【 နိုင်ငံတကာဆောင်းပါး 】 တတိယအကြိမ် ခါးပတ်လမ်းဖိုရမ်တွင် သမ္မတ ရှီ ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

【 နိုင်ငံတကာဆောင်းပါး 】 တတိယအကြိမ် ခါးပတ်လမ်းဖိုရမ်တွင် သမ္မတ ရှီ ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် တတိယအကြိမ် ခါးပတ်လမ်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် အဖွင့်မိန့်ခွန်း ပြောကြားသည်။

မိန့်ခွန်းအပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်သည်။

ဂုဏ်သရေရှိ နိုင်ငံနဲ့ အစိုးရ အကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ၊ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ လူကြီးမင်းများ၊ မိတ်ဆွေများ ခင်ဗျား ...

ဒီနေ့မှာ ကျနော်တို့ဟာ တတိယအကြိမ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ခါးပတ်လမ်းဖိုရမ် (BRF) ဖွင့်ပွဲအတွက် ဒီမှာဆုံတွေ့ကြတာဖြစ်ပါတယ်။တရုတ်အစိုးရနဲ့ ပြည်သူတွေကိုယ်စား ခင်ဗျားတို့အားလုံးကို ကျနော်အရမ်း နွေးထွေးစွာ ကြိုဆိုလိုပါတယ်။  

ဒီနှစ်ဟာ ကျနော်အဆိုပြုခဲ့တဲ့ ခါးပတ်လမ်းအစီအစဉ် (BRI) ဆယ်နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပါတယ်။ရှေးဟောင်းပိုးလမ်းမကနေ စိတ်ခွန်အားရယူပြီး လမ်းပန်းဆက်သွယ်ရေး မြှင့်တင်ရေးကို အဓိကထားတဲ့ BRI ဟာ မူဝါဒ၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ပြည်သူချင်းဆက်သွယ်ရေးတို့ကို တိုးမြှင့်ဖို့၊ ကမ္ဘာ့စီးပွားရေးကို အရှိန်အဟုန်သစ် ထည့်သွင်းဖို့၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းသစ်တွေ ဖန်တီးဖို့နဲ့ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစင်မြင့်သစ် တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။  

ဒီဆယ်နှစ်တာကာလအတွင်း ကျနော်တို့ဟာ ဒီတည်ထောင်မှု ရည်ရွယ်ချက်ကို ဆက်လက် ကတိကဝတ်ပြုတယ်။ကျနော်တို့အားလုံးရဲ့ ပူးပေါင်းအားထုတ်မှုကြောင့် BRI နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အသက်ဝင်လာပြီး အလျင်အမြန်ကြီးထွားလာသလို အကျိုးရှိတဲ့ ရလဒ်ကောင်းတွေလည်း ဖြစ်ပေါ်စေတယ်။

BRI ပူးပေါင်းဆောင်ရွက်ရေးဟာ ယူရေးရှားတိုက်ကနေ အာဖရိကနဲ့ လက်တင်အမေရိကအထိ ကျယ်ပြန့်တယ်။နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်ဟာ BRI ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်။ကျနော်တို့ အရင်က BRF နှစ်ကြိမ် ကျင်းပခဲ့ပြီး BRI အောက်မှာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး အထူးပြုစင်မြင့် ၂၀ ကို ထူထောင်ခဲ့ပါတယ်။

BRI ပူးပေါင်းဆောင်ရွက်ရေးဟာ ကောက်ကြောင်းကနေ အသေးစိတ်တွေဖြည့်စွက်တဲ့အဆင့်ကို တိုးတက်လာပါပြီး စီမံချက်အဆင့်ကနေ စစ်မှန်တဲ့ စီမံကိန်းတွေ ဖြစ်လာပါတယ်။အဓိကကျတဲ့ စီမံကိန်းတွေ အများအပြားပါသလို သေးငယ်ပေမယ့် အဆင်မြင့်တဲ့ ပြည်သူဗဟိုပြု အစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

BRI ပူးပေါင်းဆောင်ရွက်မှုဟာ ရုပ်ပိုင်းဆက်သွယ်မှုကနေ အင်စတီကျူးရှင်းခြင်းဆက်သွယ်မှုအဖြစ် ကျယ်ပြန့်လာပါတယ်။အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ လမ်းညွှန်သဘောတရားတွေကို ချမှတ်ထားပြီး အဲဒီသဘောတရားတွေထဲမှာ “အတူတကွစီစဉ်၊ အတူတကွတည်ဆောက်၊ အတူတကွအကျိုးအမြတ်ခံစားရေးမူ၊ ပွင့်လင်း စိမ်းလန်း သန့်ရှင်းသော ပူးပေါင်းဆောင်ရွက်ရေး အတွေးအခေါ်နဲ့ အရည်အသွေးမြင့် ပြည်သူဗဟိုပြု ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေး ပန်းတိုင်တို့” ပါဝင်တယ်။

