【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းကို သိမ်းယူဖို့ ရုရှား ခြေစလှမ်းနေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းကို သိမ်းယူဖို့ ရုရှား ခြေစလှမ်းနေပြီလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေမှာ ကမ္ဘာ့တည်ငြိမ်မှုကိုတောင် ထိခိုက်နိုင်တဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။  

ယူကရိန်းပြဿနာနဲ့ပတ်သက်ပြီး စစ်ပွဲတစ်ခုဆီကို ဦးတည်နေပြီး နိုင်ငံတကာက ရင်တမမစောင့်ကြည့်ခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ ရက်သတ္တပတ်လို့ပြောမယ်ဆို ပြောလို့ရတဲ့အချိန်ပါ။ဒီရက်သတ္တပတ်မှာပဲ တခြားသော ကမ္ဘာ့အရေးတွေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ လှုပ်ခတ်မှုတွေရှိခဲ့တာလည်း တွေ့ရပါတယ်။

မြောက်ကိုရီးယားက ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ ဂျပန်ပင်လယ်ပြင်ကို ပစ်လွှတ်စမ်းသပ်ခဲ့သလို ကာဇက်စတန် ဆူပူမှုကို ရုရှားဦးဆောင်တဲ့တပ်တွေ ဝင်ထိန်းတာတွေ စတဲ့ ထူးဆန်းတဲ့လှုပ်ရှားမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။သဘာ၀ဘေးဆိုင်ရာသတင်းတွေလည်း ဒီတစ်ပတ်အတွင်းမှာဖြစ်ခဲ့ပြီး တွန်ဂါမှာ ရေအောက်မီးတောင်ပေါက်ကွဲခဲ့လို့ ဂျပန်လိုနိုင်ငံတွေအထိ ဆူနာမီလှိုင်းလာရိုက်တာ၊ အမေရိကတောင်ပိုင်းပြည်နယ်တွေမှာ နှင်းမုန်တိုင်းကျရောက်တာ၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ကို ခြိမ်းခြောက်တဲ့ အီရန်ဘာသာရေးခေါင်းဆောင် ခိုမေနီရဲ့ တွစ်တာအကောင့်ကို ပိတ်သိမ်းခဲ့တာ၊ အာဏာအလွဲသုံးစားလုပ်လို့ တာလီဘန်အဖွဲ့ဝင် ၃,၀၀၀ ခန့်ကို ထုတ်ပယ်ခဲ့တာ၊ မာလီလေကြောင်းပိုင်နက်ထဲ ပြင်သစ်စစ်လေယာဉ်ကျူးကျော်ပျံသန်းခဲ့လို့ မာလီအစိုးရက ရှုတ်ချခဲ့တာ စတဲ့သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီထဲမှာ စောင့်ကြည့်စရာကောင်းနေတာက ယူကရိန်းကို ရုရှား ကျူးကျော်၊ မကျူးကျော်ဆိုတဲ့ ခန့်မှန်းမှုတွေဖြစ်ပြီး တစ်ဖက်မှာတော့ အိုမီခရွန်ကူးစက်မှု မြင့်တက်လာတာတွေကြောင့် ကမ္ဘာတစ်လွှား ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေအနေ သတင်းတွေပါ။ဒီတစ်ပတ်မှာ နိုင်ငံတကာမှာဖြစ်နေတဲ့ အားပြိုင်မှုတွေနဲ့ စစ်အေးခေတ် သရုပ်သကန်တွေ ပြန်တွေ့လာရတာ၊ ကိုဗစ်ကူးစက်မှုကို ဘယ်လိုရင်ဆိုင်နေကြသလဲဆိုတာကို တင်ပြချင်ပါ တယ်။

