【 နိုင်ငံတကာဆောင်းပါး 】နျူကလီးယား ဓာတ်အားပေးစက်ရုံမှ စွန့်ပစ်ရေဆိုးများ အန္တရာယ်

【 နိုင်ငံတကာဆောင်းပါး 】နျူကလီးယား ဓာတ်အားပေးစက်ရုံမှ စွန့်ပစ်ရေဆိုးများ အန္တရာယ်

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန်နိုင်ငံ ဟော့ကိုင်ဒိုးရှိ မြို့တစ်မြို့သို့ ဓာတုဗေဒ စွန့်ပစ်ပစ္စည်းများ အာဏာပိုင်များသယ်ဆောင်လာသဖြင့်‌ ဒေသခံများကန့်ကွက်ခဲ့ကြသည်။အဆိုပါဓာတုဗေဒစွန့်ပစ်ပစ္စည်းများမှာ ၂၀၁၁ ခုနှစ် က သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံအနီး သိုလှောင်ထားသည့် ဓာတုဗေဒစွန့်ပစ်ပစ္စည်းများဖြစ်ပြီး ထိုထဲတွင် (PCBs)ဟုခေါ်သည့်   polychlorinated biphenyls မြင့်မားစွာ ပါဝင်၍ဖြစ်သည်။ ထိုဓာတုပစ္စည်း(PCBs) မှာ လူသားများကို ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်း တစ်မျိုး ဖြစ် သည်။ 

လတ်တလောတွင် ဖူကူရှီးမား နျူကလီးယားစက်ရုံ၏ ရေဆိုးများ ပင်လယ်ထဲသို့ ဖောက်ချမည့် ဂျပန် အာဏာပိုင်များ၏ အစီအစဉ်မှာ ဒေသခံများသာမက အနီးနားပတ်ဝန်းကျင်ရှိ တရုတ်၊တောင်ကိုရီးယားစသည့် နိုင်ငံများကပါအပြင်းအထန် ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။ ဂျပန်သည် နျူကလီးယားဗုံးကြဲခံရမှုကို ခံရသည့် ကမ္ဘာတွင် တစ်ခုတည်းသောနိုင်ငံဖြစ်သဖြင့် နျူကလီးယားနှင့်ပတ်သက်သည့် အစီအစဉ်နှင့် လှုပ်ရှားမှုမှန်သမျှကို ဂျပန်ပြည်သူများက အပြင်းအထန်လက်မခံလေ့ရှိသည်။

ယခု ဂျပန်ပြည်သူများမှာ ၂၀၁၁ခုနှစ် ကြီးမားသော ငလျင်နှင့် ဆူနာမီ လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူကလီးယားစက်ရုံ၏ ရေဆိုးများကို လာမည့်နှစ်တွင် ပင်လယ်ထဲသို့ လွှတ်တင်ရန် ဂျပန်အာဏာပိုင် များ၏ စီစဉ်နေမှုကို ယခုအခါ အပြင်းအထန်ကန့်ကွက်နေရသည့် အဖြစ်ကိုရောက်နေခဲ့သည်။ ငလျင်နှင့် ဆူနာမီ လှုပ်ခတ်မှုကြောင့် မြို့ပျက်လုနီးပါး ရေကြီးနစ်မြုပ်ကာ နျူကလီးယားယိုစိမ့်မှုဆိုသည့် ကြီးမားဆိုးရွားသည့် နျူကလီးယားကပ်ဘေးကနေ သီသီလေး လွဲခဲ့ရသည့်  အသက်ရှင်ကျန်ရစ်သည့် ဖူကူရှီးမား ဒေသခံများအဖို့ နောက်တစ်ကြိမ် နျူကလီးယားနှင့်ဆိုင်သည့် အိပ်မက်ဆိုးကို ဂျပန်အစိုးရ၏  နျူကလီးယားစွန့်ပစ်ရေဆိုးကို ပင်လယ်ထဲဖောက်ချမည့် အစီအစဉ်ကြောင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