ဒီဆယ်နှစ်အတွင်း ကျနော်တို့ဟာ စီးပွားရေးစင်္ကြံတွေ၊ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ၊ သတင်းနည်းပညာ၊ အဝေးပြေးလမ်းတွေသာမက ရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ ပိုက်လိုင်းတွေနဲ့ မဟာဓာတ်အားလိုင်းတွေအပါအဝင် ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေးကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ ကျနော်တို့ အားထုတ်ခဲ့ပါတယ်။ကုန်းမြေ၊ သမုဒ္ဒရာ၊ ကောင်းကင်နဲ့ အင်တာနက်အထိ အကျုံးဝင်တဲ့ ဒီကွန်ရက်ဟာ အဖွဲ့ဝင်နိုင်ငံတွေမှာ ကုန်စည်၊ ငွေရင်း၊ နည်းပညာနဲ့ လူသားရင်းမြစ် စီးဆင်းမှုကို မြှင့်တင်ပေးပြီး ထောင်စုနှစ်ချီ ပိုးလမ်းဟောင်းကို ခေတ်သစ်မှာ ရှင်သန်မှုအသစ် ပေးခဲ့ပါတယ်။ရထားလမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့် မောင်းနှင်နေတဲ့ ရထားတွေ၊ လမ်းမတွေမှာ မောင်းနှင်နေတဲ့ ကားတွေ၊ မတူညီတဲ့ နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ လေကြောင်းခရီးစဉ်တွေ၊ လှိုင်းတွေကို ခွဲထွက်နေတဲ့ ကုန်တင်သင်္ဘောတွေနဲ့ အီးကောမာ့စ်ဟာ ပြည်သူတွေအတွက် အဆင်ပြေမှုများစွာ ယူဆောင်လာပေးတယ်။ဒါတွေအားလုံးဟာ အတိတ်က ကုလားအုပ်လှည်းတန်းတွေ ခုတ်မောင်းနေတဲ့ သင်္ဘောတွေလိုပဲ ခေတ်သစ် နိုင်ငံတကာကုန်သွယ်ရေးရဲ့ သင်္ကေတဖြစ်လာတယ်။

ရေအား၊ လေအား၊ ဆိုလာစွမ်းအင်အခြေပြု ဓာတ်အားပေးစက်ရုံတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ ပိုမိုခေတ်မီပြီး အပြန်အလှန်ဆက်သွယ်ထားတဲ့ ဓာတ်အားဖြန့်ချိရေးကွန်ရက်ဟာ စွမ်းအင်မလုံလောက်မှုကြောင့် ဖြစ်စေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကျပ်အတည်းကို ဖယ်ရှားလိုက်ပြီး အစိမ်းရောင် ကာဗွန်နိမ့် တိုးတက်မှုရရှိဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးလိုက်တယ်။ဒီစွမ်းအင် စီမံကိန်းတွေဟာ ခေတ်သစ်က ရေရှည်တည်တံ့တဲ့ တိုးတက်မှုအတွက် အိုအေစစ်နဲ့ မီးပြတိုက်ဖြစ်လာတယ်။

အသစ်စက်စက် လေဆိပ်တွေနဲ့ ဆိပ်ကမ်းတွေ၊ ချောမွေ့တဲ့ လမ်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အသစ်တည်ထောင်ထားတဲ့ စက်မှုဇုန်တွေဟာ စီးပွားရေးစင်္ကြံသစ်တွေနဲ့ စီးပွားတိုးတက်ရေး မောင်းနှင်အားသစ်ကို ဖန်တီးခဲ့ပြီး ခေတ်သစ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ ခေတ္တရပ်နားရာ နေရာတွေဖြစ်လာတယ်။

ကြွယ်ဝပြီး အရောင်အသွေးစုံတဲ့ ယဉ်ကျေးမှုနှစ်တွေ၊ အနုပညာပြပွဲတွေ၊ ကုန်စည်ပြပွဲနဲ့ ပြပွဲတွေ၊ လူဘန် အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ ပိုးလမ်း လူမှုအသိုက်အဝန်းတည်ဆောက်ရေးအစီအစဉ်၊ Brightness Action အစီအစဉ်နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ အတိုင်ပင်ခံသုတေသနလုပ်ငန်းများ၊ မီဒီယာအဖွဲ့စည်းများနဲ့ လူငယ်များအကြား အပြန်အလှန်ထိတွေ့ ဆက်ဆံခြင်းတွေ စတဲ့ အောင်မြင်ကြီးထွားနေတဲ့ လှုပ်ရှားမှုတွေဟာ ခေတ်သစ် ချစ်ကြည်ရင်းနှီးမှု ဆင်ဖိုနီဂီတဖြစ်လာတယ်။

