【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားရဲ့ တစ်ကျော့ပြန် နျူကလီးယားခြိမ်းခြောက်မှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားရဲ့ တစ်ကျော့ပြန် နျူကလီးယားခြိမ်းခြောက်မှု

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ သဘာ၀ဘေးသတင်းတွေ၊ တိုက်ပွဲသတင်းတွေ၊ ပြင်းထန်လာတဲ့  စွမ်းအင်ဆိုင်ရာတင်းမာမှု သတင်းတွေနဲ့ အတော်လေးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းခဲ့တာက အီးယူက ချမှတ်လိုက်တဲ့ ရေနံစျေးနှုန်းသတ်မှတ်မှုကြောင့် ရုရှားနဲ့ ဥရောပကြား တင်းမာမှုက ပိုမြင့်တက်လာတဲ့ အခြေအနေတွေပါပဲ။ဒီအခြေအနေက ပူတင်ရဲ့ တစ်ဖက်သတ်ကျမှုကို ပိုပြီးရိုက်ခက်လာနိုင်မှုများနေပါတယ်။ယခုထိ နျူကလီးယားလက်နက် အသုံးပြုနိုင်မှုအခြေအနေက လုံး၀ငြင်းပယ်လို့ရနိုင်သေးတဲ့ အနေအထားမဟုတ်သေးပါဘူး။တကယ်သာ ရုရုားဘက်က သုံးလာရင် အမေရိကန်နဲ့ နေတိုးဘက်ကလည်း လက်ဦးမှုရအောင် သုံးမယ့်အနေအထားရှိနေပါတယ်။ဘယ်ဘက်ကစပြီး နျူကလီးယားလက်နက်သုံးသုံး တကယ်ဖြစ်လာရင် ကမ္ဘာပျက်ဖို့ပဲရှိပါတယ်။

ဒီအခြေအနေဟာ လက်တစ်ကမ်းမှာပါ။ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားသမ္မတ ပူတင်နဲ့ ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ် ရှုလ်ဇ်တို့ ဖုန်းကနေ ဆက်သွယ်စကားပြောခဲ့ပါတယ်။ဒီပြောဆိုမှုအတွင်း  ဂျာမန်ဝန်ကြီးချုပ်ကို ပူတင်က ယူကရိန်းစစ်မှာ နျူကလီးယားလက်နက်သုံးမယ်ဆိုပြီး ထပ်ခြိမ်းခြောက်ခဲ့ပါတယ်။ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အလျှော့ပေး အဆုံးသတ်ဖို့ ပူတင် မရည်ရွယ်ထားတာကို တွေ့ရမှာဖြစ်ပြီး ရည်ရွယ်ထားသလိုမဖြစ်ရင် အားလုံးဖျက်ဆီးထားခဲ့နိုင်တဲ့ အခြေအနေပါ။ဒါကြောင့် ရုရှားရဲ့ နျူကလီးယားတစ်ကျော့ပြန်ခြိမ်းခြောက်မှုက သတိထားတွက်ချက်ထားရမယ့် အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။  