ယူကရိန်းကို ဝင်သိမ်းဖို့ ရုရှား တကယ်ပြင်နေပြီလား

ပြီးခဲ့တဲ့ သောကြာနေ့က ယူကရိန်းမှာ ကွန်ပျူတာဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွက် အစိုးရဌာနအများအပြားရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအစိုးရရဲ့ ဝက်ဘ်ဆိုဒ် ၁၅ ခုလောက် ပိတ်ပစ်ခဲ့ရပါတယ်။ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ ည ၂ နာရီလောက်က စတာဖြစ်ပြီး ယူကရိန်းအာဏာပိုင်တွေကတော့ အစိုးရဝက်ဘ်ဆိုဒ်အများအပြားကို ချက်ခြင်းဆိုသလို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီထဲမှာ ဘဏ္ဍာရေးဌာန၊ အမျိုးသားအရေးပေါ်ဝန်ဆောင်မှုနဲ့ ယူကရိန်းနိုင်ငံရဲ့ e-passport နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းတွေသိမ်းထားတဲ့ အစိုးရဝန်ဆောင်မှုဌာနတွေပါ ပါဝင်ပါတယ်။ဒီလို ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယူကရိန်း၊ ရုရှားနဲ့ ပိုလန်နိုင်ငံသား ဟက်ကာတွေက ယူကရိန်းနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်လက်တွေ အင်တာနက်မှာ ပျံ့နှံ့နေပြီလို့ သတိပေးခဲ့ပါတယ်။

ယူကရိန်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဝန်ကြီးက ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ ယူကရိန်းအစိုးရရဲ့ အရေးပါတဲ့လုပ်ငန်းတွေကို ထိခိုက်အောင်လုပ်ဖို့ ကြံရွယ်ပေမယ့် ထင်သလိုမဖြစ်ဘူးဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်မှုကို ဥရောပသမဂ္ဂက ရှုတ်ချခဲ့သလို အမေရိကန်ဘက်က တာဝန်ရှိသူတစ်ဦးကလည်း ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ရုရှားအစိုးရရှိနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဟက်ကာတွေရဲ့ မအောင်မြင်တဲ့ သောကြာနေ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက သူ့ရဲ့ဘလော့ဂ်ကနေ ဟက်ကာတွေက ယူကရိန်းကို  အင်္ဂလိပ်လို malware လို့ခေါ်တဲ့ ဖျက်ဆီးရေး ဆော့ဖ်ဝဲလ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပြီး ယူကရိန်းထိပ်တန်းတာဝန်ရှိသူကတော့ ဒီဆော့ဖ်ဝဲလ်အမျိုးစားဟာ ရုရှားထောက်လှမ်းရေးက အသုံးပြုခဲ့တဲ့ ဖျက်ဆီးရေး ဆော့ဖ်ဝဲလ်နဲ့ အလားတူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုဆိုက်ဘာတိုက်ခိုက်မှုအပြင် ယူကရိန်းနဲ့ပတ်သက်ပြီး တခြားသတင်းတစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။ဒါက ရုရှားတပ်တွေက ယူကရိန်းအလံတုကို အသုံးပြုပြီး စစ်ရေးဆင်နွှဲဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းပါ။ဇန်နဝါရီ ၁၄ ရက်မှာပဲ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက ဂျွန်ကာဘီ က “အလံတုစစ်ဆေးရေးလုပ်ဖို့ စစ်ဆင်ရေးအဖွဲ့တွေကို ရုရှားဘက်က ကြိုတင်နေရာချနေပါတယ်။ရုရှားတပ်ဖွဲ့ ဒါမှမဟုတ် ရုရှားကိုလိုလားတဲ့ ယူကရိန်းခွဲထွက်ရေး သူပုန်တွေကို ယူကရိန်းစစ်တပ်ကတိုက်မယ့် စစ်ဆင်ရေးမျိုးကို ဖန်တီးနေတာပါ” လို့ ပြောခဲ့ပါတယ်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေကလည်း စစ်ရေးအရ တင်းမာမှုဖြစ်နေတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ရုရှားတပ်တွေဟာ ယူကရိန်းအလံကို အသုံးပြုပြီး ယူကရိန်းက သူ့ကိုအရင်ရန်စလာတဲ့ပုံစံမျိုး စွပ်စွဲဖို့ ပြင်ဆင်နေတာကိုသတိထားမိတယ် ဆိုပါတယ်။ဒီလိုပြောဆိုမှုကို ရုရှားဘက်ကလုပ်နေတာကို မငြင်းဘဲ စစ်ဆေးရေးအတွက် ရုရှားစကားပြော ယူကရိန်းခွဲထွက်ရေးသမားတွေကို အသုံးပြုပြီး စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။