ကိုဗစ်နိုင်တင်း ဖြစ်ပွားတဲ့အခါ BRI လမ်းက အသက်ကယ်လမ်းကြောင်းဖြစ်လာတယ်။တရုတ်နိုင်ငံဟာ ၁၀ ဘီလီယံ နှာခေါင်းစည်းနဲ့ ၂.၃ ဘီလီယံ ကာကွယ်ဆေးတွေကို အခြားနိုင်ငံတွေကို ပေးပို့ခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်မှာ ကာကွယ်ဆေး ပူးတွဲထုတ်လုပ်မှုတွေ လုပ်ခဲ့ပြီး BRI မိတ်ဆွေတွေရဲ့ ကိုဗစ်နိုင်တင်း တိုက်ဖျက်ရေး အားထုတ်မှုကို အထူးအကျိုးဆောင်ခဲ့ပါတယ်။ပြီးတော့ တရုတ်နိုင်ငံဟာလည်း ကပ်ရောဂါကြောင့် အကြီးအကျယ် အထိနာနေချိန်မှာ နိုင်ငံပေါင်း ၇၀ ကျော်က အဖိုးတန်တဲ့ အကူအညီတွေရခဲ့ပါတယ်။

BRI ပူးပေါင်းဆောင်ရွက်မှုဟာ “အတူတကွစီစဉ်၊ အတူတကွတည်ဆောက်၊ အတူတကွအကျိုးအမြတ်ခံစားရေးမူ” အပေါ် အခြေခံပါတယ်။ BRI ဟာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုတွေ၊ လူမှုစနစ်တွေနဲ့ ဖွံ့ဖြိုးမှုစနစ်တွေကြားက ကွဲပြားခြားနားမှုကို ကျော်လွှားနိုင်ပါတယ်။ BRI ဟာ နိုင်ငံများအကြား ဖလှယ်ရေးအတွက် လမ်းကြောင်းကိုဖွင့်ပေးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမူဘောင်သစ်ကို တည်ထောင်ပေးပါတယ်။ တကယ်တော့ BRI ဟာ လူသားထုအတွက် အားလုံးတိုးတက်မှုကို ကိုယ်စားပြုပါတယ်။

လူကြီးမင်းများ၊ မိတ်ဆွေများ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ကျနော်တို့ရဲ့ အောင်မြင်မှုတွေဟာ အမှန်တကယ် မှတ်သားစရာကောင်းပြီး ကျနော်တို့အနေနဲ့ အဲဒီကနေ မှတ်သားစရာ အများအပြားရှိပါတယ်။

လူသားမျိုးနွယ်ဟာ ဘုံအနာဂတ်ရှိတဲ့ လူမှုအသိုက်အဝန်းဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရှိရပါတယ်။ကမ္ဘာကြီးက အဆင်ပြေနေမှသာ တရုတ်နိုင်ငံလည်း အဆင်ပြေပါတယ်။တရုတ်က အခြေအနေကောင်းနေတဲ့အခါ ကမ္ဘာက ပိုလို့တောင် အခြေအနေကောင်းပါတယ်။ BRI ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် တရုတ်နိုင်ငံဟာ ကမ္ဘာအတွက် ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်ပြီး တရုတ်ကုန်းတွင်းဒေသတွေကို နောက်တန်းကနေ ရှေ့တန်းဖြစ်စေခဲ့ပြီး ကမ်းရိုးတန်းဒေသတွေဟာ တံခါးဖွင့်မှု ပိုမိုမြှင့်တင်ခဲ့ပါတယ်။တရုတ်ဈေးကွက်ဟာ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုနီးကပ်စွာ ပေါင်းစည်းမိလာပါတယ်။တရုတ်နိုင်ငံဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၄၀ ကျော်ရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတစ်ခုဖြစ်လာပြီး ပိုမိုများပြားတဲ့ နိုင်ငံတွေအတွက် ရင်းနှီးမြှုပ်နှံမှုရင်းမြစ် ဖြစ်လာပါတယ်။တရုတ်က ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပက တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုဟာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကို မြှင့်တင်ပေးပါတယ်။

