【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာ့ခြိမ်းခြောက်မှုများနှင့် ခေါင်းဆောင်မှု

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာ့ခြိမ်းခြောက်မှုများနှင့် ခေါင်းဆောင်မှု

ကမ္ဘာ့အပြောင်းအလဲ၊ ခေတ်ကာလအပြောင်းအလဲ၊ သမိုင်း၏အပြောင်းအလဲသည် ယခုရာစုနှစ်တွင် မကြုံစဖူး အခြေအနေများဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဦးတည်မှုကို ဆိုးဆိုးဝါးဝါးစိန်ခေါ်နေလေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ မြူမှိုင်းများ ရှင်းလင်းသွားခြင်း မရှိသေးသည့် အခြေအနေတွင် ယူကရိန်းကို ရုရှား၏ တစ်ဘက်သက်ကျူးကျော်မှု စစ်မက်မီးလျှံ ထပ်မံတောက်လောင်နေရာ ကမ္ဘာ့အင်အားကြီးနိုင်ငံများထိပ်တိုက်တွေ့လာနိုင်သည့် အန္တရာယ်ကို မကြာခဏ ကြုံတွေ့လုနီးပါးဖြစ်လာနေသည်။ တစ်ဖန်ဒေသတွင်း ပဋိပက္ခများနှင့် သဘာ၀ဘေးများကလည်း လူသားတို့၏အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်နေသကဲ့သို့ ဘာသာရေးနှင့် လူမျိုးခွဲခြားဆက်ဆံမှုမှ ဖြစ်ပေါ်လာသည့် ဘာသာရေး၊လူမျိုးအရေးအစွန်းရောက်မှုများ၊ အယူဝါဒအစွန်းရောက်မှုများကလည်း ကမ္ဘာ့အနှံ့ ဖြစ်ပေါ်နေခဲ့ရာ ယနေ့ကမ္ဘာလောက် လုံခြုံမှုတစတစကင်းမဲ့လာသည့် အခြေအနေမျိုးမှာ မကြုံစဖူး ကြုံနေရလေသည်။

မကြာခင်က ကမ္ဘာ့တစ်ဝန်းနိုင်ငံရေးအပြောင်းအလဲများ ပေါ်ပေါက်လာသလို အာရှနှင့် ဥရောပတွင် ကမ္ဘာ့စစ်များကို ဖန်တီးခဲ့သည့် နိုင်ငံများ ပြန်လည်ခေါင်းထောင်လာသည်ကို တွေ့ရသလို တခြားသောနိုင်ငံများတွင်လည်း စစ်လိုလားသော သဘောထားတင်းမာသည့် ခေါင်းဆောင်များ နေရာရလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဒေသန္တရစစ်ပွဲဟုခေါ်သည့် ဒေသတွင်းစစ်ပွဲများမှတစ်ဆင့် ပိုမိုကျယ်ပြန့်လာနိုင်မည့် စစ်ပွဲအန္တရာယ်ကို မြင်လာရသည်။ကိုဗစ်ကဲ့သို့ ကျန်းမာရေးကပ်ဘေးများကြောင့်‌ သန်းနှင့်ချီကာရှိလာသည့် မိဘမဲ့ကလေး သူငယ်များ၏ နောင်ရေးအတွက် မရေမရာဖြစ်ချိန်တွင် မျောက်ကျောက် ရောဂါ ကျယ်ပြန့်လာနေသည်မှာ သိပ်ကောင်းသည့် အလားအလာ မဟုတ်ချေ။ထိုအခြေအနေတွင် နိုင်ငံငယ်များနှင့် လူမျိုးစုငယ်များအတွက် ခြိမ်းခြောက်မှုကို အကာအကွယ်ပေးနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းပြီး လုံခြုံသည့် ကမ္ဘာဖြစ်စေရန် ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးနှင့် သက်ဆိုင်သည့် ဘုံလုံခြုံရေးအယူအဆက နိုင်ငံတကာတွင် ကျယ်လောင်စွာထွက်လာသလို ထိုအယူအဆနှင့် ပတ်သက်ပြီး ပြောဆိုမှုများက ကမ္ဘာ့ခေါင်း ဆောင်များတွင် ရှိလာခဲ့သည်။   

