【 နိုင်ငံတကာဆောင်းပါး 】မြန်နူန်းမြင့်ရထားနှင့် တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】မြန်နှုန်းမြင့်ရထားနှင့် တရုတ်နိုင်ငံ

၂၁ ရာစုအစတွင် တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်း (HSR) များ မရှိပေ။ ရှန်ဟိုင်း-ပေကျင်းကဲ့သို့ မြို့ကြီးများကြားတွင် နှေးကွေးပြီး မကြာခဏ အဆင်မပြေဖြစ်တတ်သည့်  ပျမ်းမျှအမြန်နှုန်းနည်းပါးသော ရထားများဖြင့်သာ ပြေးဆွဲခဲ့ပြီး နိုင်ငံ၏နေရာဒေသအနှံ့အပြားတွင် နှေးကွေးပြီး မကြာခဏ မတော်တဆဖြစ်မှုသာ တိုးလာနေသည်။

ယနေ့တွင်တော့ ထိုဖြစ်ရပ်နှင့်လုံးဝကို ကွဲပြားသွားကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံသည် ကမ္ဘာပေါ်တွင် မြန်နှုန်းမြင့်ရထားလမ်းများ (HSR)၏ အကြီးဆုံးကွန်ရက်ကိုပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏မြို့ ကြီးပြကြီး အစုအဝေးအားလုံးနှင့် ချိတ်ဆက်ထားမှုသည် ၂၀၀၈ ခုနှစ်ကတည်းက ပြီးစီးနေပြီဖြစ်ပြီး  မြန်နှုန်းမြင့် ရထားလမ်းများသည် နိုင်ငံတဝန်းဖြတ်ကျော်ကာ ကီလိုမီတာ ၄၂,၀၀၀ (မိုင် ၂၆,၀၀၀ ခန့်) ထက်မနည်း ပြေးဆွဲနေခဲ့ပြီဖြစ်သည်။

ထိုစုစုပေါင်း၏ ထက်ဝက်သည် ပြီးခဲ့သည့်ငါးနှစ်အတွင်း ပြီးစီးခဲ့ပြီး ကီလိုမီတာ ၃၇၀၀ မှာ ၂၀၂၁ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ထိုအမြန်ရထားလမ်းကွန်ရက်သည် ၂၀၃၅ ခုနှစ်တွင် ကီလိုမီတာ ၇၀,၀၀၀ အထိ နှစ်ဆတိုးလာမည်ဟု မျှော်လင့်ရသည်။ရထားလမ်းများတွင် ပြေးဆွဲသည့် အမြင့်ဆုံးအမြန်နှုန်းသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ(၂၁၇မိုင်)နှုန်းထိ ပြေးဆွဲခဲ့သဖြင့် လေကြောင်းလိုင်းများ၏ အမြန်နှုန်းကိုပါ ကျော်လွန်သွားခဲ့သည်။

၂၀၂၀ခုနှစ်တွင် လူဦးရေ ငါးသိန်းအထက်ရှိသည့် တရုတ်မြို့ကြီးများ၏ ၇၅ ရာခိုင်နူန်းသည် မြန်နှုန်းမြင့်ရထားလမ်းပြေးဆွဲမှုကွန်ရက်ထဲရှိနေခဲ့ပြီ ဖြစ်သည်။ ထိုပမာဏ ဥရောပ၏ အကျယ်ပြန့်ဆုံး မြန်နှုန်းမြင့် ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့စာရင်းတွင် ဒုတိယနေရာတွင် ရပ် တည်နေသည့် စပိန်၏ ကီလိုမီတာ ၂၅၀ ကျော်နှုန်းဖြင့် ပြေးဆွဲရန် တည်ဆောက်ထားသော သီးသန့်လိုင်းများ၏ မိုင် ၄၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက မည်မျှကွာဟသွားမည်ကို သိနိုင်မည်ဖြစ်သည်။