ဒီတစ်ပတ်မှာ ရုရှားသတင်းချည်းပဲ စိတ်ဝင်စားစရာကောင်းခဲ့တာတော့ မဟုတ်ပါဘူး။တခြားသတင်းတွေလည်း ရှိပါသေးတယ်။ဒါက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းက ဆီမာယူးမီးတောင်ပေါက်ကွဲတဲ့သတင်း၊ ကင်ညာမှာ မိုးခေါင်လို့ တောရိုင်းတိရစ္ဆာန် ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့သတင်း၊ ဆော်ဒီအာရေဗျကို သုံးရက်ကြာသွားရောက်တဲ့ ခရီးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ပင်လယ်ကွေ့ကောင်စီ (GCC) နဲ့ တရုတ်ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့သတင်း၊ တရုတ်မှာ  ကိုဗစ်နဲ့ပတ်သက်ပြီး ကန့်သတ်တင်းကျပ်ထားမှု အတော်များများကို ဖြေလျှော့ပေးခဲတဲ့သတင်း၊ အီရန်နိုင်ငံတစ်ဝန်းမှာ အထွေထွေသပိတ်ဆင်နွှဲနေသလို အီရန်ဘာသာရေးရဲတပ်ဖွဲ့ကို ဖျက်တဲ့သတင်း၊ ဘင်္ဂလားဒေရှ့်မှာ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ အစိုးရနုတ်ထွက်ပေးဖို့ မြို့တော် ဒါကာမျိုးချစ်ပါတီ (BNP) ဝန်းရံသူတွေက တောင်းဆိုခဲ့ကြတဲ့သတင်း၊ ပီရူးနိုင်ငံမှာ ဖြုတ်ချခံ့ရတဲ့ သမ္မတ ကတ်စတီလို ကို ထောက်ခံသူတွေ ဆန္ဒပြနေတဲ့သတင်း၊ ပူတင်ရဲ့ ယူကရိန်းကျူးကျော်မှုကို ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေက ရှုတ်ချခဲ့တဲ့သတင်း၊ ဂျပန် - ဗြိတိန်နဲ့ အီတလီနိုင်ငံတို့ကြား နောက်ဆုံးပေါ် အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ပူးပေါင်းတည်ဆောက်ဖို့ သဘောတူညီလိုက်တဲ့သတင်း၊ ရုရှားမှာ အကျဉ်းကျနေတဲ့ အမေရိကန်ဘတ်စကတ်ဘောမယ်နဲ့ ရုရှား နိုင်ငံတကာလက်နက်မှောင်ခိုသမားတို့ကို အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ခဲ့တဲ့သတင်း၊ အီရန်မှာ ဆန္ဒပြသူတစ်ယောက်ကို ကြိုးပေးကွပ်မျက်လိုက်တဲ့သတင်း၊ ထရမ့်ရဲ့ အိမ်ခြံမြေကုမ္ပဏီ ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့သတင်း၊ ဂျာမနီနိုင်ငံမှာ လက်နက်ကိုင်အာဏာသိမ်းဖို့ ကြိုးစားတယ်လို့ သံသယရှိသူ လက်ယာစွန်း ၂၅ ယောက်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တဲ့ သတင်းတွေလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။  

ဒီတစ်ပတ်မှာ ဒီလိုသတင်းတွေရှိပေမယ့် အရေးအရာလုပ်ဖော်ပြရမယ့် သတင်းက နျူလက်နက်သုံးရ လောက်အောင် ရုရှားအခြေအနေက ဆိုးဝါးနေပြီလားဆိုတာကို ဆန်းစစ်ချင်စရာပါ။

          နျူကလီးယားခြိမ်းခြောက်မှု

ယခုချိန်မှာ နျူကလီးယားစစ်ပွဲဟာ ၁၉၈၀ ကာလများထက် အချိန်မရွေးထဖြစ်လာနိုင်တဲ့ အနေအထားပါ။ကမ္ဘာ့ပေါ်မှာ နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင် သိုလှောင်ထားတဲ့ ရုရှားက ယူကရိန်းနဲ့ဖြစ်တဲ့ စစ်ပွဲမှာ နည်းဗျူဟာသုံး နျူကလီးယားလက်နက်ကို အသုံးပြုဖို့ ပေါ့ပေါ့တန်တန် ခြိမ်းခြောက်နေတာဟာ ထိတ်လန့်စရာအခြေအနေပါ။

ဒါ့အပြင် နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားကလည်း မကြာသေးမီက ၎င်း၏ နျူကလီးယားလက်နက်ကို အသုံးပြုရန် ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်လျက်ရှိနေပါတယ်။လက်ရှိအခြေအနေအားလုံးဟာ ကျူးဘား ဒုံးကျည်အကျပ်အတည်းနှင့် နှိုင်းယှဉ်ရင် ကမ္ဘာပျက်ဖို့ အများဆုံးနီးကပ်နေပါတယ်။

ဒီအခြေအနေကြောင့် 'အာမဂေဒုန်' ဟူသော ဝေါဟာရကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုနေသလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း  နျူကလီးယားပဋိပက္ခကို “ဖြစ်နိုင်ချေ နယ်ပယ်အတွင်း” လို့ အဆင့်သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ နျူလက်နက်ဟာ ရေပန်းစားလာနေသလို အာဏာရှင်နိုင်ငံတွေက အာဏာဆက်လက်ဆုပ်ကိုင်ဖို့ နျူကလီးယားလို လက်နက်တွေကို လက်ဝယ်ကိုင်ထားနိုင်ဖို့ ပိုကြိုးစားလာနေပါတယ်။လက်ရှိ ကမ္ဘာမှာစမ်းသပ်မှုမရှိသော နျူကလီးယားလက်နက်များ ပေါက်ကွဲနိုင်ခြေသည် အကြမ်းဖျဉ်း ဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာနေတယ်လို့ ခန့်မှန်းသူများက သုံးသပ်ထားပါတယ်။ဒီလိုအခြေအနေက အချိန်မရွေးဖြစ်လာနိုင်တဲ့ အနေအထားပါပဲ။