ယခုနှစ်ဖေဖေါ်ဝါရီလက ကျင်းပခဲ့သည့် မြူးနစ်လုံခြုံရေး ညီလာခံတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုမှာ ပိုမိုရှုပ်ထွေးပြီးစစ်အေး ကာလထက် ပိုမိုမြင့်မားလာဖွယ်ရှိကြောင်း သတိပေးခဲ့ပြီး ကမ္ဘာကြီး ပိုမိုရှုပ်ထွေးအန္တရာယ်များလာနိုင်စေသည့် အဓိကအကြောင်းရပ်ကြီး (၅ )ရပ်ကို ပြောကြားခဲ့သည်။ ကုလအတွင်းရေးမှူးချုပ်က ပထဝီ ဝင်နိုင်ငံရေး ပိုင်းခြားမှုများ၊ ဒုတိယအချက်မှာ အကျပ်အတည်းများ ကြီးထွားလာခြင်း၊ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှု ကမ္ဘာကို လွှမ်းခြုံနေခြင်း၊ ရိုးရာမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများ၊ဒစ်ဂျစ်တယ်နည်းပညာများဖြင့် တိုက်ခိုက်မှုများက အနာဂတ်ကမ္ဘာကို ပိုမိုရှုပ်ထွေး အန္တရာယ်များစေလာနိုင်ခြင်း စသည့် အဓိကအကြောင်းရပ်ကြီး (၅ )ရပ်ကို ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာတွင် နိုင်ငံကြီးများ၏ ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် ပထဝီနိုင်ငံရေး မဟာဗျူဟာများကြောင့် ကမ္ဘာနှင့် ဒေသတွင်း လုံခြုံရေးကိုခြိမ်းခြောက်သည့် အစွန်းရောက်အကြမ်းဖက် အုပ်စုငယ်များ၊ နည်း ပညာ အလွဲသုံးစားလုပ် တရားမဲ့ပြုကျင့်မှုများ၊ ကော်ပိုရိတ်များ၏ ဥပဒေမဲ့ တရားမဲ့ပြုကျင့်သည့် စီးပွားရှာမှုများနှင့် ဒေသခံများအပေါ် ခေတ်သစ်ကိုလိုနီပြုခြင်းများ စသည်တို့မှာ နိုင်ငံများနှင့် နိုင်ငံတကာ လုံခြုံရေးအဖွဲ့ အစည်းများအောက်မှ လွတ်ကာ အားကောင်းလာနေသည်ကို တွေ့နေရသည်။ ထိုအတွက် အင်အားနည်းသော နိုင်ငံငယ်များနှင့် မတောင့်တင်းသည့် နိုင်ငံများမှာ ထိုသို့သော အဖွဲ့အစည်းများနှင့် ဝါးမျိုလိုသည့် နိုင်ငံအချို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။

ခြိမ်းခြောက်မှုအားလုံးသည် လူ့အခွင့်အရေးနှင့်  ဒီမိုကရေစီကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေသည်။ ယနေ့ခေတ်တွင် ကြီးမားသော အာဏာပြိုင်ဆိုင်မှုနှင့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုနှစ်ခုစလုံးကို ကမ္ဘာကရင်ဆိုင်နေရသည်။ ပေါင်းစပ်ညှိနှိုင်းမှုယန္တရားက တဖြည်းဖြည်း ယိုယွင်းလာသလို ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်း၏ နိုင်ငံငယ်များအပေါ် အကာအကွယ်ပေးနိုင်မှု မရှိသလောက်ဖြစ်လာသည့်အခါ ကမ္ဘာ့လုံခြုံရေးကို ပြန်လည်တည်ဆောက်ရန် အရေးကြီးလာခဲ့သည်။ နူအင်အားကြီး ရုရှားက နေတိုးတပ်ဖွဲ့တိုးချဲ့မှုကို အကြောင်းပြပြီး အိမ်နီးချင်း ယူကရိန်းကို တရားမဲ့စွာကျူး‌ကျော်စစ်ဆင်နွဲသည့်အခါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအသိုက်အဝန်းတည်ဆောက်မှုက နိုင်ငံများအတွက် အရေးတကြီး လိုအပ်လာသည့် ကိစ္စရပ်ဖြစ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအသိုက်အဝန်းတည်ဆောက်ရေးနှင့် ပတ်သက်ပြီး လွန်ခဲ့သော ၈ နှစ်ကတည်းက တင်ပြခဲ့သည့် တရုတ် သမ္မတ ရှီကျင့်ဖျင်က မကြာသေးမီကျင်းပခဲ့သော ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်(BFA)တွင် ကမ္ဘာ့လုံခြုံရေး အဆိုပြုချက်(GSI)ကို ပထမဆုံးအကြိမ်အဖြစ်တင်ပြခဲ့သည်။ထိုတင်ပြချက်တွင် “ဘုံ”အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်သော လုံခြုံရေး အမြင်ကို ခိုင်မာစွာ လက်ကိုင်ထားခြင်း၊ နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို လေးစားပြီး ကုလသမဂ္ဂပဋိညာဉ် စာတမ်း ရည်ရွယ်ချက်နှင့်အခြေခံမူကို လေးစားလိုက်နာခြင်း၊ နိုင်ငံအသီးသီး၏သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားခြင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံများ အကြား ကွဲလွဲမှုနှင့်အငြင်းပွားမှု များကို ဖြေရှင်းခြင်း၊ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍ ကာကွယ်ထိန်းသိမ်းရန် ပြင်ဆင်စီမံခန့်ခွဲခြင်းစသည့် အဓိက ကဏ္ဍ ၆ ရပ်ကို တင်ပြခဲ့တာကို တွေ့ရသည်။