၂၀၁၁ ဆူနာမီ ငလျင်လှုပ်ခတ်ခဲ့စဉ်က အဆိုပါ ဖူကူရှီးမား နျူကလီးယားစက်ရုံ၏ အအေးပေးစနစ်များ ပျက်စီးခဲ့ပြီး ဓာတ်ပေါင်းဖို သုံးခု အရည်ပျော်ကျကာ ဓာတ်ရောင်ခြည်အမြောက်အမြားထွက်လာခဲ့သည်။ ထိုဓာတ်ပေါင်းဖို သုံးခုကို အအေးခံရန်အသုံးပြုထားသည့် ရေဆိုးမှာ ဓာတ်ပေါင်းဖိုအရည်ပျော်ကျမှုကြောင့် ယိုစိမ့်ကျလာသည်ကို သိုလှောင်ကန်များတွင် ၁၁ နှစ်ကြာ စုဆောင်းသိမ်းဆည်းထားခြင်းဖြစ်ကာ များပြားလာပြီး မထိန်းသိမ်းနိုင်သဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် ပင်လယ်ပြင်ထဲ စွန့်ထုတ်ရန် ဂျပန်အာဏာပိုင်များက စီစဉ်လာခြင်းဖြစ်သည်။ ထိုဖောက်ချမည့် ရေဆိုးတွင် ကင်ဆာဖြစ်နိုင်ခြေမြင့်မားသည့် ထရီတီယမ်ပါ၀င်သည့် ရေဆိုးထုတ်လွှတ်မှုဆိုင်ရာ ကျန်းမာရေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် စိုးရိမ်ပူပန်မှုများရှိနေ ကြခြင်းဖြစ်လေသည်။

ဖူကူရှီးမားနျူကလီးယားစက်ရုံကို တာဝန်ယူလည်ပတ်ခဲ့သည့် တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ (TEPCO) မှ  ယခုပင်လယ်ထဲ ဖောက်ချမည့် ရေဆိုးမှာ ဘေးကင်းသည်ဟု ယေဘုယျသဘောမျိုးပြောခဲ့သော်လည်း သိပ္ပံ ပညာရှင်များက သဘာဝပတ် ဝန်းကျင်နှင့် ရေရှည်ထိတွေ့မှု၏ သက်ရောက်မှုကို လူတို့မသိရသေးကြောင်း၊ ယင်း ထရီတီယမ်သည် ရေတွင်ထက် စွန့်ပစ်ရေရှိနေသည့် ပင်လယ်မှ ငါးကို စားသုံးသည့်အခါ လူသားတို့အပေါ် ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်ကြောင်း သတိပေးထားသည်။သို့ရာတွင် ဂျပန်သို့လာရောက်သည့်  နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ ဒါရိုက်တာ Mariano Grossiက ဂျပန်၏  ရေဆိုးဖောက်ချမည့်အစီအစဉ်ကို မီးစိမ်းပြခဲ့သည်။

ပင်လယ်ပြင်ထဲသို့ စွန့်ပစ်မည့် ရေဆိုးတန်ချိန်မှာ ၁.၂၅ သန်းရှိသည်။ လာမည့်နှစ်တွင် တန်ချိန် ၁.၃၇ သန်းထိ ရှိလာမည် ဖြစ်သည်။ ထိုပမာဏမှာ အိုလံပစ်အရွယ် ရေကူးကန်ပေါင်း ၅၀၀ ခန့်ကို ဖြည့်ဆည်းပေးနိုင်သည်။ ထိုပမာဏမျိုး ပင်လယ်ထဲ စွန့်ပစ်သည်မှာ ကမ္ဘာပေါ်တွင် ယခုအချိန်အထိ  မည်သည့်နိုင်ငံကမှ စွန့်ပစ်ခဲ့ခြင်းမရှိသေးခြင်းဖြစ်သည်။ထို့ကြောင့် ထိုပမာဏရေဆိုးက သိထားသလို အန္တရာယ်မကင်းဘဲ ရေဒီယိုသတ္တုကြွမှုနှင့် ကင်ဆာဖြစ်နိုင်ခြေမြင့်မားမှုသာရှိနေပါက အနီးတစ်၀ိုက်ပင်လယ်ထဲရှိ ရေနေသတ္တဝါများ နေထိုင်မှုနှင့် အသက်ရှင်သန်မှုကွင်းဆက်ကို ပြတ်တောက်စေရုံသာမက ထိုသတ္တဝါများကို စားသောက်မည့် လူနှင့် အခြား သတ္တဝါများ၏ အစာကွင်းဆက်နှင့် ရှင်သန်မှုကိုပါ ထိခိုက်နိုင်ခြေရှိလာမည်ကို အထူးစိုးရိမ်နေကြခြင်းဖြစ်သည်။

