【 နိုင်ငံတကာဆောင်းပါး 】အောင်မြင်စွာပြီးဆုံးခဲ့သည့် ဟန်ကျိုးအာရှအားကစားပွဲနှင့် ဆောင်ကြဉ်းလာမှု

【 နိုင်ငံတကာဆောင်းပါး 】အောင်မြင်စွာပြီးဆုံးခဲ့သည့် ဟန်ကျိုးအာရှအားကစားပွဲနှင့် ဆောင်ကြဉ်းလာမှု                       

အားကစားပွဲဆိုသည်မှာ ယှဉ်ပြိုင်ခြင်းနှင့် ရင်းနှီးချစ်ကြည်မှုတိုးပွားခြင်းစေရန်ဆိုပါက လတ်တလော ကျင်းပပြီးစီးသွားသည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကိုသာပြရမည်ဖြစ်သည်။ အာရှနိုင်ငံများ အဓိကထားဝင် ရောက်ယှဉ်ပြိုင်ကြသည့် အာရှ အားကစားပြိုင်ပွဲသည် ယခုနှစ်တွင် နိုင်ငံတကာအတွက် တမျိုးတစ်ဖုံစိတ်ဝင်စားစရာဖြစ်ခဲ့သည်။

ကိုဗစ်ကပ်ဘေးနောက် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ တရုတ်တွင် ဆက်တိုက်ကျင်းပခဲ့သည်။ အိုလံပစ်ပြိုင်ပွဲ (ပေကျင်း-၂၀၂၂)၊ အာရှအားကစားပြိုင်ပွဲ(ဟန်ကျိုး-၂၀၂၃ )၊ နိုင်ငံတကာ နွေရာသီ အားကစား ပြိုင်ပွဲ(၂၀၂၃-ချန်ဒူး)တို့ဖြစ်သည်။ ထိုအားကစားပြိုင်ပွဲများကျင်းပချိန်တွင် တခြားသောအချိန်နှင့် မတူဘဲ ကမ္ဘာ သည် ကပ်ဘေးနှင့် စစ်မက်ဘေး၊နိုင်ငံရေးအားပြိုင်မှုများကြားထဲ ရောက်နေချိန်နှင့် တိုက်ဆိုင်နေလေ့ရှိရာ စိန်ခေါ် မှုများစွာရှိခဲ့သည်။

ယခုဟန်ကျိုးတွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲ ကျင်းပသည့်အခါ ထိုသို့သော အားပြိုင်မှုနှင့် ယူက ရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် ဖြစ်လာသော စွမ်းအင်အကျပ်အတည်းများနှင့် စစ်ရိပ်စစ်ငွေ့သမ်းမှုက အာရှ အပါအဝင်ကမ္ဘာတစ်ခွင်သို့ ရိုက်ခတ်မှုရှိလာနေချိန်လည်း ဖြစ်နေသည်။ သို့ဖြစ်ရာ ကမ္ဘာ့အတွက် စိတ်အား တက် စရာအကြောင်း နည်းနေသည့်အချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွင် ကျင်းပမည့် ဟန့်ကျိုးအာရှအားကစား ပြိုင် ပွဲကို အပြောင်းအလွဲအဖြစ် စိတ်ဝင်စားလာသည်။ တစ်နည်းအားဖြင့်လည်း တရုတ်နိုင်ငံ၏ကတိကဝတ်ဖြစ်သော  “အားကစား စွမ်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်”ဆိုသော အချက်ကြောင့်လည်းဖြစ်သည်။

 လွန်ခဲ့သည့် ၃၅ နှစ်အတွင်း အာရှအားကစားပြိုင်ပွဲ (၁၉၉၀(ပေကျင်း)၊ ၂၀၁၀( ကွမ်ကျိုး)၊ ၂၀၂၃( ဟန် ကျိုး)၊ အိုလံပစ်ပြိုင်ပွဲ ၂ ခု (ပေကျင်း၂၀၀၈ နှင့် ၂၀၂၂ ) နှင့် နိုင်ငံတကာ နွေရာသီ အားကစားပြိုင်ပွဲ (၂၀၂၃၊ ချန်ဒူး) တို့ကို တရုတ်မြေပေါ်တွင် ကျင်းပခဲ့သည်။