နှစ်ဘက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားလုံးအကျိုးရှိတဲ့ အဓိကရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။နိုင်ငံတွေဟာ ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ပြီး အတူတကွလုပ်ဆောင်ရင် နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကို အများသုံးလမ်းဖြစ်စေပြီး ကုန်းတွင်းပိတ်နိုင်ငံတွေဟာ ကုန်းမြေဆက်စပ်နိုင်ငံတွေ ဖြစ်လာနိုင်သလို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နေရာတစ်ခုကို ကြွယ်ဝချမ်းသာတဲ့နေရာ ဖြစ်လာနိုင်တယ်။

စီးပွားရေးတိုးတက်မှုမှာ ဦးဆောင်တဲ့ နိုင်ငံတွေဟာ နောက်ကျကျန်ခဲ့တဲ့ သူတို့မိတ်ဘက်နိုင်ငံတွေကို ကူညီသင့်တယ်။ကျနော်တို့ဟာ အားလုံးကို မိတ်ဆွေတွေ မိတ်ဘက်တွေအဖြစ် ဆက်ဆံလေးစား ထောက်ခံပြီး တစ်နိုင်ငံ အောင်မြင်မှုအတွက် အခြားတစ်နိုင်ငံက ကူညီသင့်တယ်။သူတစ်ပါးကို နှင်းဆီပန်းလက်ဆောင်ပေးတဲ့အခါ သင့်လက်မှာ အမွှေးနံ့တွေ ကျန်နေရစ်တယ်ဆိုတဲ့ စကားပုံရှိပါတယ်။တစ်နည်းအားဖြင့်ဆိုရရင်တော့ သူတစ်ပါးကို ကူညီခြင်းဟာ ကိုယ့်ကိုကိုယ်ကူညီခြင်းလည်းဖြစ်ပါတယ်။အခြားတစ်ယောက်ရဲ့ တိုးတက်မှုကို ခြိမ်းခြောက်မှုအဖြစ်မြင်ခြင်း ဒါမှမဟုတ် စီးပွားရေးအရ အပြန်အလှန်မှီခိုမှုကို အန္တရာယ်အဖြစ် မြင်ခြင်းဟာ ကိုယ့်ဘဝကို ပိုမိုကောင်းမွန်စေခြင်းမရှိသလို တိုးတက်မှုကိုလည်း အရှိန်မြှင့်တင်မပေးနိုင်ပါဘူး။

ပိုးလမ်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးစိတ်ဓာတ်၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးအကျုံးဝင်မှု၊ အပြန်အလှန်လေ့လာခြင်းနဲ့ အပြန်အလှန်အကျိုးစီးပွားဟာ BRI ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးအပါဆုံး ခွန်အားရင်းမြစ်ဖြစ်တယ်ဆိုတာကို ကျနော်တို့လေ့လာခဲ့တယ်။ပိုးလမ်းကို စွန့်ဦးဖောက်လုပ်သူတွေဟာ သမိုင်းမှာနေရာရခဲ့တာ စစ်သင်္ဘောတွေ၊ အမြောက်တွေ၊ မြင်းတွေ ဓားတွေနဲ့ နယ်ချဲ့သိမ်းပိုက်သူတွေ မဟုတ်ဘူးဆိုတာ ကျနော် တစ်ခါက ပြောခဲ့ဖူးတယ်။အဲဒီလိုမဟုတ်ဘဲ သူတို့တွေကို ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုလားအုပ်လှည်းတန်းနဲ့ သင်္ဘောတွေကို ဦးဆောင်လာတဲ့ ချစ်ကြည်ရေးအထူးသံတမန်တွေအဖြစ်သာ အမှတ်ရနေကြတယ်။

BRI ပူးပေါင်းဆောင်ရွက်မှုဟာ အာလုံးက ဝိုင်းပြီး ထင်းထည့်ပေးလို့ တောက်ပနေတဲ့ မီးတောက်ဖြစ်ပြီး အပြန်အလှန်ထောက်ခံမှုဟာ ခရီးရောက်စေတယ်ဆိုတဲ့ ယုံကြည်မှုအပေါ် အခြေခံတယ်။အဲဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ  နိုင်ငံတစ်ခုတည်းက ပြည်သူတွေအတွက် ကောင်းမွန်တဲ့ဘဝကိုသာမက အခြားနိုင်ငံတွေက ပြည်သူတွေအတွက်လည်း ကောင်းမွန်တဲ့ဘဝ ရရှိစေပါတယ်။ဒီအစီအစဉ်ဟာ လမ်းပန်းဆက်သွယ်ရေး၊ အပြန်အလှန်အကျိုးရှိရေး၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်ဘက်အကျိုးရှိတဲ့ ရလဒ်တွေကို မြှင့်တင်ပေးတယ်။အတွေးအခေါ် ထိပ်တိုက်တွေ့ခြင်း၊ ပထဝီနိုင်ငံရေးအားပြိုင်မှုနဲ့ အုပ်စုဖွဲ့နိုင်ငံရေးဟာ ကျနော်တို့အတွက် ရွေးချယ်စရာမဟုတ်ဘူး။ကျနော်တို့က တစ်ဘက်သတ်အရေးယူပိတ်ဆို့ခြင်းတွေ၊ စီးပွားရေးအကျပ်ကိုင်မှုတွေ၊ လမ်းခွဲတာတွေနဲ့ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်ဖြတ်တောက်တာတွေကို ဆန့်ကျင်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကျနော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေက BRI ပူးပေါင်းဆောင်ရွက်မှုဟာ သမိုင်းရဲ့ အမှန်တရားဘက်မှာ ရပ်တည်နေကြောင်း ပြသခဲ့တယ်။ဒါဟာ ကျနော်တို့ခေတ်ရဲ့ တိုးတက်မှုနဲ့ ရှေ့ဆက်ရမယ့် မှန်ကန်တဲ့လမ်းဖြစ်ကြောင်း ဖော်ပြတယ်။