ထိုအယူအဆကို လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကပင် တရုတ်သမ္မတရှီက စတင်ပြောခဲ့ခြင်းဖြစ်သည်။ ရှန်ဟိုင်းတွင် ပြုလုပ်ခဲ့သော အာရှထိပ်သီးအစည်းအဝေးတွင် ရှီက “ကျွန်တော်တို့ရဲ့ လုံခြုံရေးအယူအဆကို ဆန်းသစ်ဖို့၊ ဒေသတွင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗိသုကာအသစ်ကို ထူထောင်ဖို့နဲ့  မျှဝေမှုရှိပြီး အားလုံးအတွက် အကျိုးအမြတ်ရှိသော အာရှလုံခြုံရေးအတွက် ပူးတွဲတည်ဆောက်ဖို့ လိုပါတယ်”ဟု ပြောခဲ့တာတွေ့ရသည်။  ထို့နောက် ၂၀၁၇ ခုနှစ် ၈၆ ကြိမ်မြောက် အင်တာပိုအထွေထွေညီလာခံတွင် ရှီက “ နိုင်ငံများ အနေဖြင့် အများနှင့်ဆိုင်၍ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သောလုံခြုံရေး အယူအဆကို လက်ခံကျင့်သုံးသင့်ပြီး လုံခြုံရေး စိန်ခေါ်မှုများစွာကို ပူးတွဲတုံ့ပြန်သင့်ပါတယ်”ဟု ထပ်ပြောခဲ့သည်ကို တွေ့ရသည်။ ၂၀၂၀ ပြည့်နှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ နိုင်ငံ့ခေါင်းဆောင်များကောင်စီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေးတွင် “ကျွန်တော်တို့ အနေနဲ့ လုံခြုံရေးနှင့် တည်ငြိမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အားလုံးအတွက် လုံခြုံရေးအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ လိုပါတယ်”ဟု ပြောခဲ့ပြန်သည်။

ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်ပေါ်ထွက်လာနေသည့် တရုတ်က အမေရိကန်နှင့် ရုရှားကြီးစိုးနေသည့် ယနေ့ကမ္ဘာတွင် စည်းလွတ်ဝါးလွတ်ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာ့တည်ငြိမ်မှုပျက်ပြားနိုင်သည့်အခြေအနေ အတွက် သတိပေးခဲ့သည်။ လက်ရှိတွင် အာရှနှင့် ကမ္ဘာတစ်လွှား စစ်မီးတောက်များ ထတောက်မည်ကို မြင်နေရသလို သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးအန္တရာယ်ခြိမ်းခြောက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိသည်။ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအသိုက်အဝန်းတည်ဆောက်မှုထက် ဖယ်ကျဉ်သော”အသိုက်အဝန်းငယ်”၊ အဖွဲ့ငယ်”ဖွဲ့ရန် အားသန်လျက်ရှိရာ ၎င်းအချက်က  နိုင်ငံတကာလုံခြုံရေးစနစ်ကို ဆိုးဝါးစွာ ပျက်စီးစေပြီး ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုလိုအပ်ချက်ကို ပို၍ ယိုယွင်းစေသည်ကို ဦးတည်နေစေခဲ့သည်။