တခြားသော အချက်အနေဖြင့် ဗြိတိန်တွင် HRS လိုင်းမှာ ၂၂၀ ကီလိုမီတာသာရှိပြီး အမေရိကန်တွင်မူ မြန်နှုန်းမြင့်အခြေအနေအတွက် အရည်အချင်းပြည့်မီသော ရထားလမ်းတစ်ခုသာရှိပြီး  Amtrak ၏ အရှေ့ မြောက် စင်္ကြံလမ်းပိုင်းတွင်သာ ၁၇၈၉ ကီလိုမီတာရှိနေသည်။ ထိုလိုင်းတွင် ပြေးဆွဲသည့် Acela ရထားလမ်းမှာ ခရီးသည်လိုင်းနှင့် ကုန်တင်ရထားလိုင်းပြေးဆွဲနေပြီး  ပြန်လည်တည်ဆောက်ထားသည့် အပိုင်းများတွင်သာ  တစ်နာရီလျှင် ၂၆၆ ကီလိုမီတာနှုန်းဖြင့် အမြင့်ဆုံးပြေးဆွဲနေခြင်းဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့တစ်ဝန်းမြန်နှုန်းမြင့်ရထားပြေးဆွဲမှုအတွက် ရထားလမ်းကွန်ရက်အရှည်ပမာဏတွင် တရုတ်က ဦးဆောင်နိုင်ငံဖြစ်ကာ တရုတ်၏နောက်တွင် စပိန်၊ ပြင်သစ်၊ဂျာမနီ၊ဂျပန်၊အီတလီ၊ ဗြိတိန်၊တောင်ကိုရီးယား၊ တူရကီ၊ဖင်လန် စသဖြင့် အစဉ်လိုက်ရှိနေခဲ့သည်။ ကမ္ဘာ့တိုက်ကြီးများအလိုက်တွင်လည်း အာရှတိုက်က မြန်နှုန်းမြင့်ရထားလမ်းကီလိုမီတာ ၄၇၇၀၆ ရှိကာ ဥရောပက ၁၄၅၅၆ ကီလိုမီတာသာရှိသဖြင့် တရုတ်၏ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကို လိုက်မီရန် အခြားကမ္ဘာ့နိုင်ငံများအနေဖြင့် အချိန်ကြာဦးမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တစ်နိုင်ငံလုံးကို လွှမ်းခြုံစေသည့် ရည်မှန်းချက်မှာ ပြည်တွင်းခရီးဝေးသွားသူများအတွက် ရွေးချယ်မှုဖြစ်သော်လည်း နိုင်ငံတကာတွင်မူ အဆိုပါရထားလမ်းသစ်များသည် ပိုမိုကြီးမားသော အဓိပ္ပာယ်ရှိခဲ့သည်။ ၁၉၆၀ ခုနှစ်များက ဂျပန်၏ ရှင်ကန်ဆန်(Shinkansen) ရထားများကဲ့သို့ပင် တရုတ်၏မြန်နှုန်းမြင့်ရထားများသည် နိုင်ငံ၏စီးပွားရေးပါဝါ၊ အရှိန်အဟုန်ဖြင့် ခေတ်မီတိုးတက်မှု၊ နည်းပညာဆိုင်ရာ စွမ်းပကားများတိုးပွားလာခြင်းနှင့် သာယာဝပြောမှု တိုးပွားလာခြင်းတို့၏ သင်္ကေတတစ်ခုအဖြစ် ရှုမြင်ကြသည်။

မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံအတွက် မတူညီကွဲပြားသောဒေသများရှိ ကွဲပြားသောယဉ်ကျေးမှုများနှင့် ကွဲပြားသောလူနေမှုများကို ပေါင်းစည်းညီညွတ်ရန်အတွက်  အစွမ်းထက်သည့်ကိရိယာတစ်ခုအဖြစ် အသုံးဝင်လာနေသည်။

တရုတ်နိုင်ငံသည် ၎င်း၏ကွန်ရက်ထူထောင်ရန်အတွက် ဥရောပနှင့် ဂျပန်တို့မှ တင်သွင်းသော မြန်နှုန်းမြင့်နည်းပညာကို ကနဦးတွင် အားကိုး အားထားပြုခဲ့သည်။ Bombardier၊ Alstom နှင့် Mitsubishi ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ရထားလမ်းအင်ဂျင်နီယာရင်းကုမ္ပဏီကြီးများ သည် စျေးကွက်သစ်၏ အလားအလာနှင့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော အစီအစဉ်များကြောင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်အားထက်သန်ခဲ့ကြသည်။

