【 နိုင်ငံတကာဆောင်းပါး 】အာဆီယံဆွေးနွေးပွဲက RCEP အတွက် တွန်းအားတစ်ခုဖြစ်လာမလား

【 နိုင်ငံတကာဆောင်းပါး 】အာဆီယံဆွေးနွေးပွဲက RCEP အတွက် တွန်းအားတစ်ခုဖြစ်လာမလား

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီဖြစ်သည့် RCEP ဟုခေါ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင်း ကုန် သွယ်မှုမှာ ကပ်ဘေးနှင့် စစ်မက်တင်းမာမှုများရှိနေသည့် ကြားမှ အရှိန်ရလာခဲ့သည်။ ထိုအဖွဲ့တွင် အဓိကပါဝင်သည့် နိုင်ငံအများစုပါဝင်သည့် အာဆီယံအဖွဲ့ ၏ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယခုနိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ကျင်းပခဲ့သည်။ထိုအစည်းအဝေး လေးရက်တာအတွင်း RCEP အဖွဲ့ဝင်နိုင်ငံများလူကိုယ်တိုင်ဆွေးနွေးမှုများကြောင့် ပို၍အားကောင်းသည့် RCEP ပုံစံမျိုးကို မြင်လာရဖို့ ရှိနေခဲ့ပြီ ဖြစ်သည်။
 
RCEP တွင် အာဆီယံ ၁၀ နိုင်ငံအပြင် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ပြည်တွင်း ထုတ်ကုန်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးတွင် အဓိက မောင်းနှင်အားဖြစ်လာနေသည့် အာရှ-ပစိဖိတ်ဒေသတွင် RCEP အားကောင်းမောင်းသန်လည်ပတ်မှုမှာ ကပ်ဘေးကြောင့် ယိုင်နဲ့နေသည့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေခဲ့သည်။
 
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှာ ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၄ ခု၏ မကြာသေးမီက တွေ့ဆုံခဲ့သည့် အရေးကြီးဆုံးအစည်းအဝေးတွေထဲက တစ်ခုဖြစ်သည်။ ဖနွမ်းပင်တွင် ကျင်းပသည့် ယခုအစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင်များစွာ ပါဝင်သဖြင့် အာဆီယံအစည်းအဝေး၏ အဆင့်အတန်းကို သိနိုင်မည်ဖြစ်သလို ဒေသတွင်း ဦးဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသည့် အာဆီယံအဖွဲ့၏ အရေးပါမှုကိုလည်း မြင်နိုင်မည် ဖြစ်သည်။ ယခုအစည်းအဝေးတွင် နိုင်ငံရေးအရ စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းခြင်း ညီလာခံခေါင်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးအရ အလေးထားနေသည်ကို တွေ့ရသည်။
 
ထို့ပြင် ဆွေးနွေးဖက်နိုင်ငံများနှင့် RCEP အခွင့်အလမ်းသစ်များမျှဝေခြင်းကို အာဆီယံဆက်စပ်အစည်းအဝေးများတွင် အားပေးထားသည်။ အစည်းအဝေးအတွင်း နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများသည် ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်နှင့် RCEP သဘောတူညီချက်မှ ရရှိလာသည့် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရန် အဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းနေကြသည်။
 
RCEP ၏ အရည်အသွေးမြင့် အကောင်အထည်ဖော်မှုကို သေချာစေရန် ကုန် သွယ်မှုနှင့် ချိတ်ဆက်မှုကို တိုးမြှင့်ရန်အတွက် ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းတစ်ခုအဖြစ် အတူတကွလုပ်ဆောင်ရန် အရေးကြီးကြောင်းကို RCEP အဖွဲ့ဝင် တစ်စိတ်တစ်ပိုင်းဖြစ်သည့် အာဆီယံအဖွဲ့ဝင်များက အသိအ မှတ်ပြုထားသည်။
 