ဘိုအောဖိုရမ်တွင် ရှီတင်ပြခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် နိုင်ငံအသီးသီး ပြည်သူများ၏ အကျပ်အတည်းအချိန်ကာလကို ဖြတ်ကျော်ရန်နှင့် လက်တွဲညီညီ ကပ်ရောဂါအလွန်ကာလ သာယာ လှပသောကမ္ဘာကို တည်ဆောက်ရေး အများဆန္ဒ၏ ပဲ့တင်သံဖြစ်သည်။ လက်ရှိတွင် ကမ္ဘာစီးပွားရေး ပြန်လည် ရှင်သန်ရေး အင်အားချိနဲ့နေခြင်း၊ ငွေကြေးဖောင်းပွမှုဖိအား အဆက်မပြတ် မြင့်တက်နေခြင်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ထုတ်ကုန်လုပ်ငန်း ကွင်းဆက်၊ ထောက်ပို့ရေးလုပ်ငန်းကွင်းဆက်စသည့် အန္တရာယ်အကျပ်အတည်းအမျိုးမျိုးများ ဖြစ်ပွားလျက်ရှိရာ ကုန်သွယ်ရေး ၊စီးပွားရေး၊သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံအချို့၏ ဖိနှိပ်ဟန့်တားခြင်းကလည်း   ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့ ဘဝနေထိုင်မှု အခက်အခဲကို ပို၍ တစ်ဆင့်တိုး ဆိုးဝါးစေခဲ့သည်။

ကမ္ဘာတွင် သဘာ၀ဘေးများနှင့် လူလုပ်ဘေးများကြောင့် လူ့သက်တမ်းပြည့်နေထိုင်ရသည့်အချိန်ကာလမှ ယုတ်လျော့လာသလို ငတ်မွတ်သည့် စားနပ်ရိက္ခာရှားပါးမူ၊နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ပြေးဒုက္ခများနှင့် နိုင်ငံမဲ့များအရေးကိုလည်း တစ်နှစ်ထက် တစ်နှစ်တိုးပြီး ရင်ဆိုင်လာနေရသည်။ အထူးသဖြင့် ထိုသို့သော ဘေးများမှာ လုံခြုံမှု့မရှိသည့် အခြေအနေများမှ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ကမ္ဘာ့ပေါ်ရှိ လူများအားလုံး၏ ရှင်သန်မှုအတွက် နေရေး၊စားရေးအတွက် အာမခံချက်ပေးနိုင်ရန် လုံခြုံရေးအာမခံချက်ရှိဖို့က အရေးကြီးသည်။ ထိုလုံခြုံရေးအာမခံချက်တွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတည်ဆောက်ရန်မှာ မရှိမဖြစ်လိုအပ်မှုဖြစ်သည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်း စစ်အုပ်စုများဖွဲ့စည်းမှု ၊လက်နက်တပ်ဆင်မှုနှင့် စစ်ရေးတည်ဆောက်မှုများက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ပြန်လည်ဖြစ်‌ပေါ်နေသည်ကိုတွေ့ရသည်။

ကပ်ရောဂါကျော်လွန်ပြီးသည့် အချိန်ကာလတွင် စစ်မက်ဘေးကို မကြုံရစေရန် နိုင်ငံတကာ အသိုက်အဝန်း၏ ကာကွယ်ထိန်းသိမ်းမှုဖြင့်  အချိန်မီတုံ့ပြန်ခြင်း၊ ပဋိပက္ခစစ်ပွဲဖြစ်ပွားမှုကို တားဆီးရေး လိုအပ်ချက်ကို တုံ့ပြန်ခြင်းနှင့် နိုင်ငံတကာ ပဋိပက္ခများ၏ အရင်းအမြစ်ကို ဖြေရှင်း၍ ကမ္ဘာ့ရေရှည် တည်ငြိမ် အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် ရှီတင်ပြခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်က အရေးကြီးလာနေပြီ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြူးနစ် လုံခြုံရေး ညီလာခံတွင် ၎င်းအား မကြာခဏဆိုသလို စစ်အေးတိုက်ပွဲအသစ်မှာ ရောက်နေသလားဟု မေးကြောင်း ၊ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုမှာ ပိုမိုရှုပ်ထွေးပြီး ထိုအချိန်ကထက် ပိုမိုမြင့်မားနေကြောင်း ပြောခဲ့သည်။ “စစ်” သည်လာနေပြီဖြစ်သည်။ကမ္ဘာစစ်တို့ကို ကြည့်ပါက စစ်က အင်အားကြီးသူရော နိုင်သူကိုပါ ဖျက်ဆီးသည်ကို တွေ့ရမည်ဖြစ်သည်။ စစ်တွင် နိုင်သူမရှိ။ရှုံးသူချည်းသာဖြစ်သည်။

ထို့ကြောင့်  မျိုးဆက်သစ်များအတွက် ကမ္ဘာ့ရေရှည် တည်ငြိမ် အေးချမ်းနေစေရန် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးက အရေးကြီးလာနေပြီ ဖြစ်သည်။  

လင်းသစ်အောင်