ယခုနှစ်ဟန်ကျိုးတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အာရှနိုင်ငံ ၄၀ ကျော်မှ အားကစားသမား ၁၂,၅၀၀ ကျော် စုဝေးခဲ့ကြသည်။ ကပ်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေသောကြောင့် တစ်နှစ်ရွှေ့ဆိုင်းထားသည့် ၂၀၂၃ အာရှအားကစားပြိုင်ပွဲအကြိုတွင် နိုင်ငံတကာဧည့်သည်များကို တရုတ် သမ္မတ က မိန့်ခွန်းပြောကြားခဲ့သည်။ အာရှသည် လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေး ဗဟိုချက်ဖြစ်လာရန် အံ့သြဖွယ်ကောင်းသော အလားအလာများကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ပြောခဲ့သည်။

ယခင်က အားကစားပွဲများသည် စစ်ပွဲများအစား ဖြစ်သည်။ စစ်အေးတိုက်ပွဲကို မှတ်မိသူများဆိုလျှင် နိုင်ငံ တကာအားကစား၌ အမေရိကန်နှင့်အနောက်တိုင်းအားကစားသမားများက  ဆိုဗီယက်နှင့် အရှေ့အုပ်စု အားက စားသမားများနှင့် ယှဉ်ပြိုင်သည့်အခါ အားကစားသည် စစ်ပွဲအတွက် အစားထိုးမြေပြင်ဖြစ်သွားသည်ကို သိလိမ့် မည်ဖြစ်သည်။ သို့သော် အားကစားနှင့် စစ်ပွဲ၏ အယူအဆမှာ မတူပေ။ အထူးသဖြင့် အမေရိကန်နှင် တရုတ်ကြား ချစ်ကြည်ရင်းနှီးမှုမှာ အားကစားကနေစခဲ့ခြင်းဖြစ်ရာ စစ်အေးခေတ်လို အားကစားကို စစ်ပွဲလို့ ယူဆမှုမျိုး တရုတ်နှင့် အမေရိကန်ကြား ရှိလာမည်ဟု မထင်ကြပေ။

အမေရိကန်နှင့် တရုတ်ကြားသံတမန်ဆက်ဆံရေးကို ပင်ပေါင်ကစားနည်းကြောင့် စနိုင်ခဲ့သည်။ ၁၉၇၁ ခု နှစ်ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲတွင် ၎င်းတို့၏ ရိုးရှင်းသော ချစ်ကြည်ရင်းနှီးမှုနှင့် ပါဝင်မှုဆိုင်ရာ သရုပ် ပြမှုများဖြင့် နိုင်ငံတကာ သတင်းခေါင်းစဉ်များကို ဆွဲဆောင်ခဲ့သည်။ တစ်နှစ်အတွင်းမှာပဲ အမေရိကန်သမ္မတ ရစ် ချက်နစ်ဆင်မှာ တရုတ်နိုင်ငံသို့ သမိုင်းဝင်ခရီးလာရောက်ခဲ့သည်။ နှစ်နိုင်ငံကြား ယခင်ကထက် ပိုမိုနီးကပ်လာခဲ့ ပြီး မကြာမီတွင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံပေါင်းစုံနှင့် လေးစားထိုက်သော အဖွဲ့ အစည်းများ နှင့် တူညီစွာလုပ်ဆောင်လာနိုင်ခဲ့သည်။ထိုသည်မှာ အားကစားက စွမ်းဆောင်ခဲ့သည် ငြိမ်းချမ်းရေးဖြစ်သည်။