ထိုစိုးရိမ်မှုတွင် ဒေသခံများနှင့် အဆိုပါပင်လယ်ကို ထိစပ်မှီခိုနေသည့် နိုင်ငံများပါ ပါဝင်နေသည်။  ထိုကြီးမားသည့်ပမာဏကို ပင်လယ်ထဲ စွန့်ပစ်ရန် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)က ဆန့်ကျင်ခြင်းမရှိသည့်အပြင်  ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအတွေ့အကြုံမရှိသဖြင့် စိုးရိမ်စရာ ဖြစ်သည်။ ရေဒီယိုသတ္တိကြွ အမှိုက်များကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်း၏ ရေရှည်အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန် ခက်ခဲမည်ဖြစ်သည်။

ထို့ပြင် ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဆိုးများကို စွန့်ပစ်မှုနှင့် ပတ်သက်ပြီး  အမေရိကန်က ကန့်ကွက်မှုမရှိသည်မှာလည်းထူးခြားသည်။ ထိုသို့ မကန့်ကွက်သော်လည်း ထိုဖူကူရှီးမားဒေသမှ လယ်ယာထွက်ကုန်နှင့် ပင်လယ်စာထွက်ကုန်များ တင်သွင်းမှုကို အမေရိကန်က ဆက်လက်တားမြစ်ထားသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ ဆိုသည်မှာ ပင်လယ်ထဲဖောက်ချမည့် စွန့်ပစ်ရေဆိုးများ လူကို အန္တရာယ်မပေးဟု ယုံကြည်ပါက အမေရိကန်အနေဖြင့် ထိုဒေသထွက် ရေနှင့် စိုက်ပျိုးရေးထွက်ကုန်များကို ဆက်လက်တားမြစ်ရန်အကြောင်းမရှိပေ။ ဖိလစ်ပိုင်ဆိုလျှင် ထိုမတော်တဆမှုဖြစ်ပွားပြီး ၉ နှစ် အကြာတွင် ဖူကူရှီးမားမှ အသားနှင့် အခြားလယ်ယာထွက်ကုန်များ တားမြစ်ချက်ကို ရုပ်သိမ်းခဲ့သည်။

မည်သို့ပင်ဆိုစေ တောင်ကိုရီးယား၊ တရုတ်နှင့် ထိုင်ဝမ်တို့က ရေဒီယို သတ္တိကြွစွန့်ပစ်ပစ္စည်းများကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်ရန် ဂျပန်၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို ရှေ့တန်းမှ ဆန့်ကျင်ကန့်ကွက် နေကြသည် ဖြစ်သည်။ ထိုသို့ကန့်ကွက်သည်မှည  အဏ္ဏဝါဂေဟစနစ်နှင့်အရင်းအမြစ်များကို အန္တရာယ်ဖြစ်စေနိုင်ပြီး ယင်းနိုင်ငံများ၏ ငါးဖမ်းလုပ်ငန်းများကို ထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ အလားတူ ဖိလစ်ပိုင်ကလည်း ဖူကူရှီးမား ရေဆိုးများကို စွန့်ပစ်ရန် ဂျပန်နိုင်ငံ၏ အစီအစဉ်နှင့် ပတ်သက် ၍ ၎င်း၏ စိုးရိမ်မှုကိုလည်း ဖော်ပြခဲ့သည်။