ဒီလိုဖြစ်လာနိုင်ဖို့ အကြောင်းတွေက ဖန်လာနေပါတယ်။ဒီဇင်ဘာ ၂ ရက်က သတ်မှတ်ခဲ့တဲ့ ရုရှားပင်လယ်ထွက်ရေနံကို တစ်စည် ဒေါ်လာ ၆၀ နှုန်း သတ်မှတ်မှုကြောင့် ရုရှားရဲ့ လုပ်ဆောင်မှုတွေက ဒီတစ်ပတ်မှာ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒီသတ်မှတ်ချက်ဟာ အငြင်းပွားမှုတွေ များစွာပေါ်ထွက်လာသလို လုပ်ရကိုင်ရလည်း အခက်တွေ့ခဲ့ပါတယ်။ဒါဟာ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတဲ့  ရုရှားရဲ့ ဘဏ္ဍာရေးကို ထိခိုက်အောင် လုပ်ဆောင်တာဖြစ်ပေမယ့် အိုပက်လို ရေနံရောင်းချတဲ့နိုင်ငံတွေ၊ ရုရှားဦးဆောင်တဲ့ အိုပက်+ နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှုကိုပါ လုပ်ဆောင်မှုတွေ ရှုပ်ထွေးစေခဲ့ပါတယ်။

နောက်ဆုံးထွက်လာတဲ့ သတင်းတွေအရဆိုရင် ရေနံထုတ်လုပ်မှုကို အိုပက်+ နိုင်ငံတွေက မတိုးခဲ့သလို ရုရှားကလည်း ထုတ်လုပ်မှုကို မလျှော့တဲ့အတွက် တစ်စည် ဒေါ်လာ ၆၀ နှုန်း သတ်မှတ်ခဲ့တဲ့ ရုရှားရေနံဟာ စျေးကွက်လိုအပ်ချက်ကြောင့် အီးယူသတ်မှတ်ချက်ကို အဖွဲဝင်နိုင်ငံတွေလိုက်နာဖို့ မသေချာမရေရာတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

တစ်ဖက်မှာလည်း ပြင်းထန်တဲ့လေအေးနဲ့ ဆောင်းရာသီကို စကြုံနေရတဲ့ ဗြိတိန်ဖြစ်ရပ်က ဥရောပသမဂ္ဂနိုင်ငံတွေကို ဆောင်းရာသီမှာ စွမ်းအင်လိုအပ်ချက်ကို တောင့်ခံနိုင်ပါ့မလားလို့ စဉ်းစားချင်စရာပါ။လက်ရှိမှာ ဥရောပတချို့နိုင်ငံတွေမှာ စွမ်းအင်နဲ့ လောင်စာဆီ သတ်မှတ်ချက်တွေကို ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်နေပါတယ်။   

ပူတင်ဟာ ဒီတစ်ပတ်မှာ အောက်တိုဘာ ၈ ရက်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ခရိုင်းမီးယားတံတားကို သွားရောက်ခဲ့ပါတယ်။ဒီရက်ထဲပဲ ရုရှားနိုင်ငံထဲက လေတပ်အခြေစိုက်စခန်းနှစ်ခု ယူကရိန်းမောင်းသူမဲ့လေယာဉ်လက်ချက်နဲ့ ပေါက်ကွဲခဲ့လို့  ရုရှားစစ်ဘက်ဝန်ထမ်းသုံးယောက် သေဆုံးခဲ့ပါတယ်။ဒီစခန်းတွေက ယူကရိန်းရှေ့တန်းကနေ မိုင်ရာချီဝေးတဲ့နေရာမှာရှိပြီး ဒါဟာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားဗဟိုချက်နယ်မြေထဲမှာလုပ်တဲ့ ယူကရိန်းရဲ့ အနက်ရှိုင်းဆုံး စစ်ရေးတိုက်ခိုက်မှုတွေဖြစ်လာပါတယ်။ရုရှားအတွက်တော့ နာလိုခံခက်ကိစ္စတွေပါ။  

ဒီတစ်ပတ်မှာ ရုရှားက အီရန်လုပ် ဒရုန်းတွေသုံးပြီး ယူကရိန်းကို ပစ်ခတ်ရာမှာ ဩဒက်ဆာဆိပ်ကမ်းက စွမ်းအင်သုံးစက်ရုံနှစ်ခုကို ထိမှန်ခဲ့ပြီးတဲ့နောက် အရေးပါတဲ့ အခြေခံအဆောက်အအုံအားလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့တဲ့အတွက် လူတစ်သန်းခွဲလောက် လျှပ်စစ်မီးပြတ်တောက်ခဲ့ရပါတယ်။ဒါဟာ ယူကရိန်းကို လုံး၀ပြိုလဲသွားအောင် အရပ်ဘက်ပစ်မှတ်တွေကို ဦးတည်တိုက်နေတာဖြစ်လို့ ရုရှားရဲ့တိုက်ခိုက်မှုက စွမ်းအင်ဆိုင်ရာ အကျပ်ကိုင်မှုတွေဘက်ကို ဦးတည်နေတာပါ။

