【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ဦးတည်ချက်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ဦးတည်ချက်

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အထိ အကျုံးဝင်မည် လာမည့် ငါးနှစ်စီမံကိန်းကို အကျဉ်းချုပ်ထုတ်ပြန်ခြင်းဖြင့် နည်းပညာသစ်အတွက် အစီအစဉ်အချို့ကို အကောင်အထည်ဖော်ခဲ့သည်။

နည်းပညာသည် ဝါရှင်တန်နှင့် ပေကျင်း၏ ဆက်ဆံရေးတွင် အငြင်းအခုံဖြစ်စရာအကောင်းဆုံး နယ်ပယ်များထဲမှ တစ်ခုဖြစ်ပြီး လာမည့်ဆယ်စုတစ်ခုနှင့် တစ်ဝက်အတွင်း ခေတ်မီတိုးတက်ရေးနှင့် မိမိကိုယ်ကိုယ်အားကိုးမှု မောင်းနှင်အားအတွက် အရေးကြီးသည်ဟု တရုတ်နိုင်ငံက ရှုမြင်သော နယ်ပယ်တစ်ခုဖြစ်သည်။

စာတမ်းအသစ်တွင် နိုင်ငံခြားမှ တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်ထည့်သွင်းခြင်းမှ ပြည်တွင်း၌ တီထွင်ဆန်းသစ်မှုများတွင် ရင်းနှီးမြုပ်နှံမှုဆီသို့ အာရုံစိုက်မှုပြောင်းသွားကြောင်း အချက်ပြခဲ့သည်။

ယင်းသည် နိုင်ငံအတွက် ယေဘုယျ ဦးတည်ချက် ချမှတ်ဖို့ တရုတ်နိုင်ငံက ထုတ်ပြန်သည့် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းဖြစ်သည်။ထို့အတွက် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင် ၃၀၀ (သို့မဟုတ်) ထိုထက်မက ပေကျင်းတွင် အသေးစိတ်အစီအစဉ်ကို ဆွေးနွေးပြီးနောက် အစီအစဉ်၏ အကျဉ်းချုပ်ကို အောက်တိုဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အကျဉ်းချုပ်အရ နိုင်ငံတော်က ပံ့ပိုးပေးသည့် သုတေသနကို အာမခံသည့် “ရှေ့သို့မျှော်၍ မဟာဗျူဟာကျသော” အဓိကနည်းပညာများစာရင်းတွင် ဉာဏ်ရည်တု၊ ကွမ်တမ်ဆက်သွယ်ရေး၊ ပေါင်းစပ်ပတ်လမ်းများ (integrated circuits )၊ ကျန်းမာရေးနှင့် ဇီဝဗေဒ အင်ဂျင်နီယာတို့ကို ထည့်သွင်းထားသည်။

ဤစာရင်းတွင် အာကာသယာဉ်၊ ရေနက်ပိုင်းနှင့် မြေအောက်နက်ပိုင်းနှင့် အာရုံကြောဆိုင်ရာ သုတေသနပြုမှုများ ပါဝင်ပြီးဖြစ်သည်။လာမည့်ငါးနှစ်အတွင်း တရုတ်သိပ္ပံပညာရှင်များနှင့် သုတေသီများသည် နယ်နိမိတ်ဆိုင်ရာ ပညာရပ်များကို နားလည်သဘောပေါက်ရန် အာရုံစိုက်သင့်သည်ဟု စာတမ်းတွင် ဖော်ပြထားရာ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေး၊ လူ့သားကျန်းမာရေးတို့ဖြစ်သည်။

ရှန်ဟိုင်းရှိ Fudan တက္ကသိုလ်မှ ပြည်သူ့မူဝါဒရေးရာ ပါမောက္ခနှင့် ဆန်းသစ်တီထွင်မှုမူဝါဒဆိုင်ရာ အထူးကျွမ်းကျင်သူ တန်လီက အဆိုပါအစီအစဉ်သည် တွေးခေါ်မှုကို အလေးပေးသည့် ပေကျင်း၏ အပြောင်းအလဲတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ မှ ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း အကျုံးဝင်သည့် ယခင်ငါးနှစ်စီမံကိန်းတွင် ပေကျင်း၏ မဟာဗျူဟာသည် အခြေခံသုတေသနကို အားကောင်းလာစေရန်နှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်ကို မြှင့်တင်ရန် အာရုံစိုက်ခဲ့သည်။နိုင်ငံခြားနည်းပညာများ ပေါင်းစပ်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်းကို အလေးအနက်ထားခဲ့သည်။