သို့သော်လည်း ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၎င်းတို့၏ပြည်တွင်းကွန်ရက်ချဲ့ထွင်မှုကြောင့် အံ့အားသင့်ဖွယ်ကောင်းစွာပင် တရုတ်ပြည်တွင်းကုမ္ပဏီများက မြန်နှုန်းမြင့်ရထားနည်းပညာနှင့် အင်ဂျင်နီယာပညာရပ်တွင် ကမ္ဘာ့ဦးဆောင်အဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော အရွယ်အစားနှင့် မြေပြင်အနေအထား၊ ဘူမိဗေဒနှင့် ရာသီဥတုပြောင်းလဲမှုတို့က နိုင်ငံ၏ မီးရထားအင်ဂျင်နီယာပညာရပ်နှင့် ပညာရှင်များကို မယုံနိုင်လောက်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်စေခဲ့သည်။

တစ်ခါတရံတွင် အေးခဲနေသော မြောက်ဘက်စွန်းရှိ ဟာဘင်းမှ ပုလဲမြစ်ဝကျွန်းပေါ် လူဦးရေသန်းချီ ရှိသည့် အပူပိုင်းစိုထိုင်းဆများသည် မဟာမြို့ကြီးများအထိ၊ ဂိုဘီသဲကန္တာရကို ဖြတ်သွားသော ၁,၇၇၆ ကီလိုမီတာ အရှည်ရှိသော Lanzhou-Urumqi ရထားလိုင်းများအထိ၊ တရုတ်နိုင်ငံ၏ အင်ဂျင်နီယာများသည် ၎င်းလမ်းကြောင်းပေါ်ရှိ မည်သည့်မြေမျက်နှာသွင်ပြင်ကိုမဆို မီးရထားလမ်းတစ်လျှောက် ဖြတ်သန်းမောင်းနှင်ရာတွင် လွယ်ကူစေရန် ကျယ်ပြန့်သောကျွမ်းကျင်မှုကို လျင်မြန်စွာတီထွင်၍ဖြေရှင်းခဲ့သည်။ထိုသည်က တရုတ်နိုင်ငံအတွက် မြန်နှုန်းမြင့်ရထားနည်းပညာနှင့် အင်ဂျင်နီယာပညာရပ်တွင် ထိပ်ဆုံးသို့ရောက်စေခဲ့ခြင်းပင်ဖြစ်သည်။

တရုတ်နိုင်ငံရှိ ထင်ရှားသော HSR လိုင်းများတွင် ၂,၂၉၈ ကီလိုမီတာ (၁,၄၂၈ မိုင်) ရှိသည့် ပေကျင်း-ကွမ်ကျိုးမြန်နှုန်းမြင့်ရထားလမ်းနှင့်

ကမ္ဘာ့အမြန်ဆုံး သမားရိုးကျရထားဝန်ဆောင်မှုများဖြစ်သော ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် ရထားလမ်းတို့ ပါဝင်သည်။ ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် ရထားလမ်းတွင်ပြေးဆွဲသည့် Shanghai Maglev သည် ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့် စီးပွားဖြစ်သံလိုက် ("maglev") လိုင်းဖြစ်ပြီး ရထားများသည် သမားရိုးကျမဟုတ်သောလမ်းကြောင်းပေါ်တွင် ပြေးဆွဲကာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၄၃၀ ကီလိုမီတာ (၂၆၇ မိုင်) အထိ ရောက်ရှိခဲ့သည်။

Paulson Institute မှ သုတေသနပြုချက်အရ တရုတ်စီးပွားရေးအတွက် မြန်နှုန်းမြင့်ရထားလမ်း၏ အသားတင်အကျိုးအမြတ်မှာ ခန့်မှန်း ခြေအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၈ ဘီလီယံရှိပြီး နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုအပေါ် ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း ခန့်မှန်းထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏မြန်နှုန်းမြင့်ရထားနည်းပညာနှင့် အင်ဂျင်နီယာပညာရပ်က BRI နှင့် ချိတ်ဆက်ကာ အာရှဒေသတွင်း နှင့် အာဖရိက၏ တိုးတက်မှုအတွက် အကျိုးပြုနေပြီ ဖြစ်သည်။

လင်းသစ်အောင်