ဖူကူရှီးမားရှိ ဒေသခံ တံငါသည်များကလည်း အဆိုပါအစီအစဉ်ကို ဆန့်ကျင်ကြောင်း လူသိရှင်ကြားကြေညာခဲ့သလို ၂၀၁၁ ဆူနာမီကြောင့် ပျက်စီးခဲ့ရသည့် နျူကလီးယားစက်ရုံ‌ကိုအကြောင်းပြုကာ ပျက်စီးခဲ့ရသည့် ဒေသ၏ အမှတ်တံဆိပ်ကို ပြန်အဖတ်ဆယ်ထားနိုင်မှု ပြန်ပျက်စီးသွားမည်ကို စိုးရိမ်နေသည်။ ယခု စွန့်ပစ်မှုကြောင့် ၎င်းတို့ ၏ပင်လယ်စာများ ဘေးကင်းကြောင်း ယုံကြည်စေရန် နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား ကြိုးပမ်းခဲ့ရသည့် ဒေသတွင်း ငါးဖမ်းလုပ်ငန်း၏ အမှတ်တံဆိပ်အား ပျက်စီးစေမည်ကို ဂျပန်ဒေသခံများနှင့် အနီးပတ်ဝန်းကျင် ဒေသများက  စိုးရိမ်လျက်ရှိသည်။   

ဘာကြောင့် ဂျပန်၏ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဆိုးစွန့်ပစ်မည့် အစီအစဉ်ကို အားလုံးနီးပါးက အပြင်းအထန်လက်မခံကြသနည်း။ အဖြေကတစ်ခုတည်းဖြစ်သည်။ ဖြစ်ခဲ့ပါက ပြန်လည်ပြင်ဆင်၍မရနိုင်သည့် နျူကလီးယားဆိုးကျိုးကြောင့် ဖြစ်သည်။ အာရှရှိ ရေသတ္တဝါများမှာ ဒေသတွင်း အလွန်ဆက်စပ်နေပြီး ဖူကူရှီးမား ရေဆိုးမှ ဖြစ်လာနိုင်သောဓာတ်သင့်မှုနှင့် အဆိပ်သင့်မှုက ဒေသတွင်း ပင်လယ်၊ကမ်းရိုးတန်းပတ်ဝန်းကျင်နှင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေမည်မှာ သေချာကြောင်း သတိပြုသင့်သည်။ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ နျူကလီးယားယိုစိမ့်မှုမှ ထွက်လာသည့် ရေဆိုးများကို စွန့်ပစ်ရန် ဂျပန်အစိုးရ၏ တစ်ဖက်သတ် အစီအစဥ်မှာ ပြန်လည်သုံးသပ်ပြီး ထပ်မံလေ့လာရန် လိုအပ်နေပေသည်။ Greenpeace အဖွဲ့မှ နျူကလီးယား ကျွမ်းကျင်သူ ရှောင်ဘန်နီ အပါအဝင် ဝေဖန်သူများက ဂျပန်နိုင်ငံအနေဖြင့် ပျက်စီးနေသော ဖူကူရှီးမားစက်ရုံ အနီးတွင် ရေဆိုး များကို ဆက်လက်သိမ်းဆည်းသင့်သည်ဟု စောဒကတက်ခဲ့သည်။

ယခုပင်လယ်ထဲ စွန့်ပစ်မှု အစီအစဉ်တွင် တစ်စုံတစ်ရာ မှားယွင်းနေပါက ဖိလစ်ပိုင်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဆိုးရွားစွာ ထိခိုက်ခံစားရပြီး အနုတ်လက္ခဏာဆောင်သော အကျိုးဆက်များကို ခံစားနေ ကြရမည်ဖြစ်သကဲ့သို့ ဖြစ်သည်။ သို့ရာတွင် ဂျပန်၏အစီအစဉ်မှာ ကန့်ကွက်မှုများကြားမှ ဆက်လက်သွားနေဆဲဖြစ်သည်။ ဖူကူရှီးမားဒေသခံများက အာဏာပိုင်များ၏ သန့်စင်ပြီးမှ ဖောက်ချမည်ဆိုသည့် ပြောဆိုချက်ကိုပင် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။ ပြီးခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ဆူဂါလက်ထက်တွင် ဆန္ဒပြသူများက ဝန်ကြီးချုပ်အိမ်ရှေ့ စုရုံးကာ ပင်လယ်ထဲဖောက်ချမည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့သည်။

ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံကမူ ဂျပန်နိုင်ငံ၏ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်မှုအပေါ် လွန်စွာ အာရုံစိုက်ကြောင်း သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့သော နျူကလီးယား လက်နက်မပြန့်ပွားရေး သဘောတူစာချုပ် ၁၀ ကြိမ်မြောက် စိစစ်ရေး အစည်းအဝေးတွင် ထုတ်ဖော်ပြောခဲ့သည်။ တရုတ်လက်နက်လျှော့ချရေးသံအမတ်ကြီးလီစွန်က နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်မည့် ဂျပန်၏အစီအစဉ်သည် ပင်လယ်ဂေဟစနစ်ပတ်ဝန်း ကျင်၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် လူသားကျန်းမာရေးအပေါ် သက်ရောက်မှုများကို လျစ်လျူမရှုရကြောင်း၊ ဂျပန်အစိုးရသည် စီးပွားရေး ကုန်ကျစရိတ်သက်သာရန် နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်ရန် တစ်ဖက်သတ် ဆုံးဖြတ်ပြီး အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြည့်အစုံ ညှိနှိုင်းမှု မရှိကြောင်း၊ ယင်းလုပ်ရပ်သည် တစ်ကိုယ်ကောင်းဆန်မှုဖြင့် နိုင်ငံတကာ အသိုက်အဝန်းထံသို့ အန္တရာယ်များကို လွှဲပြောင်းပေးပြီး တာဝန်မရှိသကဲ့သို့ ကိုယ်ကျင့်တရားလည်း ကင်းမဲ့ကြောင်း၊ ဂျပန် ပြည်သူများက ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်သည့်အပြင် တရုတ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် ပစိဖိတ် ကျွန်းနိုင်ငံများသည်လည်း ယင်းအပေါ် စိုးရိမ်မိသည်ဟု အသီးသီး ဖော်ပြကြကြောင်း ပြောခဲ့လေသည်။

နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ဖောက်ချမည့် အစီအစဉ်ကို ယခုနှစ် ဧပြီ ၁၂ ရက်တွင် ဂျပန်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆုံးဖြတ်စဉ်က  ဒေသတွင်းနိုင်ငံများနှင့် ဒေသခံများ၏ တုံ့ပြန်မှုမှာ အပြင်းအထန်ဖြစ်လာနိုင်သည့် အချက်ကို မည်မျှထည့်သွင်းတွက်ချက်ထားသလဲဆိုတာ တွေးဆစရာရှိလာသည်။ ဂျပန်အနေဖြင့် ၎င်းတို့ထမ်းထားရသည့် အန္တရာယ်ကို ဒေသတွင်းနိုင်ငံများသို့ လွှဲချသည်လား၊ကမ္ဘာ့ရေနေသတ္တဝါ ကွင်းဆက်အပေါ် လွှဲချသည်လားဆိုသည်ကို ကွဲပြားစွာသိဟန်မတူပေ။

သေချာသည်က ထိုရေဆိုးတန်ချိန် ၁.၃၇ သန်းမှာ ဂျပန်ပင်လယ်ပြင်နှင့် တွဲဆက်နေသည့် ပစိဖိတ် သမုဒ္ဒရာမှ တစ်ဆင့် ကမ္ဘာ့သမုဒ္ဒရာအသီးသီးနှင့် ကမ်းရိုးတန်းဒေသများရှိ ကမ္ဘာ့ရေနေသတ္တဝါကွင်းဆက်ကို အနှေးနှင့် အမြန်ဆိုသလို တစ်နည်းတစ်ဖုံ ထိခိုက်စေမည်မှာ ငြင်းမရနိုင်သည့်အချက်ပင် ဖြစ်လေသည်။   

လင်းသစ်အောင်