“ရာသီဥတုပြောင်းလဲမှုနှင့် ကျန်းမာရေးကဲ့သို့သော ကမ္ဘာ့ရေးရာများတွင် တရုတ်နှင့် လာမည့် အမေရိကန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်မည်ဆိုပါက… အနောက်နိုင်ငံများသည် ၎င်း၏နည်းပညာအချို့ကို အဓိကအသုံးပြုခွင့် ပိတ်ပင်ထားခြင်းများကို ဖြေလျှော့ပေးမည်ဖြစ်သော်လည်း အရေးကြီးသော STEM ပညာရပ်များ (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာနယ်ပယ်များကို ရည်ညွှန်းကာ) တွင် တရုတ်နိုင်ငံနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုအပေါ် စိစစ်သုံးသပ်မှုတို့ကို ဖြေလျှော့ပေးမည် မဟုတ်ပေ။

ယခင်အစီအစဉ်အရ  ပေါင်းစည်းခြင်းဆိုင်ရာ မဟာဗျူဟာနှင့် ပေါင်းစပ်လုပ်ဆောင်ခြင်းသည် ယခုထက် ထိရောက်မှု နည်းပါးသွားမည်ဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။

“တရုတ်သည် ၎င်း၏ ၂၀၃၅ ခေတ်မီတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုပါက နိုင်ငံခြားမှ အရေးပါသော အဓိကနည်းပညာများအပေါ် မှီခိုအားထားမှုကို လျှော့ချခြင်းသည် မရှိမဖြစ်လိုအပ်သည်” ဟု ဆိုသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းအေဂျင်စီ၏ ဒုဥက္ကဋ္ဌဟောင်း Zhang Xiaoqiang က ပေကျင်း၌ နိုဝင်ဘာလက ပြုလုပ်သည့် ဖိုရမ်တွင် တရုတ်နိုင်ငံသည် အပြိုင်အဆိုင်များလာသည်နှင့်အမျှ ခေတ်မီနိုင်ငံများသည် ၎င်းတို့၏ အနားသတ်များ ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ပေါင်းစည်းခြင်းနှင့် ပေါင်းစပ်ခြင်းအတွက် အခန်းကျဉ်းမြောင်းလာမည်ဟု ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ဂြိုဟ်တုတည်နေရာပြစနစ်များ၊ ခေတ်မီသင်္ဘောတည်ဆောက်မှု၊ စွမ်းအင်သုံးယာဉ်များနှင့် စက်ရုပ်များကဲ့သို့သော နယ်ပယ်များတွင် အခြားနိုင်ငံများနှင့် လိုက်လျောညီထွေ တိုးတက်ခဲ့ရာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်း၏ကိုယ်ပိုင်အားထုတ်မှုများကို အားကိုးရပေမည်ဟု တရုတ်ဘဏ္ဍာရေးသတင်း အေဂျင်စီ Caixin က ဖော်ပြခဲ့သည်။

ဆက်စပ် ငါးနှစ်စီမံကိန်း စာတမ်းတွင် NDRC သည် စကြဝဠာဖွဲ့စည်းပုံ၏ ဆင့်ကဲဖြစ်စဉ်၊ သက်ရှိ၏ မူလအစ၊ သိမြင်မှုသိပ္ပံနှင့် အနုမြူရူပဗေဒများကဲ့သို့သော ရည်မှန်းချက်ကြီးကြီးမားမားရှိသော သိပ္ပံဆိုင်ရာ နယ်နိမိတ်ရှာဖွေရေးအပိုင်းကို ထုတ်ဖော်ထားသည်။

စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီမှုဖြင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ သိပ္ပံပညာ၊ အာကာသယာဉ်၊ စက်ယန္တရားများနှင့် ဆေးဝါးများကဲ့သို့သော နယ်ပယ်များတွင်  တရုတ်ကို ကိုယ်ပိုင်အောင်မြင်မှုများရရှိစေရန် NDRC အနေဖြင့် ကြိုးပမ်းသင့်သည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ပေးနိုင်တဲ့ အစိမ်းရောင်နည်းပညာတွေကလည်း ဦးစားပေးဖြစ်သည်။ယင်းထဲတွင် ရေထိန်းသိမ်းခြင်းမှ စမတ်ကျသော စိုက်ပျိုးရေးအထိ ပါဝင်သည်။အများပြည်သူ ဘေးကင်းရေးနှင့် စမတ်မြို့တော် စီမံခန့်ခွဲမှု နည်းပညာများကိုလည်း  လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် စာရင်းတွင် ထည့်သွင်းထားသည်။

ကျန်းမာရေးအရ ဦးစားပေးလုပ်ငန်းများတွင် နာတာရှည်ရောဂါများနှင့် တိကျသောဆေးဝါး၊ ကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး၊ ဆေးဝါးဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာကိရိယာများနှင့် တရုတ်တိုင်းရင်းဆေးပညာတို့ ပါဝင်သည်။