ယနေ့ခေတ်လို ဒစ်ဂျစ်တယ်စီးပွားရေးခေတ်တွင် ကုန်သွယ်ရေး ပြဿနာများကို ဖြေရှင်းရန်နှင့် ကုန်သွယ်မှု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အာဆီယံအိမ်နီးချင်းများနှင့် တရုတ်နိုင်ငံက နီးကပ်စွာ လုပ်ဆောင်နေသည်က RCEP အတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်မှု နှေးကွေးနေချိန်၌ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသည် မရှိမဖြစ် လိုအပ်သည့် အင်္ဂါရပ်တစ်ခုဖြစ်သည်။ ယခုအစည်းအဝေးတွင် တက်ရောက်ခဲ့သည့် တရုတ်ဝန်ကြီးချုပ် လီခချန်က ဗီယက်နမ်၊ စင်ကာပူတို့နှင့် သီးခြားတွေ့ဆုံခဲ့ကာ ကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့သည်။
 
RCEP တွင် တရုတ်နှင့် အာဆီယံသည် အဓိကကုန်သွယ်ဖက်နိုင်ငံများအဖြစ် အပြန်အလှန်ဖြစ်ပေါ်လာခဲ့သည်။ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်ရဆိုလျှင် အာဆီယံဒေသသည် ဥရောပသမဂ္ဂကို ကျော်လွန်ကာ ၂၀၂၀ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ ထိပ်တန်းကုန် သွယ်ဖက်ဖြစ်လာခဲ့ပြီဟုဆိုသည်။ အာဆီယံဒေသအတွက်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အဓိကဖြစ်လာပြီး တစ်နိုင်ငံခြင်း အလိုက်တွင်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အဓိကအရေးပါသည့်နိုင်ငံအဖြစ်ရောက်ရှိလာသည်။
 
RCEP သဘောတူညီချက်များအရ တရုတ်နှင့် အာဆီယံအကြား ရုပ်ပိုင်းဆိုင်ရာ ကုန်သွယ်မှု တိုးတက်မှုမှာ ယခုနှစ်ပိုင်းတွင် သိသိသာသာကို ထင်ရှားလာခဲ့သည်။ ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နှင့် ကုန်သွယ်မှုကြောင့် ကိုဗစ်ကပ်ကာလအတွင်း အာဆီယံဒေသ၏ စီးပွားရေး ခံနိုင်ရည်အားက ကမ္ဘာ့အခြားဒေသများထက် ပို၍ခံနိုင်ရည်ရှိခဲ့ကာ ကုန်သွယ်မှုလုပ်ငန်းများ ဆက် လက်မြင့်မားခဲ့သည်။
 
တရုတ်နိုင်ငံနှင့် အခြားအာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် မတူသည့် အချက်မှာ တရုတ်နိုင်ငံသည် အရှေ့ တောင်အာရှ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်ရေး စာချုပ်တွင် ပါဝင်သည့် ပထမဆုံး အာဆီယံမဟုတ်သော နိုင်ငံဖြစ်ပြီး အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကို ပထမဆုံး စတင်သည့် နိုင်ငံဖြစ်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရား အသီးသီးတွင်လည်း ပါဝင်ခဲ့သည်။
 
အာဆီယံ-တရုတ် တွေ့ဆုံဆွေးနွေးရေး ဆက်ဆံရေးကို ၁၉၉၁ ခုနှစ်တွင် ထူထောင်ခဲ့ပြီး တစ်နှစ်အကြာ စင်ကာပူတွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံလွတ်လပ်သော ကုန် သွယ်မှု သဘောတူညီချက် (AFTA) ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနှင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတို့တွင် အာဆီယံ၏ ဗဟိုချက်ဖြစ်မှုကို ပထမဆုံး ထောက်ခံအားပေးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက ၎င်း၏ သံခင်းတံမန်ခင်းတွင် အာဆီယံနိုင်ငံများကို ဦးစားပေးအဖြစ် ဆက်လက်ခံယူ ထားမည်ဖြစ်ပြီး အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံ၏ ဗဟိုအချက် အခြာကျမှုကို တစ်လျှောက်လုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီ က ယခုကျင်းပခဲ့သည့် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
 
၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ဆွေးနွေးပွဲ ထူထောင်ခြင်း နှစ် (၃၀) ပြည့် နှစ် ပတ်လည် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ပူးတွဲကြေငြာခဲ့သည်။ အဆိုပါ မျှော်မှန်းချက်သည် အာဆီယံ-တရုတ် ဆက်ဆံရေးအတွက် အထောက်အကူဖြစ်လာပြီး အာရှအတွင်း ပူးပေါင်း ဆောင် ရွက်မှု၏ အနာဂတ် ဦးတည်ချက်ကိုလည်း ချမှတ်ခဲ့သည်။
 