သတင်းတွေကို ပြန်ကောက်ကြည့်မယ်ဆိုရင် မြင်တာကတော့ ရုရှားဟာ ယူကရိန်းကို ဝင်ကျူးကျော်ဖို့ဆိုတာ အတော်လေး ရာခိုင်နှုန်းများနေပြီး သူ့လိုအင်တွေကိုပြည့်စေဖို့အတွက် ယူကရိန်းကို ကောင်းကောင်းအသုံးချဖို့ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ရှေ့ပိုင်းအခြေအနေတွေကို ပြန်ကောက်ကြည့်မယ်ဆိုရင် ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ရုရှားအပါအဝင် ဥရောပ ၅၇ နိုင်ငံပါဝင်တဲ့ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အစည်းအဝေးအပြီးမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စကားတစ်ခွန်းပြောခဲ့ပါတယ်။ဒါက ဥရောပဟာ နှစ် ၃၀ အတွင်း စစ်ပွဲနဲ့အနီးကပ်ဆုံးအခြေအနေကို ရောက်နေပြီလို့ ပြောခဲ့တာပါပဲ။

အဲဒီအစည်းအဝေးမှာ ရုရှားဘက်က အတော်လေးတင်းတင်းမာမာဖြစ်ပြီး ညှိနှိုင်းမှုတွေမှာ အဖြေမပေးခဲ့လို့ OSCE အစည်းအဝေးအပြီး သတင်းမီဒီယာတွေနဲ့တွေ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သံတမန်က အနောက်နိုင်ငံများကို မော်စကိုနဲ့ တင်းမာမှုမြင့်တက်လာခြင်းအတွက် ပြင်ဆင်ထားသင့်ပြီလို့ သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အမေရိကန်နဲ့ ရုရှား၊ နေတိုးနဲ့ ရုရှား တောက်လျှောက်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ဆွေးနွေးမှုတွေမှာ ညှိနိူင်းလို့မရခဲ့တာတွေချည်းဘဲဖြစ်ပြီး ရုရှားရဲ့လိုအပ်ချက်တွေ မရခဲ့ပါဘူး။ဒီအတွက် ရုရှားဘက်က ဒီလိုဆွေးနွေးမှုတွေ မအောင်မြင်ရင် "military -technical measures" (သတ်မှတ်မထားတဲ့ စစ်ရေးစစ်ရာတွေ ပါလာမယ်) ဆိုပြီး ကရင်မလင်ဘက် က အသံထွက်လာခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်ကို ခြိမ်းခြောက်မှုအဖြစ် တင်းမာမှုတိုးလာရင် ကျူးဘားနှင့် ဗင်နီဇွဲလားကို ရုရှားကတပ်တွေဖြန့်ချဖို့ အစီအစဉ်ရှိနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ရုရှား ဘာလုပ်ချင်နေတာလဲဆိုတာ ဒီပဋိပက္ခမှာ အဖြေထုတ်ရမယ့် ကိစ္စတစ်ခုပါ။ရုရှားအနေနဲ့ ဘာကိုချိန်ဆနေသလဲဆိုတာ အမေရိကန်နဲ့ အနောက်အုပ်စု အဖြေရှာနေတဲ့ကိစ္စပါ။အစောပိုင်းအခင်းအကျင်းအရဆိုရင် ရုရှားအနေနဲ့ ဥရောပမှာ ပြန်ပြီးသြဇာအာဏာလွှမ်းမိုးလို့ရလာအောင်လုပ်တဲ့ သဘောပါပဲ။အထူးသဖြင့် ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်ပါဝင်တဲ့ အနောက်ဥရောပဟာ သမိုင်းတစ်လျှောက် အားအနည်းဆုံးအချိန်ကာလရောက်နေပြီလို့ သတ်မှတ်ထားပုံရပါတယ်။ဒါကြောင့် ဒီနေရာကိုဝင်ဖို့ ရုရှားက ပြင်ဆင်နေတာဖြစ်ပြီး နေတိုးကိုချုပ်ကိုင်ဖို့ ယူကရိန်းပြဿနာနဲ့ ကြံစည်ထားပုံရပါတယ်။ဒါပေမဲ့ ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ အနောက်အုပ်စုက ရုရှားတောင်းဆိုချက်ကို အလျှော့မပေးတဲ့အပြင် အီးယူက ရုရှားကို ကန့်သတ်ပိတ်ဆို့မှုသက်တမ်းကို ထပ်တိုးခဲ့တာ၊ အမေရိကန်အမတ်တွေက ရုရှားဘက်ကလွန်လာရင် အရေးယူဖို့ ရုရှားဘဏ်တွေ၊ ရုရှားစစ်ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူဖို့ ဥပဒေပြင်ဆင်နေတာက ရုရှားအတွက် ခုတ်ရာတလွဲ ရှရာတခြားဖြစ်ဖို့ ဦးတည်နေခဲ့ပါတယ်။

