【 နိုင်ငံတကာဆောင်းပါး 】တရုတ်သို့လာရောက်သည့် ဟင်နရီကစ်ဆင်ဂျာ၏ခရီး

【 နိုင်ငံတကာဆောင်းပါး 】တရုတ်သို့လာရောက်သည့် ဟင်နရီကစ်ဆင်ဂျာ၏ခရီး

တင်းမာနေသော တရုတ်-အမေရိကန်ဆက်ဆံရေးပြေလျော့စေရေးအတွက် နှစ်ဘက်စလုံးက ကြိုးပမ်းအား ထုတ်နေချိန်တွင် မီးပုံးပျံပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ပေကျင်းခရီးစဉ်မှာ မကြာမီလပိုင်းကပေါ်ပေါက်လာခဲ့သည်။
ဆက်တိုက်ဆိုသလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ယဲလင်လာရောက်ခဲ့သလို ဘိုင်ဒင်အစိုးရ၏ ရာသီဥတုဆိုင် ရာ အထူးသံတမန်ဖြစ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်အက်ဖ်ကယ်ရီလည်း ရောက်ရှိလာသည်။ ဘလင်ကန်ခရီးစဉ်အပြီး ဂျွန်ကယ်ရီ ခရီးစဉ်လာရောက်ချိန် ရုတ်တရက်ဆိုသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာရောက်ရှိလာခြင်းက တရုတ်-အမေရိကန်ဆက်ဆံရေးကို အာရုံစိုက်နေသူများအတွက် စိတ်ဝင်စားဖွယ်အတိ ဖြစ်ခဲ့သည်။
ခြောက်လကြာ နှုတ်ဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် စစ်ရေးအရ လွဲချော်လုနီးဖြစ်ပြီးနောက် နှစ်ဖက်စလုံးက အပြု သဘောဆောင်သည့် အလားအလာအဖြစ် လွန်ခဲ့သည့်လက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ ခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
သို့ရာတွင် ဘလင်ကန်၏ခရီးစဉ်အတွင်း တရုတ်နှင့်အမေရိကန်ကြား ဆက်ဆံရေးမှာ ထင်သလောက်မဖြစ်လာခဲ့ပေ။ နှစ်ဦးနှစ်ဖက် နက်ရှိုင်းပွင့်လင်းစွာ ဆွေးနွေးခဲ့ရာတွင် သဘောတူညီချက်အချို့သာ ရရှိခဲ့ပြီး အရေးကြီးဆုံးတစ်ခုမှာ ဘာလီကျွန်း၌ တွေ့ဆုံဆွေးနွေးထားသောအစီအစဉ်များကို ပြန်လည်ဖော်ဆောင်ရန်ဖြစ်ခဲ့သည်။
ဇူလိုင် ၁၃ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ တရုတ်ဝါရင့်သံတမန် ဝမ်ယိနှင့် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဘလင်ကန်တို့ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံမှုတွင် ဝမ်ယိက ပြီးခဲ့သည့်လ တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး လာရောက်လည်ပတ်စဉ်ကာလအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသော မဟာဗျူဟာနှင့် လမ်းညွှန်သဘောထားများကို သမ္မတ ရှီကျင့်ဖျင်က အဆိုပြုခဲ့သည်ကို ပြောခဲ့သည်။
ဝမ်ယိက နှစ်နိုင်ငံအနေဖြင့် လက်တွေ့အသေးစိတ်ကိစ္စရပ်များကို စတင်ဖော်ဆောင်ရမည်ဖြစ်ပြီး ၊ “ဖြစ်နိုင်ခြေများပြီး အန္တရာယ်သက်ရောက်မှုကြီးမားနိုင်သော ကိစ္စရပ်များ”ကို ခိုင်မာစွာ တားဆီးခြင်း၊ “ဖြစ်နိုင်ခြေနည်းပြီး အန္တရာယ်သက်ရောက်မှုကြီးမားနိုင်သော ကိစ္စရပ်များ”ကို သင့်လျော်စွာ စီမံခြင်း၊ “ရှေ့သို့လျှောက်လှမ်းရာ၌ ကြုံ တွေ့မည့် ဆူးခလုတ်များ”ကို ရှင်းလင်းဖယ်ရှားခြင်းဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်စေမှုအကြောင်း တရားများကို စုစည်း၍ အနှောင့်အယှက်များကို ဖယ်ရှားရမည်ဟု ဆွေးနွေးခဲ့သည်။
တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်စွာမရှိခြင်းကြောင့် ကမ္ဘာ့အရေးများတွင် တချို့သော ဖြစ်ရပ်များကို တားဆီးဟန့်တားရန် ခက်ခဲနေခဲ့သည်။ထိုသည်က ကမ္ဘာ့အတွက် နစ်နာမှုဖြစ်သည်။ ယခုနှစ်ပိုင်း တရုတ်- အမေရိကန် ဆက်ဆံမှုများကိုကြည့်ပါက အနိမ့်အမြင့်များလှနေသလို စီးပွားရေးနှင့် နိုင်ငံရေးတွင်လည်း အပြန်အလှန်အရေးယူမှုပိတ်ဆို့မှုများရှိနေသည်။ တစ်ဘက်တွင် ရုရှား ၏ ယူကရိန်းသို့ ကျူးကျော်မှုကြောင့် တစ်ကမ္ဘာလုံး ကသောင်းကနင်းဖြစ်လာရန် အားပျိုးနေပြီဖြစ်ရာ တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်အားကောင်းရန်မှာ မရှိမဖြစ်လိုအပ်လာနေသည်။ ထိုအချိန်တွင် အမေရိကန်ဝါရင့် သံတမန်ဟောင်း ကစ်ဆင်ဂျာ၏ တရုတ် ခရီးစဉ် ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရုတ်တရက် တရုတ်သို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ၏ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူး၊ ဝါရင့် ထိပ်တန်းသံတမန် ဝမ်ယိတို့ နှင့် တွေ့ဆုံခဲ့သည်။ ကစ်ဆင်ဂျာကို နိုင်ငံတော် ဧည့်ဂေဟာဖြစ်သည့် တျောက်ယွီထိုင်တွင် ဧည့်ခံတွေ့ဆုံခဲ့သည့် ရှီကျင့်ဖျင်က “မိမိတို့အနေဖြင့် မိတ်ဆွေဟောင်းကို မမေ့နိုင်သလို တရုတ်-အမေရိကန် ဆက်ဆံရေးဖွံ့ဖြိုးတိုး တက်အောင်၊ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေး တိုး ပွားအောင် တွန်းအားပေးဆောင်ရွက်ခဲ့သော အဆွေ တော်၏ သမိုင်းဝင်အကျိုးဆောင်မှုများကိုလည်း မေ့ပျောက်ခြင်း မရှိပါကြောင်း” ဟု ပြောခဲ့သည်။ ကစ်ဆင်ဂျာကလည်း တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ အမှတ် ၅ ဂေဟာတွင် လက်ခံတွေ့ဆုံသည့်အတွက် ၎င်းပထမဆုံး တရုတ်နိုင်ငံသို့ လာရောက်ချိန်တွင် တရုတ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သောနေရာတွင် ဧည်ခံတွေ့ဆုံသည့်အတွက် ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။
ထို တျောက်ယွီထိုင်ဧည့်ဂေဟာမှာ ၁၉၇၁ခုနှစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟင်နရီကစ်ဆင်ဂျာတာဝန်ယူစဉ် တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့သည့် သမိုင်းဝင်နေရာ ဖြစ်သည်။ ထိုသို့ အမေရိကန်-တရုတ်ဆက်ဆံရေးသမိုင်းဝင်နေရာတွင် ကစ်ဆင်ဂျာကို ယခုတရုတ်ခေါင်းဆောင်က တန်ဖိုးထားဧည့်ခံခြင်းကိုကြည့်လျှင် အမေရိကန်-တရုတ်ဆက်ဆံရေးကို တရုတ်ဘက်က မည်မျှအလေးထားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
ကစ်ဆင်ဂျာနှင့်တွေ့ဆုံစဉ် ရှီက “ လွန်ခဲ့သော ၅၂ နှစ် တရုတ်-အမေရိကန် နှစ်နိုင်ငံ အချက်အချာကျသော အချိုးအကွေ့သို့ ရောက်ရှိချိန်တွင် ဥက္ကဋ္ဌကြီး မော်စီတုန်း၊ ဝန်ကြီးချုပ် ချူအင်လိုင်း၊ သမ္မတရစ်ချက်နစ်ဆင်နှင့် အဆွေ တော်တို့သည် ထူးချွန်ပြောင်မြောက်သော မဟာဗျူဟာအမြင်ဖြင့် တရုတ်-အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေးကို မှန်ကန်စွာ ရွေးချယ်ခဲ့ကြပြီး တရုတ်- အမေရိကန် ဆက်ဆံရေး ပုံမှန်လုပ်ငန်းစဉ်များကို စတင်ခဲ့ကြရာ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေခဲ့သလို ကမ္ဘာကို ပြောင်းလဲခဲ့ကြောင်း” ပြောခဲ့သည်။