မတည်ငြိမ်တဲ့ကမ္ဘာမှာ ကျနော်တို့ဟာ အမြင်ရှင်းပြီး စိတ်အနှောင့်အယှက်မဖြစ်ဖို့လိုသလို ပြည်သူနဲ့ ကမ္ဘာအတွက် သမိုင်းအတွက် တာဝန်ကို ကျနော်တို့နားလည်ဖို့လိုတယ်။အမျိုးမျိုးသော ကမ္ဘာ့အန္တရာယ်နဲ့ စိန်ခေါ်မှုတွေကို ကျနော်တို့ ပူပေါင်းဖြေရှင်းသင့်ပြီး အနာဂတ်မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေး၊ တိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အကျိုးစီးပွားဆိုတဲ့ တောက်ပတဲ့ အနာဂတ်ကို ဖြည့်ဆည်းသင့်တယ်။

လူကြီးမင်းများ မိတ်ဆွေများ ကမ္ဘာ့အပြောင်းအလဲတွေ၊ ကျနော်တို့ခေတ်ရဲ့ အပြောင်းအလဲတွေ၊ သမိုင်းဆိုင်ရာထူးခြားမှု အပြောင်းအလဲတွေဟာ အရင်ကနဲ့မတူ ဖြစ်ပေါ်နေတယ်။တရုတ်နိုင်ငံဟာ ပိုမိုခိုင်မာတဲ့ နိုင်ငံဖြစ်အောင် တည်ဆောက်ဖို့ အားထုတ်နေပြီး စစ်မျက်နှာအားလုံးမှာ တရုတ်နိုင်ငံကို အားသစ်လောင်းဖို့ တရုတ်ခေတ်မီတိုးတက်ရေးကို လုပ်ဆောင်နေတယ်။ကျနော်တို့အကောင်အထည်ဖော်နေတဲ့ ခေတ်မီတိုးတက်ရေးဟာ တရုတ်တစ်နိုင်ငံတည်းအတွက်မဟုတ်ဘဲ ကျနော်တို့ ပူးပေါင်းအားထုတ်မှုကတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံအာလုံးအတွက်ဖြစ်တယ်။ကမ္ဘာ့ခေတ်မီရေးကို ငြိမ်းချမ်းသော တိုးတက်မှုနဲ့ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် အကောင်အထည်ဖော်သင့်ပြီး အားလုံးအတွက် ကြွယ်ဝချမ်းသာမှု ဆောင်ယူသင့်တယ်။ကျနော်တို့ ရှေ့ဆက်မယ့်လမ်းမှာ လေဆုန်၊ လေဆန်တွေရှိမယ်။ကျနော်တို့ဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုသာ အာရုံစိုက်သင့်ပြီး ရလဒ်ဦးတည်တဲ့ လုပ်ရပ်တွေလုပ်ကာ ကျနော်တို့ပန်းတိုင်ရောက်တဲ့အထိ ဇွဲရှိရှိ ဆက်လက်ချီတက်သင့်တယ်။

တရုတ်နိုင်ငံဟာ သက်ဆိုင်သူအားလုံးနဲ့ BRI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်လုပ်ပြီး အဲဒီပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့်တိုးတက်မှု အဆင့်သစ်ဖြစ်အောင်လုပ်ရင်း နိုင်ငံအားလုံးခေတ်မီရေး အောင်မြင်အောင် မဆုတ်မနစ် လုပ်ကိုင်သွားမယ်။

အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်မှုအတွက် စုပေါင်းအားထုတ်မှုကို အထောက်အကူပြုဖို့ တရုတ်နိုင်ငံက အဓိကကျတဲ့ ခြေလှမ်း ၈ ခု လုပ်မယ်လို့ ကျနော်အခုကြေညာလိုပါတယ်။