ရုရှားအနေနဲ့ သံတမန်ရေးရာမှာ ကျဆုံးမှုတွေက သိသာမြင်သာခဲ့ပါတယ်။ယူကရိန်းပြဿနာကိုတည်ပြီး ကစားနေတဲ့ ရုရှားရဲ့ နိုင်ငံရေးကစားကွက်တွေကိုကြည့်ရင် ထင်သလိုမဖြစ်လာတာ တွေ့နေရသလို သတင်းတွေအရ ရုရှားအနေနဲ့  နောက်ဆုံးဖြစ်လာနိုင်တဲ့ အဆိုးဆုံးအခြေအနေအထိကို ပြင်ဆင်နေထားပြီလားဆိုတာ မတွေးဝံ့စရာပါ။ရုရှားဟာ ဒီဘက်ခေတ်နောက်ပိုင်းမှာ အီရန်၊ ဆီးရီးယား၊ ဘီလာရုစ်၊ ဗင်နီဇွဲလား စတဲ့ အစွန်းရောက်အာဏာရှင်တွေဘက်ကနေ ပြောင်ပြောင်တင်းတင်းရပ်တည် စွက်ဖက်ခဲ့တာတွေကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေဟာ ဒီဘက်နှစ်တွေမှာ ပိုပြီးမတည်မငြိမ်ဖြစ်လာနေတာကို တွေ့လာရပါတယ်။   

လက်ရှိမှာ အထူးအစီရင်ခံစာအဖွဲ့က ထုတ်ပြန်မှုတစ်ခုမှာ သူတို့ချိန်ဆနေမှုတစ်ခုကို ဖော်ပြခဲ့တာရှိပါတယ်။ဒါကလည်း လက်ရှိကမ္ဘာမှာဖြစ်နေတဲ့ စွမ်းအင်အကျပ်အတည်းပါ။ဒါကလည်း ကျောက်မီးသွေးနဲ့ နျူကလီးယားစွမ်းအင်လို ဥရောပမှာအားထားနေရတဲ့ ယခင်ကတည်းကသုံးလာတဲ့ စွမ်းအင်ကို ကန့်သတ်ပိတ်ဆို့မှုတွေကြောင့်ပါ။ယခု ဥရောပနဲ့ မြောက်အမေရိကရဲ့ ပြင်းထန်တဲ့ဆောင်းရာသီကို ကျော်ဖြတ်ဖို့ ဓာတ်ငွေ့မလုံလောက်မှုပြဿနာနဲ့ ကြုံနေရပါတာယ်။ဒါကလည်း ဥရောပရဲ့ စွမ်းအင် ၃၀ ရာခိုင်နှုန်း တင်ပို့ပေးနေတဲ့ ရုရှားက ထုတ်လုပ်မှုကန့်သတ်လိုက်လို့ဖြစ်ပြီး စျေးတက်အောင်ကစားတဲ့ အနေအထားပါ။နောက်ကွယ်မှာ ဒီထက်ရည်မှန်းချက်ကပိုပါတယ်။