“မဟာဗျူဟာမြောက် နည်းပညာမြင့် သုတေသန... သည် တိုင်းပြည်၏ စီးပွားရေး၊ ကာကွယ်ရေးနှင့် အခြားသော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အကာအကွယ်ပေးရန်အတွက် အခြေခံကျသည်” ဟု NDRC က ဆိုသည်။

ဗျူဟာမြောက် အဆင့်မြင့်နည်းပညာ ဦးစားပေးတွေအဖြစ် အဆင့်မြင့် ကွန်ပျူတာ၊ မိုဘိုင်းဆက်သွယ်ရေး၊ blockchain နှင့် အခြေခံဆော့ဖ်ဝဲလ်များကို ဦးစားပေး အချက်အလက် နည်းပညာများအဖြစ် စာရင်းပြုစုထားသည်။

စမတ်ကုန်ထုတ်လုပ်မှုနည်းပညာတွင် တစ်ဦးတည်းပိုင် ဆန်းသစ်တီထွင်မှုများအတွက် ဦးစားပေး တွန်းအားပေးမှုမှသည် စွမ်းဆောင်ရည်မြင့်မားသောထုတ်လုပ်မှု၊ စမတ်စက်ရုံများ၊ လေဆာထုတ်လုပ်ခြင်း၊ 3D ပုံနှိပ်စက်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတို့အထိဖြစ်သည်။

စွမ်းအင်ကဏ္ဍသစ်တွင် အဆင့်မြင့်နျူကလီးယားစွမ်းအင်၊ အဆင့်မြင့်စွမ်းအင်သိုလှောင်မှုစနစ်၊ ဟိုက်ဒရိုဂျင်လောင်စာနှင့် ဘက်ထရီများ၊ လေနှင့် နေရောင်ခြည်စွမ်းအင်အပြင် သမားရိုးကျမဟုတ်သော ဓာတ်အားပို့လွှတ်ခြင်းတို့ကို အာရုံစိုက်မည်ဖြစ်သည်။

အပင်များနှင့် တိရစ္ဆာန်များ၏ မော်လီကျူးမွေးမြူခြင်း၊ မျိုးဗီဇပြုပြင်ခြင်း၊ ဒြပ်ပစ္စည်းအသစ်များ၊ နက္ခတ္တဗေဒ ဒိုင်းနမစ်များ၊ အာကာသယာဉ်ဝန်ဆောင်မှုပေးခြင်းနှင့် အာကာသယာဉ်ထုတ်လုပ်ခြင်းတို့မှသည် NDRC မှ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးများအဖြစ် သတ်မှတ်ထားသော မဟာဗျူဟာနည်းပညာအချို့တို့လည်း ပါဝင်မည်ဖြစ်သည်။

ပေကျင်းသည် စီးပွားရေးလုပ်ငန်းများကို ပိုမိုကြီးမားသော အခန်းကဏ္ဍကိုပေးနေပြီး အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ သုတေသနတွင် အထက်မှ အောက်သို့ နိုင်ငံတော်ဦးဆောင်သော စနစ်အား ပြောင်းလဲရန်အတွက် ပြင်ဆင်ထားကြောင်း ပြသနေသည်။

ချဉ်းကပ်မှုအသစ်အရ၊ စီးပွားဖြစ်အဖွဲ့အစည်းများသည် လက်တွေ့ကျသော သုတေသနလုပ်ငန်းများကို တွန်းအားပေးနိုင်ပြီး အမျိုးသားသုတေသနအဖွဲ့များ၏ သီးသန့်နယ်မြေဖြစ်ခဲ့ဖူးသော အရာတစ်ခုဖြစ်သည့် ထိပ်တန်းသိပ္ပံတက္ကသိုလ်များနှင့် တက္ကသိုလ်များက အဓိကသုတေသနပရောဂျက်များကို လုပ်ဆောင်နိုင်သည်။

ငါးနှစ်စီမံကိန်း အနှစ်ချုပ်အရ ပုဂ္ဂလိကကုမ္ပဏီများကို သုတေသနတွင်ပါဝင်လာအောင် အားပေးရန်အတွက် အခွန်လျှော့ပေါ့ပေးမည်ဖြစ်သည်။

အာကာသ စူးစမ်းလေ့လာရေး ပရောဂျက်များနှင့် အဓိက သိပ္ပံဆိုင်ရာ သုတေသန အဆောက်အဦများအပါအဝင် ဆန်းသစ်တီထွင်မှုအား ပံ့ပိုးပေးသည့် အခြေခံအဆောက်အအုံသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးကို တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း NDRC က ဆိုသည်။

စိုးနိုင်ထွန်း
Ref - South China Morning Post|China’s hi-tech direction for the next five years