ပထမခြေလှမ်းကတော့ ဘက်စုံ BRI ကွန်ရက် ထူထောင်ရေးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ တရုတ်-ဥရောပ အမြန်ရထားလမ်း အရည်အသွေးမြင့်တိုးတက်ရေးကို အရှိန်မြှင့်တင်မယ်၊ ကက်စပီယံ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးစင်္ကြံမှာပါဝင်မယ်၊ တရုတ်-ဥရောပ ရထားလမ်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို လက်ခံကျင်းပမယ်၊ ယူရေးရှားတိုက်တစ်ခုလုံးကို ချိတ်ဆက်တဲ့ တိုက်ရိုက်ရထားနဲ့ ကားလမ်းဆက်သွယ်ရေးစင်္ကြံ တည်ဆောက်ရေး ပူးပေါင်းအားထုတ်မယ်။ရေကြောင်းပိုးလမ်းအောက်က ဆိပ်ကမ်းတွေ၊ သင်္ဘောလိုင်းတွေ၊ ကုန်သွယ်ရေးဝန်ဆောင်မှုတွေကို အင်တိုက်အားတိုက်ပေါင်းစည်းပြီး နိုင်ငံတကာကုန်းမြေ - ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ်နဲ့ လေကြောင်းပိုးလမ်း တည်ဆောက်ရေးကို အရှိန်မြှင့်တင်မယ်။

ဒုတိယအချက်ကတော့ ပွင့်လင်းတဲ့ ကမ္ဘာ့စီးပွားရေးကို အထောက်အကူပြုရေးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ ပိုးလမ်း အီးကောမာ့စ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှေ့ပြေးဇုန်တွေထူထောင်မယ်၊ ပိုမိုများပြားတဲ့ နိုင်ငံတွေနဲ့ လွတ်လပ်သော ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးစာချုပ်တွေ ချုပ်ဆိုမယ်။ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားမယ်။နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေး အဆင့်မြင့်စံနှုန်းတွေနဲ့ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်မြင့်တံခါးဖွင့်ခြင်းကို ပိုမိုရှေ့တန်းတင်ပြီး ဒစ်ဂျစ်တယ်နဲ့ အခြားထုတ်ကုန်တွေအတွက် ဈေးကွက်ဝင်ရောက်မှု ချဲ့ထွင်ပြီး နိုင်ငံပိုင်လုပ်ငန်းတွေ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ အစိုးရဝယ်ယူရေးတွေမှာ ပြုပြင်ပြောင်းလဲရေး ပိုမိုနက်ရှိုင်းအောင် လုပ်မယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်ရေးပြပွဲကို နှစ်စဉ်ကျင်းပမယ်။လာမယ့် ၅ နှစ် (၂၀၂၄-၂၈) အတွင်း တရုတ်နိုင်ငံရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုကုန်သွယ်ရေး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံနဲ့ အမေရိကန်ဒေါ်လာ ၅ ထရီလီယံ အသီးသီးရှိမယ်လို့ မျှော်လင့်ပါတယ်။

တတိယအချက်ကတော့ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ အဓိကကျတဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်သလို သေးငယ်ပေမယ့် အဆင့်မြင့်တဲ့ အသက်မွေးဝမ်းကြောင်းအစီအစဉ်တွေကိုလည်း အားပေးမှာဖြစ်ပါတယ်။တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နဲ့ တရုတ်ထုတ်ကုန်သွင်းကုန်ဘဏ်တွေဟာ ယွမ် မင်ဘီ ၃၅၀ အတိုင်းအတာရှိတဲ့ ရန်ပုံငွေတွေ အသီးသီးထူထောင်မှာဖြစ်ပါတယ်။နောက်ထပ် ယွမ် မင်ဘီ ၈၀ ဘီလီယံကိုလည်း ပိုးလမ်းရန်ပုံငွေကို ထည့်သွင်းမှာဖြစ်ပါတယ်။ဒီအစီအစဉ်တွေဟာ အတူပူးပေါင်းပြီး BRI စီမံကိန်းတွေကို ဈေးကွက်အခြေခံနဲ့ စီးပွားရေးလုပ်ငန်းအရ အထောက်အကူပြုမှာဖြစ်ပါတယ်။