ဘော်လ်တစ်ပင်လယ်ကိုဖြတ်ပြီး အနောက်ဥရောပကို သဘာ၀ဓာတ်ငွေ့တင်ပို့ဖို့ လုပ်ဆောင်နေတဲ့ ရုရှား ရဲ့ Nord Stream-2 ပိုက်လိုင်းပြဿနာက ယခုပြဿနာရဲ့ ရင်းမြစ်ဖြစ်ဖို့ များနေပါတယ်။ဒီပိုက်လိုင်းစကတည်းက ကန့်သတ်ပိတ်ဆို့မှုတွေရှိခဲ့ပြီး ရပ်ဆိုင်းသွားခဲ့ရတဲ့အတွက် ရုရှားက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်ဖောက်လုပ်ခဲ့တာပါ။နောက်ပိုင်း ပြီးစီးတဲ့အခါ ဂျာမနီရဲ့ခွင့်ပြုချက်မရလို့ ရုရှားအတွက် ထိချက်နာခဲ့ပါတယ်။ဥရောပနဲ့ အနောက်အုပ်စုအတွက် Nord Stream-2 ပိုက်လိုင်းကို အသုံးချပြီး ရုရှားက နိုင်ငံရေးအမြတ်ထုတ်မှာကို စိုးရိမ်နေကြတာပါ။

ဒီလိုနောက်ခံတွေရှိနေတဲ့အတွက် ယူကရိန်းပြဿနာဟာ နေတိုးရဲ့ ရုရှားနယ်စပ်အထိ အဖွဲ့ဝင်တိုးချဲ့မှုက အဓိကဖြစ်လား၊ ယူကရိန်းကို ဖြတ်ကျော်ခမပေးဘဲ အနောက်ဥရောပကို သဘာ၀ဓာတ်ငွေ့တင်ပို့ဖို့က အဓိကဖြစ်မလားဆိုတာ ဝေခွဲမရသေးတဲ့ အကြောင်းအရင်းပါ။ယခုပဲ ရုရှားဘက်က ယူကရိန်းကစတိုက်လို့ တိုက်ရပါတယ်ဆိုတဲ့ ထွင်လုံးနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အတွက် မဖြစ်မနေ ယူကရိန်းကို ရုရှား ပြဿနာရှာဖို့များနေပြီဆိုတာ သေချာနေပါတယ်။ တကယ်သာ ယူကရိန်းထဲ ရုရှားတပ်တွေ ဝင်လာရင် အမေရိကန်နဲ့ နေတိုးတပ်တွေ ဘာလုပ်မလဲဆိုတာ နိုင်ငံတကာအတွက် ခေါင်းကိုက်စရာပါ။သေချာတာကတော့ ယူကရိန်းဟာ ခရိုင်းမီးယားကို လွယ်လင့်တကူသိမ်းယူနိုင်ခဲ့တဲ့  ၂၀၁၄ ခုနှစ်က ယူကရိန်း မဟုတ်တော့ပါဘူး။စစ်ရေးအရ လက်နက်ထောက်ပံ့မှုတွေ အမေရိကန်နဲ့ နေတိုးက ထောက်ပံ့ထားတဲ့အတွက် ရုရှားကို အပြင်းအထန်ခုခံမှာ သေချာပါတယ်။ဒီလိုဖြစ်လာရင် ရုရှားနဲ့ ယူကရိန်းဟာ စစ်မက်ဇုန်ဖြစ်လာပြီး စစ်ပွဲထဲကို ဆိုင်ရာမဟာမိတ်တွေဖြစ်တဲ့ နေတိုးနဲ့ ရုရှားဘက် CSTOတို့ ပါဝင်လာမှာပါ။