ထိုသို့သော အခြေအနေကောင်းများတွင် ဒေသတွင်းအခြေပြုသည့် RCEP ပေါ်ပေါက် အသက်ဝင်လာ သည့်အခါ ဒေသတွင်းကုန်သွယ်မှုက ပိုမိုအား ကောင်းလာခဲ့သည်။ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုတွင် ထိပ်တန်းစီးပွားဖက်အဖြစ် ၁၃ နှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့ရာမှ RCEP စတင်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အာဆီယံနိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၄.၉ ဘီလီယံထိရှိလာခဲ့သည်။ထိုသည်မှာ ယခင်နှစ်များထက် ကုန်သွယ်မှု တစ်နှစ်ထက်တစ်နှစ် ၁၃.၁ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်သည်။
 
အာဆီယံအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တရုတ်ဝန် ကြီးချုပ် လီခချန်တက်ရောက်ခဲ့သည်။ လီက နိုင်ငံတကာနှင့် ဒေသတစ်ဝန်း မသေချာမရေရာမှုများ မြင့်တက်လာ နေပြီး မတည်မငြိမ်ဖြစ်စေသည့် အချက်များနှင့် ရှုပ်ထွေးလျက်ရှိကာ ပြောင်းလဲမှုများကြုံတွေ့နေရကြောင်း ၊ တရုတ်နှင့် အာဆီယံအဖွဲ့တို့သည် မျှဝေထားသော အနာဂတ်နှင့်အတူ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များ အဖြစ် အတူတ ကွရပ်တည်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆွေးနွေးမှုအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ယိုင်နဲ့ခဲ့သည့် အာဆီယံဒေသတွင်း ပြန်လည်ထူထောင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် တရုတ်-အာဆီယံ ဘုံဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ အထူးချေးငွေတစ်ရပ် တရုတ်ဘက်မှ ထူထောင်ပေးသွားမည်ဟု ပြောခဲ့သည်။
 
အာဆီယံအစည်းအဝေးတွင် တရုတ်-အာဆီယံအစည်းအဝေးလို အမေရိကန်-အာဆီယံ၊ဂျပန်-အာဆီယံ၊ အိန္ဒိယ-အာဆီယံ တောင်ကိုရီးယား-အာဆီယံ၊နယူဇီလန်-အာဆီယံ၊ဩစတြေးလျ-အာဆီယံ စသည့်ထိပ်သီး အစည်းအဝေးများကိုလည်း ကျင်းပခဲ့သည်။ ထိုအစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြသည့် အဓိ ကအကြောင်း အရာ မှာ ကုန်သွယ်ရေးဆိုင်ရာတိုးချဲ့မှုနှင့် ဒေသတွင်းတည်ငြိမ်လုံခြုံရေးအကြောင်းကိစ္စရပ်များသာဖြစ်သည်။ အမေရိ ကန်သမ္မတအဖြစ် ဘိုင်ဒင်တာဝန်ယူလာပြီး တရုတ်ကို ဗဟိုချက်ထားသည့် အမေရိကန်၏ မဟာ ဗျူဟာအပြောင်း အလဲကြောင့် အာဆီယံပါဝင်သည့် အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နှင့်အမေရိကန် အားပြိုင်ရာ‌ဒေသတစ်ခုအဖြစ် ပြောင်းလဲဖို့ ပြင်လာခဲ့သည်။
 
အမေရိကန်က ဒေသတွင်းအားကောင်းလာနေသည့် RCEP နှင့်အပြိုင် တရုတ်ကို ပါဝင်ခွင့်မပေးသည့် IPEF ဆိုသည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်အဖွဲ့ကိုလည်း ယခုနှစ်အတွင်း တည်ထောင်ဖွဲ့စည်းခဲ့သည်။ထို အဖွဲ့က တရုတ်ပါဝင်သည့် RCEP နေရာကို အစားထိုး ရန် ဖြစ်သည်။ထိုအဖွဲ့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ ၇ ခုနှင့် QUAD ဟုခေါ်သည့် စစ်ရေးမဟာမိတ်အဖွဲ့ဝင်လေး နိုင် ငံ( ဂျပန်၊အိန္ဒိယ၊ဩစတြေးလျ၊အမေရိကန်)၊ တောင်ကိုရီး ယား၊နယူးဇီလန်နှင့် ဖီဂျီ နိုင်ငံတို့ ပါဝင်သည်။
 