ဖိုရမ်အတွင်း ကျင်းပခဲ့တဲ့ အမှုဆောင်အရာရှိချုပ်များညီလာခံမှာ အမေရိကန်ဒေါ်လာ ၉၇.၂ ဘီလီယံတန်တဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။တရုတ်နိုင်ငံဟာ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စီမံကိန်းအသေးစား ၁၀၀၀ ဆောင်ရွက်ပြီး လူဘန်အလုပ်ရုံနဲ့ အခြားအစီအစဉ်တွေကတစ်ဆင့် အသက်မွေးဝမ်းကြောင်းပညာရေးကို မြှင့်တင်မှာဖြစ်ပါတယ်။ BRI စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံစေဖို့အတွက်လည်း တရုတ်နိုင်ငံက ပူးပေါင်းအားထုတ်မှုတွေကို အရှိန်မြှင့်တင်မှာဖြစ်ပါတယ်။

စတုတ္တကတော့ အစိမ်းရောင်တိုးတက်မှုဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ အစိမ်းရောင်အခြေခံအဆောက်အအုံ၊ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင်သယ်ယူပို့ဆောင်ရေး စတဲ့ နယ်ပယ်တွေ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆက်လက်လုပ်ဆောင်ပြီး BRI နိုင်ငံတကာအစိမ်းရောင်တိုးတက်မှု မဟာမိတ်အဖွဲ့ကို ထောက်ခံမှုအဆင့် မြှင့်တင်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ BRI အစိမ်းရောင်တီထွင်ဆန်းသစ်မှုညီလာခံကို ဆက်လက်ကျင်းပမှာဖြစ်ပြီး ဆိုလာလုပ်ငန်းနဲ့ အစိမ်းရောင်ကာဗွန်နိမ့်တိုးတက်မှု ကျွမ်းကျင်သူများ ကွန်ရက်အတွက် ဆွေးနွေးဖလှယ်ရေး ယန္တရားကိုလည်း ထူထောင်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ BRI အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု သဘောတရားတွေကိုလည်း အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၃၀ ခုနှစ်ရောက်တဲ့အခါ မိတ်ဘက်နိုင်ငံများအတွက် လေ့ကျင့်သင်တန်းပေးတဲ့ အခွင့်အလမ်း ၁၀၀,၀၀၀ ပေးမှာဖြစ်ပါတယ်။

ပဉ္စမအချက်ကတော့ သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှု ရှေ့တန်းတင်ရေးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ BRI သိပ္ပံ၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်ပြီး ပထမဆုံးအကြိမ် BRI သိပ္ပံနဲ့ နည်းပညာ ဖလှယ်ရေးညီလာခံ ကျင်းပကာ လာမယ့် ၅ နှစ်အတွင်း အခြားအဖွဲ့ဝင်တွေနဲ့ ပူးတွဲဓာတ်ခွဲခန်း ၁၀၀ အထိ တိုးချဲ့ပြီး အခြားနိုင်ငံတွေက လူငယ်သိပ္ပံပညာရှင်တွေ တရုတ်မှာ ကာလတိုအလုပ်လုပ်ဖို့ ထောက်ပံ့မှာဖြစ်ပါတယ်။အခု ဖိုရမ်မှာ တရုတ်နိုင်ငံဟာ ဥဏ်ရည်တု စီမံအုပ်ချုပ်မှု ကမ္ဘာ့အစီအစဉ်ကို တင်ပြမှာဖြစ်ပါတယ်။ကျနော်တို့ဟာ အခြားနိုင်ငံတွေနဲ့ ဖလှယ်ဆွေးနွေးမှု တိုးမြှင့်ပြီး ကမ္ဘာမှာ ခိုင်မာစနစ်ကျ လုံခြုံတဲ့ ဉာဏ်ရည်တု တိုးတက်မှုကို အားပေးဖို့ အသင့်ရှိပါတယ်။

ဆဋ္ဌမအချက်ကတော့ တရုတ်နိုင်ငံဟာ ပြည်သူချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ BRI နိုင်ငံတွေနဲ့ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ဖို့ Liangzhu ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပါမယ်။အခုတည်ထောင်ထားပြီးတဲ့ တည်ထောင်ပြီးဖြစ်သော ပိုးလမ်း နိုင်ငံတကာဇာတ်သဘင်များအဖွဲ့ချုပ်၊ ပိုးလမ်း နိုင်ငံတကာအနုပညာပွဲတော်၊ ပိုးလမ်းပြတိုက်များ နိုင်ငံတကာမဟာမိတ်အဖွဲ့ချုပ်၊ ပိုးလမ်း ပန်းချီပြခန်းများ နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် ပိုလမ်း နိုင်ငံတကာစာကြည့်တိုက်များအဖွဲ့တို့အပြင် တရုတ်နိုင်ငံဟာ ပိုးလမ်းမြို့ကြီးများ နိုင်ငံတကာခရီးသွားလုပ်ငန်း မဟာမိတ်ကိုလည်း ထူထောင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ဟာ တရုတ်အစိုးရ ပိုးလမ်းမ ပညာသင်ဆုအစီအစဉ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