ယခုနှစ် ဟန်ကျိုးအားကစားပြိုင်ပွဲတွင် ကမ္ဘာ့ စံချိန်သစ် ၁၅ ကြိမ်၊ အာရှ စံချိန်သစ် ၃၇ ကြိမ်နှင့် ပြိုင်ပွဲ ဆိုင်ရာစံချိန်သစ် အကြိမ်ပေါင်း ၁၇၀ကို တင်နိုင်ခဲ့သည်။ အားကစားပြိုင်ပွဲအတွင်း ယှဉ်ပြိုင်သည့် လက်ရွေး စင် ဦးရေ၊ အားကစားနည်းအတိုင်းအတာတို့သည် အာရှအားကစားပြိုင်ပွဲတစ်လျှောက် သမိုင်း စံချိန်သစ် တင်နိုင်ခဲ့ သည်။ထို့ပြင် ကမ္ဘာ့အတွက် အထူးခြားဆုံးသော လက်ဆောင်ကိုပေးခဲ့သည်။ထိုသည်မှာ စွမ်းအင်အကျပ် အတည်း အတွက် အစိမ်းရောင်စွမ်းအင်ဟုခေါ်သော နေရောင်ခြည်၊လေစွမ်းအင်၊ရေစွမ်းအင်တို့မှရသည့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကို ယခုအားကစားပြိုင်ပွဲကြီးတွင် အပြည့်အ၀သုံးပြနိုင်ခဲ့ခြင်းဖြစ်သည်။ထိုသည်က အနာဂတ်တွင် ကာ ဗွန်ရုပ်ကြွင်းစွမ်းအင်ကို ဖယ်ရှားနိုင်မည်ဆိုသော မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

ယခုပြိုင်ပွဲတွင် နိုင်ငံရေးအရ အားကစားပွဲတက်ရောက်လာသော နိုင်ငံများ၏ခေါင်းဆောင်များနှင့် တွေ့ ဆုံ့ ခဲ့သလို နည်းအညာအရလည်း အနာဂတ်တွင် ရှိလာမည့် အခင်းအကျင်းကို တရုတ်က ပြသခဲ့သည်။ ပြိုင်ပွဲ အတောအတွင်း အားကစားသုံးပစ္စည်းများကို ပို့ဆောင်သည့် စက်ရုပ်ခွေးနှင့် မောင်းသူမဲ့ စမတ်ကားအပါအဝင် အဆင့်မြင့် သိပ္ပံနည်းပညာ စက်ကိရိယာများ၊ အာရှအားကစားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် AI အားကစားပြိုင်ပွဲ၊ ပထမဆုံးသော ဒစ်ဂျစ်တယ် ပြိုင်ပွဲကြည့် ဝန်ဆောင်မှုပလက်ဖောင်း၊ ပထမဆုံးသော ဒစ်ဂျစ် တယ် မီးတိုင် ထွန်းညှိပွဲ အခမ်းအနား၊ ပထမဆုံးသော Mobile payment ဆက်သွယ်မှုဖော်ဆောင်ခြင်းတို့ဖြင့် ကမ္ဘာ့ကို နည်းပညာမြင့်ဟန်ကျိုးအသစ်ကို ပြသခဲ့သည်။

သီတင်းနှစ်ပတ်ကျော်ကြာ ယှဉ်ပြိုင်ပြီးနောက် တနင်္ဂနွေညတွင် ဟန်ကျိုး အိုလံပစ်အားကစားစင်တာ အားကစားကွင်း၌ အံ့မခန်းပိတ်ပွဲအခမ်းအနားတစ်ခုဖြင့်၂၀၂၃ အာရှအားကစားပြိုင်ပွဲ၏ ကန့်လန့်ကာကို ပိတ်ချခဲ့ သည်။ ဧရာမဒစ်ဂျစ်တယ်မီးရှူးတိုင်ကိုင်သူသည် အာရှအားကစားပွဲ၏မီးတောက်ကို ငြိမ်းသတ်ရန်ပြန်လာခဲ့သည်။ သို့သော် တရုတ်က ဟန်ကျိုးအားကစားပြိုင်ပွဲတွင်ပြခဲ့သည်က ကမ္ဘာ့ကို ငြိမ်းချမ်းသော စွမ်းအင်နှင့် ထိရောက် သော နည်းပညာတိုးတက်မှုကို မျှဝေရန်ဆိုသည် အချက်ဖြစ်သည်။