တွက်ချက်မှုတွေအရ စစ်ကိုရှောင်လွှဲလို့ရရင်ရ မရရင် စစ်ဟာကြီးမားပြင်းထန်ပြီး ကျယ်ပြန့်ဖို့ သေချာနေပါတယ်။ရှေ့ဆက် ရုရှားခြေလှမ်း ဘယ်လှမ်းမလဲဆိုတာ စောင့်ကြည့်ရပါမယ်။အခုပဲ ရုရှားက ယူကရိန်းကို ဆိုက်ဘာတိုက်ခိုက်မှု စတင်နေပြီဖြစ်ပါတယ်။

ကူးစက်မှုပြင်းထန်နေတဲ့ အိုမီခရွန်

မကြာခင်မှာ ကျင်းပဖို့ရှိနေတဲ့ ပေကျင်းဆောင်းရာသီအိုလံပစ်မတိုင်မီမှာ ကိုဗစ်ကူးစက်မှုတွေ တွေ့လာရလို့ တရုတ်နိုင်ငံမှာ လော့ခ်ဒေါင်းချရတဲမြို့ သုံးမြို့အထိရှိလာသလို အားကစားပွဲကျင်းပမယ့် ပေကျင်းမှာလည်း ကူးစက်မှုတွေ စတွေ့ရတယ် ဆိုပါတယ်။ကာကွယ်ဆေးထိုးမှုမှာ ကမ္ဘာ့အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်လိုနိုင်ငံမှာတောင် ကူးစက်မှုတွေမြင့်တက်နေတယ်ဆိုရင် တခြားနိုင်ငံတွေအတွက်တော့ ပြောဖို့တောင်မလိုအောင် ဘယ်လောက်တောင်ကူးစက်နေမလဲဆိုတာ မတွေးဝံ့စရာပါ။တကယ်ကိုပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသလို ဖေဖော်ဝါရီလလောက်မှာ အိုမီခရွန်ကူးစက်မှုက ကမ္ဘာကိုထပ်ပြီးဒုက္ခပေးဖို့က သေချာသလောက်ရှိနေပါတယ်။

ကံကောင်းနေသေးတာက အိုမီခရွန်ကြောင့် သေဆုံးနှုန်းက ဒယ်လ်တာမျိုးကွဲလောက် မပြင်းထန်တာပါပဲ။အမေရိကန်မှာ လေ့လာမှုတွေအရဆိုရင်  အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရမှုနှင့် သေဆုံးမှုအန္တရာယ်က ဒယ်လ်တာထက် သိသိသာသာလျော့ကျတယ် ဆိုပါတယ်။ဒါဟာ ကာကွယ်ဆေးထိုးမှုနဲ့လည်း ပတ်သက်နေပါတယ်။
လေ့လာမှုတွေအရဆိုရင် အိုမီခရွန်ကူးစက်ခံရသူများထဲက တစ်ဝက်က ဆေးရုံတက်ရဖို့များပြီး ဒီထဲက ၇၅ ရာခိုင်နှုန်းလောက်က အရေးပေါ်တက်ရဖို့ ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်း လျော့နည်းပါတယ်။ယခင်က အဖြစ်များခဲ့တဲ့ ဒယ်လ်တာနဲ့ဆိုရင် သေဆုံးရန် ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း လျော့နည်းတယ် ဆိုပါတယ်။ဒါ့အပြင် ဒယ်လ်တာကူးစက်ခံရစဉ်က ဆေးရုံငါးရက်တက်ရသော်လည်း အိုမီခရွန်ကူးစက်ခံရသူများမှာ ဆေးရုံတစ်ရက်ခွဲသာတက်ရတယ် ဆိုပါတယ်။

