【 နိုင်ငံတကာဆောင်းပါး 】 ကိုယ်ပိုင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၏ စစ်ရေးဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】 ကိုယ်ပိုင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၏ စစ်ရေးဖွံ့ဖြိုးတိုးတက်မှု

အင်အားကြီးနိုင်ငံများသည် အမျိုးသားတည်ငြိမ်မှုကို ထိန်းသိမ်းရန်သာမက အခြားနိုင်ငံများမှ ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်နိုင်ရန်အတွက် ငြိမ်းချမ်းတည်ငြိမ်လုံခြုံသော ကမ္ဘာကြီးကို ဖန်တီးပေးရန်လည်း တာဝန်ရှိသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအနက် အပါအဝင်ဖြစ်သော တရုတ်ကလည်း ထိုမူဝါဒကို လက်ကိုင်ထားကာ တိကျသော လုပ်ဆောင်မှုများကို လုပ်ဆောင်လျက်ရှိသည်။  

စစ်ရေးအင်အားသည် နိုင်ငံတစ်နိုင်ငံအတွက် အဓိကဖြစ်ပြီး အမျိုးသားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတို့ကို ထိန်းသိမ်းရာ၌ အရေးပါသည်။စဉ်ဆက်မပြတ် ပြောင်းလဲလျက်ရှိသော မဟာဗျူဟာအခြေအနေများတွင် တရုတ်၏ စစ်တပ်ကို အင်အားချဲ့ထွင်ခြင်းသည် အရေးပါသောကဏ္ဍတွင် ရှိနေခြင်းဖြစ်သည်။  

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်၏ စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ခေတ်သစ်၌ စစ်တပ်အား အင်အားတောင့်တင်းစေရေး၊ တရုတ်ဝိသေသလက္ခဏာပါသော စွမ်းရည်ပြည့် စစ်တပ်တည်ဆောက်ရေးအတွက် မယိုင်မလဲရှိစေရေးနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ကမ္ဘာ့အဆင့်မီ စစ်တပ်အဖြစ် တည်ဆောက်ရေးတို့အတွက် အားထုတ်မှုများလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။  

ရှုပ်ထွေးသော လုံခြုံရေးပြဿနာများနှင့် လုံခြုံရေးခြိမ်းခြောက်မှုများရှိနေသော ပထဝီနိုင်ငံရေးအခြေအနေတွင် လမ်းမှန်ကို ရောက်ရှိနိုင်ရန်အတွက် တရုတ်အတွက် အင်အားကြီးသော စစ်တပ်တစ်ခု လိုအပ်သည်။သမိုင်းကြောင်းများကို အရေးမလုပ်ဘဲ အင်အားကြီးသူကသာ အားသာစတမ်း ကမ္ဘာကြီးတွင် အင်အားကြီးစစ်တပ်တစ်ခုရှိခြင်းက နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါပြီး တရုတ်ကဲ့သို့သော နယ်စပ်မျဉ်း ကြီးမားသော နိုင်ငံအတွက် ပို၍ပင် မရှိမဖြစ်လိုအပ်ခြင်းဖြစ်သည်။  

ထိုင်ဝမ်ကဲ့သို့သော ပြဿနာမျိုးတွင် ပြည်တွင်းနှင့် ပြည်ပရှိ ခွဲထွက်ရေးသမားမျိုး၏ လှုပ်ရှားမှုများကြောင့် စစ်တပ်အင်အားကို အသုံးပြုရခြင်းမှာ ချဲ့ကားနေသည့် လုပ်ရပ်မျိုးမဟုတ်ဘဲ ထိုသို့လုပ်မှသာ တရုတ်၏ နယ်မြေဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။  

ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စစ်တပ်ဖြင့်သာ တရုတ်၏ အမျိုးသားလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတို့ကို လုံခြုံစေမည်ဖြစ်သည်။ပြီးခဲ့သောနှစ်များတွင် အနောက်နိုင်ငံများက စစ်အေးခေတ် စိတ်ဓာတ်များကို မွေးမြူကာ တရုတ်အား ခြိမ်းခြောက်မှုအဖြစ် ရှုမြင်လာကြသည်။အချို့သောနိုင်ငံများသည် စည်းကျော်ပြီး တရုတ်အား ထိန်းချုပ်လိုသည့်အတွက် တရုတ်၏ အမျိုးသားလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများအပေါ် စိန်ခေါ်မှုများဖြစ်အောင် ပြုလုပ်ခဲ့သည်။  

အင်အားကောင်းသော စစ်တပ်မရှိပါက အမျိုးသားအချုပ်အခြာအာဏာ၊ နယ်မြေဂုဏ်သိက္ခာနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။စစ်တပ်တစ်ခု၏ အင်အားကို အရွယ်အစားဖြင့် တိုင်းတာနိုင်သည်ဆိုသော်လည်း ပို၍အရေးကြီးသည်မှာ အရည်အသွေးပင်ဖြစ်သည်။တရုတ်သည် ပြီးခဲ့သောနှစ်များတွင် စစ်တပ်အဖွဲ့အစည်းများ၏ အရည်အသွေးမြှင့်တင်ရေး သိသာသော အောင်မြင်မှုများရှိခဲ့ပြီး နည်းပညာတိုးတက်မှုကြောင့်ပင် အမေရိကန်နှင့်ပင် ရင်ဘောင်တန်းနိုင်သော ခေတ်မီစစ်တပ် တည်ဆောက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။  

အမေရိကန်နှင့် မဟာမိတ်များကမူ တရုတ်ကို ခြိမ်းခြောက်မှု အကြီးစားအဖြစ် ရှုမြင်ကြသောကြောင့် တရုတ်အနေဖြင့် နှစ်ဖက်ကြားတွင် အင်အားဟန်ချက်ရှိစေရန်နှင့် အမျိုးသားလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်ရေးတို့အတွက် ခေတ်မီစစ်တပ်တည်ဆောက်ရေးကို အရှိန်မြှင့်တင်ရန် လိုအပ်သည်။

ရှုပ်ထွေးပြီး မတည်ငြိမ်သော နိုင်ငံတကာလုံခြုံရေး ပတ်ဝန်းကျင်တွင် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြေရှင်းရန် တာဝန်ယူမှုရှိသော စစ်အင်အားများ လိုအပ်သည်။တရုတ်၏ စစ်တပ် တပ်ဖွဲ့များသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးတို့အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း တပ်ဖွဲ့များ၊ အကြမ်းဖက်တိုက်ဖျက်ရေး တပ်ဖွဲ့များတွင် ပါဝင်ခြင်း၊ ယာဉ်များကို လမ်းကြောင်းပြခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ပြဿနာများနှင့် စိန်ခေါ်မှုများ များစွာ ကျန်ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပိုကြီးမားသော ကာကွယ်သူဖြစ်ရန်နှင့် မျှဝေသော အနာဂတ်ရှိသည့် လူသားမျိုးနွယ်အသိုက်အဝန်း အယူဝါဒကို ပိုပြီးမြှင့်တင်ရန်အတွက် တရုတ်သည် ပိုပြီးအရည်အသွေးရှိသော၊ ခေတ်မီသော၊ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်ရှိသော၊ တုံ့ပြန်မှုမြန်ဆန်သော စစ်တပ်တစ်ခုအား တည်ဆောက်ရန် လိုအပ်သည်။

တရုတ်၏ ကာကွယ်ရေး စစ်ရေးမဟာဗျူဟာသည် ပုံမှန်အားဖြင့် ငြိမ်းချမ်းသည့် အသွင်ဆောင်သည်။ထို့ကြောင့် တရုတ်၏ စစ်တပ်အင်အား ချဲ့ထွင် တိုးတက်စေခြင်းသည် တရုတ်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ဝန်ထုပ်တစ်ခုမဟုတ်ဘဲ အားသာချက်တစ်ခုသာဖြစ်သည်။  

စိုးနိုင်ထွန်း
Ref - CMG| China's military development is key to its own defense, but also indispensable for global security