【 နိုင်ငံတကာဆောင်းပါး 】 စက္ကူဖြူစာတမ်းက ဖော်ပြတဲ့ BRI

【 နိုင်ငံတကာဆောင်းပါး 】 စက္ကူဖြူစာတမ်းက ဖော်ပြတဲ့ BRI

တရုတ်နိုင်ငံတော်ကောင်စီ သတင်းနှင့် ပြန်ကြားရေးရုံးက (ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်ခြင်း - လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ အဓိကဖော်ဆောင်မှု - Belt and Road Initiative (BRI) စက္ကူဖြူစာတမ်းကို Belt and Road Initiative (BRI) ဆိုင်ရာ စက္ကူဖြူစာတမ်းကို ယခုသီတင်းပတ် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါစာတမ်းတွင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ခဲ့သည့် BRI ၏ အထင်ကရ “ရာစုပရောဂျက်” အခန်းကဏ္ဍနှင့် တူညီသောအနာဂတ် ကမ္ဘာ့အသိုက်အဝန်းကို တည်ဆောက်ရန် ရည်မှန်းချက်ဖြစ်သည့် အသက်ရှင်နေထိုင်ခြင်းဆိုင်ရာ အောင်မြင်မှုများကို မီးမောင်းထိုးပြခဲ့သည်။

အဆိုပါစက္ကူဖြူစာတမ်းတွင် အပိုင်း ၅ ခုခွဲထားသည်။၎င်း ၅ ခုတွင်

အပိုင်း (၁) အဖြစ် တရုတ်နိုင်ငံက အဆိုပြုထားသော်လည်း ကမ္ဘာတစ်ခုလုံးနှင့် သက်ဆိုင်ခြင်း၊

အပိုင်း (၂) အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးဆီသို့ မျှဝေလမ်းခင်းထားခြင်း၊

အပိုင်း (၃) အဖြစ် နယ်ပယ်များစွာတွင် ဘက်စုံချိတ်ဆက်မှုကို မြှင့်တင်ခြင်း၊

အပိုင်း (၄) အဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးထဲသို့ အပြုသဘောဆောင်သော အားအင်ထည့်သွင်းခြင်း၊

အပိုင်း (၅) အဖြစ် အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်မှုတွင် တည်ငြိမ်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို လိုက်နာဆောင်ရွက်ခြင်းဆိုပြီး ခွဲခြားဖော်ပြခဲ့သည်။

စာတမ်းတွင် BRI အစပျိုးဖြစ်သည့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အတွေးအခေါ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် သမ္မတ ရှီကျင့်ဖျင်က အဆိုပြုခဲ့ပုံ၊ ယင်းနှစ် စက်တင်ဘာနှင့် အောက်တိုဘာလတွင် “ပိုးလမ်းမ စီးပွားရေးရပ်ဝန်း” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမ” အတူတည်ဆောက်ရေးကို ထပ်အဆိုပြုခဲ့ပုံကို ဖော်ပြထားသည်။

BRI စတင်အဆိုပြုခဲ့သည့် ၂၀၁၃ ခုနှစ်မှစလျှင် ၁၀ နှစ်ကြာကာလအတွင်း BRI ၏ ပရောဂျက်များသည် သက်ဆိုင်ရာနိုင်ငံများအတွက် လက်တွေ့ကျသော အကျိုးစီးပွားကို ဆောင်ကြဉ်းပေးခဲ့သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းမှု ကောင်းမွန်စွာတိုးတက်ရေး၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအခက်အခဲများကို အဖြေရှာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံရေးအတွက် အပြုသဘောအကျိုးဆောင်ပြီး လူသားမျိုးနွယ် အတူတကွ ခေတ်မီအသွင်ပြောင်းရေး ဖော်ဆောင်မှု၏ လမ်းကြောင်းသစ်ကို ဖွင့်လှစ်ခဲ့သလို လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို ကမ္ဘာ့နေရာတိုင်းတွင် ရှင်သန်နိုင်ရေးအတွက် တွန်းအားပေးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။  

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍကို အရှိန်အဟုန်ဖြင့် BRI ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ဖော်ဆောင်ခဲ့ရာ BRI မှာ ၁၀ နှစ်အတွင်း အကျယ်ပြန့်ဆုံး လွှမ်းခြုံနိုင်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကမ္ဘာ့အကြီးဆုံးပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ BRI သည် နိုင်ငံတကာဖလှယ်မှုများတွင် အတွေးအခေါ်သစ်များနှင့် ချဉ်းကပ်မှုအသစ်များကို ပံ့ပိုးပေးခဲ့ပြီး လူသားမျိုးနွယ်အပေါ် ပိုမိုကောင်းမွန်သော အနာဂတ်ကိုယူဆောင်သည့် တရားမျှတပြီး ပိုမိုမျှတသော ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်ပေးခဲ့ကြောင်း စက္ကူဖြူစာတမ်းက ဆိုထားသည်။