ယခု အာဆီယံအခြားနိုင်ငံများ၏ ဆက်စပ်အစည်းအဝေးကို ကြည့် ပါက ထို IFEF တွင် ပါဝင်သည့် နိုင်ငံများကိုတွေ့ရမည်ဖြစ်သည်။ ထိုIFEF တွင် ပါဝင်သည့် နိုင်ငံများမှာလည်း RCEP တွင် ပါဝင်နေသဖြင့် ကျင်းပနေသည့် အာဆီယံအစည်းအဝေးမှာ ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အရေးပါနေသည့် RECP နှင့် IPEF အတွက် အရေးပါသည့် အစည်းအဝေးတစ်ခုဖြစ်နေသည်ကို တွေ့ရမည်ဖြစ် သည်။ တစ်ဘက်တွင်လည်း နိုင်ငံရေးအရ တရုတ်နှင့် အမေရိကန်ကြားအားပြိုင်မှုတွင် အာဆီယံဒေသက မည်မျှ အရေးပါသည့်နေရာတွင် ရှိနေသည်ကို သိနိုင်မည် ဖြစ်သည်။
 
သို့ရာတွင် IPEF နှင့် မတူသည်မှာ RCEP သည် အာဆီယံကို ဗဟိုပြုကာ ဒေသတွင်းနိုင်ငံများ၏ ကုန်သွယ် ရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အာရုံစိုက်ပြီး ကုန်သွယ်ခွန် ၉၀ ရာခိုင်နူန်းထိ လျော့ချနိုင်ရန် ဦးတည်ထားသည်။ထို့ကြောင့် စတင်အ သက်ဝင်သည်နှင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်၏ မောင်းနှင်အား ကြောင့် အချိန်တိုအတွင်း ကုန်သွယ်မှု ကြီးမားလာခဲ့သည်။ အမေရိကန်ဦးဆောင်သည့် IPEF မှာမှု နိုင်ငံရေး ရည်မှန်းချက်ပါသဖြင့် ဘက်မလိုက်ကြားနေချင်သည့် အာဆီယံနိုင်ငံများက စီးပွားရေးကိုသာ အဓိကထားသည့် RCEP လောက် ထဲထဲဝင်ဝင် မဖြစ်သေးသည်ကိုတွေ့ရခြင်းဖြစ်သည်။
 
ယခုအာဆီယံအစည်းအဝေးတွင် RCEP အတွက် အရေးပါသည့် ရေရှည်အောင်မြင်မှုအတွက် မရှိမဖြစ်လို အပ်သော ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့်ဖွံ့ဖြိုးတိုးတက်မှုကဲ့သို့သော တိုးတက်မှု တွန်းအားအသစ်များပြုစုပျိုးထောင်ရန် တရုတ်က အားစိုက်နေသည်ကိုတွေ့ရသည်။
 
အာဆီယံနှင့် RCEP နယ်မြေများတွင် စည်းမျဥ်းစည်းကမ်းများ၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အခြေချ ရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ ညီညွတ်ခြင်းဖြင့် လွတ်လပ်ပွင့်လင်းသော ကုန် သွယ်မှု၏ ရည်မှန်းချက်ကို အောင်မြင်စေမည်ဖြစ်သည်။ ယခုအစည်းအဝေးအပြီး APEC အစည်းအဝေးကို ထိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ ဘက်မလိုက်မှု (သို့မဟုတ်) ဘက်မလိုက်မှု မူဘောင်အတွင်း ပဋိပက္ခထက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မျှော်မှန်းချက်ထားသည့် APEC ၏ မူဘောင်ကို အားကောင်းလာသည့် RCEP က မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်လေသည်။
 
လင်းသစ်အောင်