ထို့ပြင် ဒေသတွင်းအတွက် ဂုဏ်ယူစရာနှင့် စည်းလုံးညီညွတ်မှု၏ အရင်းအမြစ်ဖြစ်သည့် ဟန်ကျိုးအာရှ အားကစားပြိုင်ပွဲတွင် နွေးထွေးဖော်ရွေသော နိုင်ငံတကာဆက်ဆံရေးကို တရုတ်က ဆက်လက်အာရုံစိုက်ခဲ့သည် ကိုလည်းတွေ့ရသည်။ စစ်မက်နှင့် ပဋိပက္ခထူပြောနေသော ကမ္ဘာ့အတွင် ဟန်ကျိုးအားကစားပြိုင်ပွဲအတွင်း ချစ်ကြည်စွာဖေးမကူညီယှဉ်ပြိုင်နေကြသည့်အခင်းအကျင်းမျိုးမှာ ကမ္ဘာအတွက် ပိုလိုအပ်နေသည်များက ဘယ်ဟာလဲဆိုသည်ကို ပြသနေသည်။

ဟန်ကျိုး အာရှ အားကစားပြိုင်ပွဲသည် ဒီဂျစ်တယ်ခေတ်မှာ ပထမဆုံးကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ ဖြစ်ပြီး ကမ္ဘာကြီးက  ဒစ်ဂျစ်တယ်ခေတ်သို့ ကူးပြောင်းနေသည်ကို ကမ္ဘာ့အားထင်သာမြင်သာအောင် တရုတ်က ပြသခဲ့သည်။ ထိုသည်မှာ ဟန်ကျိုးက လုပ်ပြနိုင်ခဲ့သည့် စွမ်းဆောင်မှုဖြစ်သည်။ တရုတ်တွင် ကျင်းပသည့် အား ကစားနှင့် ကမ္ဘာ့အဆင့်ပွဲများသည် မူရင်းပြိုင်ပွဲအနှစ်သာရကိုပြည့်ဝေစေရုံသာမက ကမ္ဘာနှင့် ဒေသတွင်းအဆင့် အားကစားထူးချွန်သူများပေါ်ထွက်စေသည့် ပြည်၀စေခဲ့သည့်အပြင် ကမ္ဘာ့အတွက် တိုး တက်အကျိုးဖြစ်ထွန်းမှု တစ်ခုမဟုတ်တစ်ခုကို ဆောင်ကြဉ်း လာလေ့ရှိသည်။ ယခုလည်း  ဟန့်ကျိုးတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတွက် တရုတ်က  ကမ္ဘာ့အတွက် ကာဗွန်ရုပ်ကြွင်းလောင်စာနေရာကို စွမ်းအင်သစ်က အပြည် အ၀အစားထိုးနိုင်ကြောင်းကို ပြသနိုင်ခဲ့သလို နည်းပညာဖြင့် နေ့စဉ်လူနေမှုဘ၀ကိုမည်သို့ လုံခြုံသက်သောင့် သက်သာဖြစ်အောင်ဖန်တီးနိုင်ခြင်းကိုလည်း ဟန်ကျိုးတွင် ပြသနိုင်ခဲ့သည်။

ထို့ထက်ပို၍ပြသနိုင်သည်မှာ  “အားကစား စွမ်းအားဖြင့် ငြိမ်းချမ်း ရေးတည်ဆောက်ရန်”ဆိုသည် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့နိုင်ခြင်းပင်ဖြစ်သည်။

 

လင်းသစ်အောင်