ဒီတစ်ပတ်မှာ ဥရောပကော်မရှင်ဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ၉ ခုမြောက် အစီအစဉ်ကို အဆိုပြုခဲ့ပြီး အဲဒီအစီအစဉ်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်း ၂၀၀ နီးပါး ပါဝင်မှာဖြစ်ပြီးတော့ ရုရှားကိုလည်း ဒရုန်းတွေရရှိ အသုံးပြုခွင့်ကိုပါ ဖြတ်တောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားသုံးနေတဲ့ ဒရုန်းတွေက အီရန်လုပ်တွေပါ။အီရန်ဟာ မောင်းသူမဲ့လေယာဉ် (UAVs) တွေလို့ သိကြတဲ့ ရာနှင့်ချီတဲ့ ဒရုန်းတွေကို ရုရှားဆီ ဩဂုတ်လကတည်းက လွှဲပြောင်းပေးခဲ့တာပါ။ဒီလိုလွှဲပြောင်းပေးခဲ့လို့ ရာနှင့်ချီတဲ့ ပဲ့ထိန်းဒုံးကျည်တွေအပါအဝင် စစ်ရေးနှင့် နည်းပညာဆိုင်ရာတွေ အီရန်ကို ရုရှားက အပြန်အလှန်ပံ့ပိုးပေးခဲ့လို့ အမေရိကန်ဘက်က အီရန်နဲ့ ရုရှား မဟာဗျူဟာကျကျနီးကပ်လာမှုကို သတိပေးခဲ့ရတဲ့အထိပါပဲ။

အီရန် ဒရုန်းတွေ၊ မစ်ဇိုင်းတွေနဲ့ ရုရှားက ယူကရိန်းကို ပစ်ခတ်နေပေမယ့် ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ လက်နက်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေကြောင့် စစ်ရေးမှာ ယူကရိန်းအသာရလာမှုက ထင်ရှားလာနေပါတယ်။ရုရှားသမ္မတ ပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ်ကတော့ ရုရှားပိုင်နက်ထဲ ထည့်သွင်းထားတဲ့ ယူကရိန်းနယ်မြေတွေ အပြည့်အ၀လွတ်မြောက်အောင် လုပ်ဆောင်မယ်ဆိုပေမယ့် အဲဒီနယ်မြေတွေက ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

ပူတင်ဟာ ယူကရိန်းကို လက်နက်ဖြုတ်သိမ်းပြီး ရုရှားအစောင့်ရှောက်ခံနိုင်ငံအဖြစ် စိတ်ကူးယဉ်နေပေမယ့် လက်ရှိမှာ ယူကရိန်းစစ်အင်အားက ကြာလေပိုကောင်းလာလေ၊တိုက်ရည်ခိုက်ရည် ပိုကောင်းလာလေမို့ လာမယ့် နွေဦးရာသီမှာ ပိုကြီးတဲ့ ထိုးစစ်အတွက် ပြင်ဆင်ဖို့ ယူကရိန်းနဲ့ လက်ရှိစစ်ပွဲကို ထိန်းချုပ်ရပ်တန့်ဖို့ ကြိုးပမ်းနေတယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ယန်း စတိုလ်တန်ဘာ့ဂ်က ဒီဇင်ဘာ ၇ ရက်က သတိပေးခဲ့ပါတယ်။

ပူတင်နဲ့ ဖုန်းပြောခဲ့တဲ့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှုလ်ဇ်က"ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းပိုင်နက်ရဲ့ အစိတ်အပိုင်းကို အင်အားသုံးပြီး သိမ်းပိုက်ချင်တာပါ" လို့ ပြောခဲ့ပါတယ်။

ဒီအတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ အပစ်ခတ်ရပ်စဲမှုက နွေဦးထိုးစစ်အတွက် ပြင်ဆင်တာမို့လို့ ယူကရိန်းစစ်ပွဲဟာ ရပ်တန့်မယ်လို မထင်ပါဘူး။တစ်ဘက်ဘက်က ပြတ်ပြတ်သားသားရှုူံးနိမ့်မှသာပြီးမယ့် စစ်ပွဲဆိုတာ ဖော်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်းသုံးသပ်မှုအစီအစဉ်ကို ဒီမှာပဲရပ်တန့်လိုက်ချင်ပါတယ်။

          မင်းထက်