လက်ရှိတွင် ကမ္ဘာသည် နှစ် ၁၀၀ တွင် မကြုံရဖူးသော အပြောင်းအလဲများကို ဖြတ်သန်းနေရသလို နိုင်ငံတကာအခင်းအကျင်းတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပွားလျက်ရှိရာ တရုတ်- အမေရိကန် နှစ်နိုင်ငံသည် မည် သို့ဦးတည်လျှောက်လှမ်းကြမည်ဟူသော လမ်းဆုံသို့ ထပ်မံရောက်ရှိနေခြင်းကြောင့် နှစ်နိုင်ငံအနေဖြင့် ထပ်မံရွေး ချယ်ရန် လိုအပ်လာပြီဖြစ်ကြောင်း ကစ်ဆင်ဂျာကို အလေးအနက်ထားပြောခဲ့သည်။
ရှီက ကစ်ဆင်ဂျာနှင့် တွေဆုံရာတွင် တရုတ်နှင့် အမေရိကန်သည် အပြန်အလှန်အောင်မြင်ဖြစ်ထွန်းအောင်၊ အတူ တကွ ဖွံ့ ဖြိုးတိုးတက်အောင် အပြည့်အဝ ဖော်ဆောင်၍ရကြောင်း ၊ အရေးကြီးသည့် အချက်မှာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုဟူသော မူ ၃ ရပ်ကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် အခြေခံ၍ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်သောလမ်းကြောင်းကို ရှာဖွေကာ နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ၎င်းမှာ နှစ်ဦးနှစ်ဖက်အ တွက် အကျိုးရှိစေသလို ကမ္ဘာအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ အဆွေတော်နှင့်တကွ အမေရိကန်၏ အမြော်အမြင် ရှိ၍ တတ်စွမ်းသူများအနေဖြင့် တရုတ်- အမေရိကန် ဆက်ဆံရေး မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟု မျှော် လင့်ကြောင်း ပြောခဲ့သည်။
ကစ်ဆင်ဂျာက အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် အရေးကြီးကြောင်း ၊ လက်ရှိအခြေအ နေတွင် “ရှန်ဟိုင်း ကြေညာချက်”၌ အတည်ပြုထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာသင့်ကာ တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် တရုတ်နိုင်ငံအတွက် အလွန် အမင်းအရေးကြီးသည်ကို နားလည်သဘောပေါက်၍ အမေရိကန်-တရုတ် ဆက်ဆံရေးကို အပြုသဘောဆောင် တိုးတက်လာအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အမေရိကန်-တရုတ် နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် နားလည်မှု တိုးမြှင့်လာရေးအတွက် မိမိအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွား လိုကြောင်းပြောခဲ့သည်ကိုတွေ့ရသည်။
ကစ်ဆင်ဂျာမှာ စစ်အေးခေတ်ရန်ဘက်ဖြစ်နေသည့် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးကို ပင်ပေါင်ဒီပလိုမေစီဖြင့် စတင်တည်ဆောက်ခဲ့သူဖြစ်ရာ တရုတ်နှင့် အမေရိကန်ဆက်ဆံရေးသမိုင်းတွင်အရေး ပါသူဖြစ်သည်။ ယခု အသက် ၁၀၀ ကျော်နေပြီ ဖြစ်သည့် ကစ်ဆင်ဂျာ၏ ဘ၀တစ်လျှောက် ၂၀၁၉ ခုနှစ်က နောက်ဆုံးလာရောက်ခြင်းအပါအဝင် အကြိမ် ၁၀၀ ကျော်တရုတ်သို့လာရောက်ခဲ့သည်။ ယခုလို နှစ်ဘက် တင်းမာမှုမြင့်တက် နေစဉ် တရုတ်နှင့် အမေရိကန်ဆက်ဆံရေးသမိုင်းတွင် အရေးပါသည့် ကစ်ဆင်ဂျာ၏ ခရီးစဉ် ရုတ်တရက်ဖြစ်လာခြင်းက စိတ်ဝင်စားဖွယ်ဖြစ်သည်။