သတင်းတွေအရဆိုရင် ကိုဗစ်ကူးစက်မှုဟာ တစ်ကျော့ပြန်မြင့်တက်နေပြီး ပြင်သစ်နိုင်ငံတွင် ၄၆ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံတွင် ၇၃ ရာခိုင်နှုန်းနှင့် UK ၌ ၁၀ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၅၂၄ ရာခိုင်နှုန်း၊ အီတလီနိုင်ငံတွင် ၅၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ် ဆိုပါတယ်။ဒီလိုမြင့်တက်နေတဲ့အတွက် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အချို့နိုင်ငံတွေက လော့ခ်ဒေါင်းချတာကို ကျင့်သုံးနေသလို တချို့နိုင်ငံတွေက ကာကွယ်ဆေးထိုးမှုကို ရာနှုန်းပြည့်လွှမ်းခြုံနိုင်အောင် ကြိုးစားနေပြီး ကာကွယ်ဆေးထိုးမှုမြင့်မားတဲ့နိုင်ငံတွေကတော့ ကာကွယ်ဆေးထပ်ထိုးပေးဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ဂျပန်ဆိုရင် ကူးစက်မှုတွေမြင့်တက်နေလို့ နယ်စပ်တွေပိတ်ထားခဲ့ရတဲ့အထိပါပဲ။တရုတ်ကတော့ အားကစားပွဲမတိုင်မီ ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေတာကို တွေ့ရပါတယ်။တရုတ်ပြည်မကိုဝင်ရာ အဓိကဝင်ပေါက်ဖြစ်တဲ့ ဟောင်ကောင်ဆိုရင် နိုင်ငံ ၁၅၃ နိုင်ငံက ခရီးသွားတွေ ဝင်ရောက်လာမှာကို ပိတ်ပင်ခဲ့တာကို တွေ့ရပါတယ်။

အိုမီခရွန်က ကူးစက်မှုအမြန်ဆုံးဖြစ်လို့ နိုင်ငံတကာမှာ လေကြောင်းပျံသန်းမှုတွေကို တားဆီးမှုတွေ၊ ကန့်သတ်မှုတွေ လုပ်ခဲ့ရတဲ့အထိဖြစ်လို့ ကမ္ဘာ့စီးပွားရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ ထိခိုက်သွားခဲ့တာကို တွေ့ရပါတယ်။အိုမီခရွန် က ကူးစက်မှုမြန်ပေမယ့် အားပျော့လို့ တခြားအကောင်းမြင်မှုကလည်းရှိနေပါတယ်။ဥရောပသမဂ္ဂဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ကဆိုရင် အိုမီခရွန်ကြောင့် ကိုဗစ်ဗိုင်းရပ်စ် ကပ်ရောဂါအဆင့်ကနေလွန်မြောက်ဖို့ တွန်းအားပေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဆိုလိုတာက အိုမီခရွန်ကူးစက်မှုကြောင့် ကမ္ဘာ့ပြည်သူတွေကြားမှာ အလိုအလျောက် သဘာ၀အတိုင်း ကိုယ်ခံအားရရှိမှု အများအပြားရှိလာလိမ့်မယ်ဆိုတာပါ။ဒါဟာ ကပ်ရောဂါအဆင့်ကို အမြန်ဆုံးလွန်မြောက်ဖို့ အနီးစပ်ဆုံးရွေ့လျှားလာနေတာလို့ ဆိုပါတယ်။ဒီထုတ်ပြန်ချက်မှာ ကိုဗစ်ကာကွယ်ဆေးတွေကို ထပ်ခါတလဲလဲထိုးပေးနေတာက သင့်လျော်တဲ့ မဟာဗျူဟာတစ်ရပ် မဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဒီလိုပဲထုတ်ပြန်သတိပေးခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ ကိုဗစ်ကို သာမန်အဖျားရောဂါလို့ သတ်မှတ်လာနေတဲ့သူတွေလဲ ရှိနေပါတယ်။မျိုးကွဲတွေ ထပ်တလဲလဲထွက်နေတာက ကောင်းတဲ့လက္ခဏာတစ်ရပ်မဟုတ်လို့ ကပ်ရောဂါအဆင့်ကနေ ကိုဗစ်ကမလွန်မြောက်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတိပေးထားပါတယ်။

လက်ရှိမှာ ကိုဗစ်က အိုမီခရွန်မျိုးကွဲနဲ့  ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကျော့ပြန်အစွမ်းပြ ဒုက္ခပေးနေတဲ့အတွက် ဘယ်လိုရင်ဆိုင်ထိန်းချုပ်ရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မင်းထက်
ဇန်နဝါရီ - ၁၇