သတ္တမအချက်ကတော့ ရိုးသားတည်ကြည်မှု အခြေပြု BRI ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဆွေနိုင်ငံတွေနဲ့အတူ တရုတ်နိုင်ငံဟာ BRI ရိုးသားတည်ကြည်မှု တည်ဆောက်ရေးနဲ့ BRI ရိုးသားတည်ကြည်မှု တည်ဆောက်ရေး အဆင့်မြင့်မူတွေရဲ့ အောင်မြင်မှုများနဲ့ အလားအလာများကို ထုတ်ပြန်ပြီး BRI ပူးပေါင်းဆောင်ရွက်မှုမှာပါဝင်သော ကုမ္ပဏီများအတွက် လိုက်နာမှုအကဲဖြတ်ရေး စနစ်ကိုလည်း ထူထောင်သွားမှာဖြစ်ပါတယ်။ BRI ပူးပေါင်းဆောင်ရွက်ရေးမှာ ရိုးသာတည်ကြည်မှု မြှင့်တင်ရေးအတွက် သုတေသနနဲ့ သင်တန်းတွေကိုဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

အဋ္ဌမအချက်ကတော့ နိုင်ငံတကာ BRI ပူးပေါင်းဆောင်ရွက်မှုအတွက် အင်စတီကျူးရှင်းတည်ဆောက်ရေး တောင့်တင်းကြံ့ခိုင်ရေးဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ စွမ်းအင်၊ အခွန်ကောက်ခံခြင်း၊ ဘဏ္ဍာရေး၊ အစိမ်းရောင် တိုးတက်မှု၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ သုတေသနအတိုင်ပင်ခံလုပ်ငန်း၊ မီဒီယာ၊ ယဉ်ကျေးမှုနဲ့ အခြားနယ်ပယ်တွေအကျုံးဝင်တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး စင်မြင့်များ တည်ဆောက်ရေး တောင့်တင်းကြံ့ခိုင်ရေးအတွက် BRI မိတ်ဆွေတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ BRF တွေကို အိမ်ရှင်အဖြစ် ဆက်လက်ကျင်းပပြီး ဖိုရမ်အတွင်းရေးမှူးချုပ်ရုံးကိုလည်း ထူထောင်သွားမှာဖြစ်ပါတယ်။

လူကြီးမင်းများ မိတ်ဆွေများ လွန်ခဲ့တဲ့ဆယ်စုနှစ်ဟာ မြှုပ်နှံလုပ်ကိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အကျိုးရှိတဲ့ ရလဒ်ကောင်းများရဲ့ ခရီးစဉ်ဖြစ်ပါတယ်။ BRI ပူးပေါင်းဆောင်ရွက်မှုကို တရုတ်က အဆိုပြုခဲ့ပေမယ့် ဒီအစီအစဉ်ရဲ့ အကျိုးကျေးဇူးတွေနဲ့ အခွင့်အလမ်းတွေက တစ်ကမ္ဘာလုံး မျှဝေခံစားဖို့ဖြစ်ပါတယ်။ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ကျနော်တို့ဖြည့်ဆည်းကြပါစို့၊ သမိုင်းကပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ကြပါစို့၊ ခေတ်ရဲ့လမ်းကြောင်းမှာ အနီးကပ်လိုက်ပါကြပါစို့၊ စွမ်းအားရှိရှိ ရည်မှန်းချက်ရှိရှိ ဆက်လက်ဆောင်ရွက်ကြပါစို့။ BRI နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းအောင်လုပ်ပြီး BRI ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရည်အသွေးမြင့်မား ပိုမိုတိုးတက်တဲ့ အဆင့်သစ်ကို ပို့ဆောင်ကြပါစို့။နိုင်ငံအားလုံး ခေတ်မီရေးကို ရှေ့တန်းတင်ပြီး ဘုံတိုးတက်မှုအတွက် ပွင့်လင်း အားလုံးအကျုံးဝင်ပြီး အပြန်အလှန်ဆက်စပ်နေတဲ့ ကမ္ဘာကို တည်ဆောက်ကာ လူသားထုအတွက် ဘုံအနာဂတ်ရှိတဲ့ လူမှုအသိုက်အဝန်းကို ပူးတွဲတည်ဆောက်ကြပါစို့။

တတိယအကြိမ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး BRF အပြည့်အဝအောင်မြင်ဖို့ ကျနော်ဆုတောင်းပါတယ်။

ကျေးဇူးတင်ပါတယ်။

စိုးနိုင်ထွန်း