တရုတ်ဘက်ကလည်း ကစ်ဆင်ဂျာ၏ ခရီးစဉ်အတွင်း လက်ရှိတရုတ်မျိုးဆက်ခေါင်းဆောင်ဖြစ်သည့် ရှီကျင့်ဖျင်အပါအဝင် ခေါင်းဆောင်တွေက တလေးတစားနဲ့ လက်ခံတွေ့ဆုံခဲ့ကြသည်ကို ကြည့်လျှင် ထိုခရီးစဉ်မှာ သာမန်ထက်ပို၍အဓိပ္ပါယ်ဆောင်နေလေသည်။ယူကရိန်းစစ်ပွဲကြောင့် နျူကလီးယားစစ်ပွဲဖြစ်ရန် အရမ်းနီးကပ်လာနေချိန်တွင် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား နီးကပ်သည့်နားလည်မှုရရှိဖို့က ထိုနှစ်နိုင်ငံအတွက် မဟုတ်ဘဲ ကမ္ဘာအတွက်ပါအရေးပါနေသည်။ ယခု အချိန်သည့် စစ်အေးခေတ်ကာလလို ဖြစ်လာရန် တရွေ့ရွေ့နီးကပ်လာနေသည်။ ယခင် စစ်အေးကာလ အမြင့်ဆုံး အချိန်က ထိုအနေအထားကိုဖြတ်တောက်ကာ လိပ်ခဲတည်းလည်းမှု အနေအထားကို ဖြိုခွင်းပြီး “ပစိဖိတ် သမုဒ္ဒရာ ဖြတ်ကျော်သော လက်ဆွဲမှု”ကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည့် ကစ်ဆင်ဂျာ၏ အမြင်မှာ ယခုအချိန် တွင် အမေရိကန်-တရုတ်ဆက်ဆံရေးတွင် လိုအပ်လာနေပြီ ဖြစ် သည်။ ထိုသည်ကိုလည်း တရုတ် ဝါရင့်ထိပ်တန်း သံတမန်ဝမ်ယိက ကစ်ဆင်ဂျာနှင့် သီးခြားတွေ့ဆုံစဉ် လွန်ခဲ့သည့် ရာစုနှစ်တစ်ဝက်ခန့်က တရုတ်နိုင်ငံနှင့် အမေရိကန်၏ ဆက်ဆံရေးတွင် အဓိကကျသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို လုပ်ဆောင်နေသည့် နေ့ရက်များကို ပေကျင်းက သတိရနေကြောင်းအရိပ်အမြွက် ပြောခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
၁၉၇၁ခုနှစ် စစ်အေးကာလ အမြင့်ဆုံးအချိန်တွင် တရုတ်-အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်းကြောင့်‌ ကမ္ဘာ့အေးချမ်းတည်ငြိမ်ရေးအတွက် အကျိုးရှိသည့် လော့ဂျစ်ဖြစ်ခဲ့လေရာ ယခု ၅၂နှစ် ကြာခဲ့ ပြီးနောက် နိုင်ငံတကာအခြေအနေ ပြောင်းလဲလာသော်လည်း ထိုလော့ဂျစ်မှာ ပြောင်းလဲခြင်းမရှိသေးပေ။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးအကြီး ဆုံးနှင့် အကဲဆတ်ဆုံးသော အမြုတေပြဿနာမှာ ထိုင်ဝမ် ပြဿနာသည် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိနား လည်ထားသည့် ကစ်ဆင်ဂျာအနေဖြင့် အမေရိကန်- တရုတ် နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် နားလည်မှု တိုးမြှင့်လာရေးအတွက် မိမိအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်းပြောခဲ့သည်။
လက်ရှိတွင် တရုတ်-အမေရိကန် ဆက်ဆံမှုသည် လမ်း ဆုံလမ်းခွတွင် ထပ်မံ ရောက်ရှိနေလေပြီ။ သို့ဖြစ်ရာ တရုတ်ပြည်အတွက် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူ၏ အလွန်အမင်း အရေးကြီးပုံကို သိရှိနားလည်သင့်ကြောင်း ရှီကျင့်ဖျင်ကိုပြောခဲ့သည့် ကစ်ဆင်ဂျာ၏ ရုတ်တရက်ထွက်ပေါ်လာသည့် တရုတ်ခရီးစဉ်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ကမ္ဘာ့ကလိုအပ်နေသည့် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်မလားဆိုသည်ကို စောင့်ကြည့်ရပေတော့မည်ဖြစ်သည်။
 
လင်းသစ်အောင်