နိုင်ငံတိုင်း၏ ပြည်တွင်းရေးမူဝါဒများကို လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိသည့် BRI သဘောတူညီချက်က တိုးတက်မှုလိုအပ်သည့် နိုင်ငံများစွာ၏ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်စီးပွားရေးဖွံ့ဖြိုးမှု၊ ဒေသခံများ အကျိုးဖြစ်ထွန်းမှုကိုသာ အာရုံစိုက်ခဲ့ရာ BRI သည် ကမ္ဘာအတွက် အခင်းအကျင်းအသစ် ဖြစ်လာခဲ့သည်။ဆိုလိုသည်က အနောက်နိုင်ငံများ၏ နိုင်ငံရေးအရ ချုပ်ကိုင်မှုရှိသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းနှင့် ကွဲလွဲစွာ  BRI သဘောတူညီချက်များသည် နောက်ခံအခင်းအကျင်းမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ကွာခြားချက်အမျိုးမျိုးရှိသော နိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက်စဉ်းစားရာတွင် ရွေးချယ်စရာလမ်းကြောင်းအသစ်တစ်ခု ဖြစ်လာခဲ့သည်။  

ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် မူဝါဒညှိနှိုင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံကွန်ရက် ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားမည်ဟု ဖော်ပြထားသည်။စက္ကူဖြူစာတမ်းတွင် BRI သည် နိုင်ငံအသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပရောဂျက်များ၏ ကိန်းဂဏန်းနှင့် ဖြစ်ရပ်မှန်များမှတစ်ဆင့် သက်သေအထောက်အထားအခြေပြု ငြင်းခုံမှုများကို ဖော်ပြပြီး BRI သည် ပါဝင်သည့် နိုင်ငံများအတွက် အမှန်တကယ်အကျိုးရှိစေကြောင်းကို ပွင့်လင်းစွာဖော်ပြခဲ့သည်။ယခုထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် BRI သည် နယ်ပယ်အသီးသီးတွင် ဘက်စုံချိတ်ဆက်မှုကို မြှင့်တင်ပေးကြောင်း အလေးပေးဖော်ပြထားသည်။

BRI သည် သဟဇာတရှိသော စည်းမျဉ်းများနှင့် စံနှုန်းများမှတစ်ဆင့် ‘ပျော့ပျောင်းသော ချိတ်ဆက်မှု’ ကို မြှင့်တင်ခြင်းဖြင့်  ပြည်သူအချင်းချင်း ဆက်ဆံရေးကို ခိုင်မာစေပြီး မူဝါဒညှိနှိုင်းဆောင်ရွက်မှု၊ အခြေခံအဆောက် အအုံချိတ်ဆက်မှု၊ အတားအဆီးမဲ့ကုန်သွယ်မှု၊ ဘဏ္ဍာရေးပေါင်းစည်းမှုနှင့် အခြေခံအဆောက်အဦများတွင် ‘ခက်ခဲသော ဆက်သွယ်မှု’ ကို အာရုံစိုက်ခြင်းဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုသည်။

ငြိမ်းချမ်းသောကမ္ဘာ တည်ဆောက်ရေးတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကိုလည်း ဖော်ပြထားပြီး ဆော်ဒီအာရေဗျနှင့် အီရန်တို့ကြား မကြာသေးမီက အရှေ့အလယ်ပိုင်းတွင် ကြားဝင်ဖျန်ဖြေပေးခဲ့သည့် သဘောတူညီချက်အပြင် ယူကရိန်းအကျပ်အတည်းတွင် ၎င်း၏ ငြိမ်းချမ်းသော အဆိုပြုချက်အဖြစ် မီးမောင်းထိုးပြခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွင် ၎င်း၏အရင်းအမြစ်များ ပံ့ပိုးကူညီမှုကို တိုးမြှင့်လိုကြောင်းနှင့် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုမြန်ဆန်စွာ တိုးတက်လာစေရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီသွားရန် ဆန္ဒရှိကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် BRI ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုပါဝင်လာစေရန် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ရိုးသားစွာကြိုဆိုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြင့် ဘုံတိုးတက်မှုကို အမှန်တကယ်ရရှိစေရန်အတွက် အမှန်တကယ်ကူညီနိုင်သည့် မည်သည့်အစပြုမှုမျိုးကိုမဆို ပံ့ပိုးကူညီမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။

စာတမ်းခြုံငုံကြည့်ပါက ကမ္ဘာ့တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာသူ၊ ကမ္ဘာသားများ စားဝတ်နေရေးနှင့် အသက်အိုးအိမ်လုံခြုံရေးအတွက် တရုတ်က BRI ဖြင့် အာရုံစိုက်လုပ်ကိုင်နေမှုကို မြင်တွေ့ရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အပြန်အလှန်ဆက်နွယ်နေသော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသောကြောင့် နိုင်ငံများအနေဖြင့် အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားပြီး ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးဆီသို့ ဦးတည်သွားသင့်သည်ကို စာတမ်းက ဖော်ပြနေပေသည်။

လင်းသစ်အောင်