှုသည် ထိုပိုမိုကောင်းမွန်သောရလဒ်အတွက် အတားအဆီးဖြစ်သည်။

ဒုတိယအချက်မှာ ရုရှားမှီခိုအားထားသည့် အရေးပါသော မဟာမိတ် တရုတ်နှင့် အိန္ဒိယသည်လည်း နျူလက်နက်သုံးမည့်ကိစ္စကို ဆန့်ကျင်ကြောင်း ရုရှားကို သတိပေးထားပြီးဖြစ်နိုင်သည်။

တတိယအချက်မှာ ယူကရိန်းတွင် ရေဒီယိုသတ္တိကြွခြင်းသည် အိမ်နီးချင်း ရုရှားနိုင်ငံနှင့် မဝေးလှဘဲ ဒေသတွင်း အဓိကတိုက်ခိုက်သည့် အနောက်ဘက်မှ လေများကြောင့် ရုရှားကို ပြန်လည်ထိခိုက်စေမည်ဖြစ်သည်ဟု ဖော်ပြသည်။

သို့သော် နျူကလီးယားပြဿနာသည် သေနင်္ဂဗျူဟာ ပကတိအခြေအနေနှင့် မဆိုင်ဘဲ အနောက်တိုင်းကို အောင်မြင်စွာလှည့်စားရန်နှင့်သာ သက်ဆိုင်သည်။သတင်းသမားတစ်ဦးက ထိုစဉ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဖလောရင့် ပါလေကို သူမ၏နိုင်ငံက ယူကရိန်းသို့တပ်များ စေလွှတ်မည်လားဟု မေးသောအခါ သူ၏ဟာသဆန်သော နောက်ပြောင်သည့် အဖြေမှာ “ရှင်က နျူကလီးယားစစ်ပွဲ ဖြစ်စေချင်တာလား” ဟု ဖြစ်သည်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး  အန်နာလီနာ ဘားဘော့က ဂျာမဏီသည် ပူတင်၏ နျူကလီးယားခြိမ်းခြောက်မှုကို လွန်စွာအလေးအနက်ထားကြောင်း ပြောသည်။ထိုထက် အနှစ်သာရ ကင်းမဲ့သောစကား မရှိတော့ပေ။ဂျာမန်ဝန်ကြီးချုပ် အိုလက်ဇ် ရှု့လ်ဇ်က ဂျာမဏီက ယူကရိန်းသို့ ပိုမိုကောင်းမွန်သည့် လက်နက်များ ထောက်ပံ့ရန် စိတ်အားမထက်သန်ခြင်းကို ကာကွယ်ပြီး “နျူကလီးယားစစ်မဖြစ်ရ” ဟု သတိပေးသည်။

အီတလီကာကွယ်ရေးဝန်ကြီး ဂွီဒို ခရော်ဆက်တိုက ရုရှားသည် ရှုံးနိမ့်မည့်အန္တရာယ် ရင်ဆိုင်ရပြီး ပြန်လမ်းမရှိသည့် အခြေအနေတွင် နျူကလီးယားလက်နက် သုံးနိုင်သည်ဟု သတိပေးသည်။

အခြားထင်ရှားသည့် အများပြည်သူခေါင်းဆောင်များကလည်း ရုရှားလှည့်ကွက်တွင် ဝင်ရောက်လာကြသည်။အမေရိကန် သမ္မတလောင်း ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာကလည်း “မိမိတို့သည် နျူကလီးယားစစ်ပွဲ၏ အစွန်းသို့ ဝင်ရောက်လာသည်” ဟု သတိပေးသလို ယူကရိန်းကျူးကျော်ခြင်းအတွက် ပူတင်သည် လွန်စွာပါးနပ်သည်ဟုပြောသည့် အမေရိကန်သမ္မတဟောင်း ထရမ့်ကလည်း “ပထမ တင့်ကားတွေလာမယ်။ပြီးတော့ နျူကလီးယားလက်နက်တွေ လာမယ်” ဟု ပြောသည်။

ကရင်မလင်ပြောလိုသည့်အချက်များကို လက်ခံပြောဆိုသည့် Fox သတင်းကြေညာသူဟောင်း တပ်ကားကာလ်ဆန်ကလည်း နျူကလီးယား စိတ္တဇကို ဖော်ပြသည်။

“ယူကရိန်းပြဿနာကြောင့် ချောင်ပိတ်ခံရပါက ပူတင်က မည်သည့်အတွက် နျူလက်နက်မသုံးဘဲနေမည်နည်း” ဟု သူမေးခွန်းထုတ်သည်။အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်း တူလ်စီ ဂတ်ဘတ်က ဘိုင်ဒင်သည် ကမ္ဘာဖျက်မည့် နျူကလီးယားစစ်ကို တွန်းပို့နေသည်ဟု ပြောသည်။ထိုစကားအားလုံး ကရင်မလင်အတွက် အောင်ပွဲဖြစ်သည်။

ဝါရှင်တန်အနေဖြင့် ပူတင်၏ ပရိယာယ်ကို နားလည်ရန်နှင့် မော်စကိုက ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းနေသည့် အကြောက်တရားကို ရပ်တန့်ပစ်ရန် အချိန်ကျနေပြီဖြစ်သည်။

ပထမဆုံး လှမ်းရမည့် ခြေလှမ်းမှာ ထိုနျူကလီးယားအပြောအဆိုကို ပြောင်းလဲရန်ဖြစ်သည်။ထိုရည်မှန်းချက်အတွက် ဘိုင်ဒင်က ရုရှားသည် နျူကလီးယားလက်နက်သုံးပါက ပူတင်သည် ပိုမိုအထီးကျန်မည်ဟု ပြောထားပြီးဖြစ်သည်။

ရုရှားက နျူကလီးယား စစ်ဆင်လျှင် ဆိုးရွားသော အကျိုးဆက် ကျလာမည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး ဂျိတ် ဆူလီဗန် ပြောသည်။

NaYoe
Ref : Foreign Policy | With Nuclear Threats, Putin Plays the West Like a Fiddle