【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပူတင် က ယူကရိန်းကို ဘာကြောင့် NATO အဖွဲ့ဝင်ခွင့် မပေးသလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပူတင် က ယူကရိန်းကို ဘာကြောင့် NATO အဖွဲ့ဝင်ခွင့် မပေးသလဲ

ယခုတစ်ပတ်အတွင်း နိုင်ငံတကာသတင်းများမှာ သတိထားစရာဖြစ်ခဲ့တာက ယူကရိန်းပြဿနာနဲ့ ကာ ဇက်စတန်ပြဿနာပါပဲ။
 
ယူကရိန်းပြဿနာနဲ့ပတ်သက်ပြီး ယခုရက်ပိုင်းမှာ ဆွေးနွေးတော့မှာဖြစ်သလို ရုရှားဘက်က တင်းတင်းမာမာ ပြောဆိုမှုတွေကိုလည်း တွေ့ရပါတယ်။ဒီတစ်ပတ်ထဲမှာ မထင်မှတ်ပဲဖြစ်လာတာက ကာဇက်စတန်နိုင်ငံမှာဖြစ်တဲ့ ဆန္ဒပြမှုသတင်းတွေပါ။ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထွက်တဲ့ ဗဟိုအာရှ ကာဇက်စတန်မှာ ပြီးခဲ့တဲ့အပတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့ပါတယ်။ကာဇက်စတန် အနောက်ပိုင်း ရေနံအမြောက်အများထွက်ရှိရာ မြို့ကလေးက စတင်လိုက်တဲ့ ဆန္ဒပြပွဲဟာ အဓိကရုဏ်းအသွင်ဆောင်သွားပြီး အကြီးဆုံးမြို့ အယ်လ်မာတီအထိ ပျံ့နှံ့သွားခဲ့လို့ လက်ရှိသမ္မတ တိုကာယက်ဗ် က အကူအညီတောင်းလို့ အိမ်နီးချင်း ရုရှားတပ်တွေ ဝင်ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းခဲ့လို့ အတော်အတန်တည်ငြိမ် သွားပြီ ဆိုပါတယ်။ဒါက ယခုတစ်ပတ်မှာ သတိထားမိတဲ့ သတင်းနှစ်ပုဒ်ပါ။
 
တခြားသောသတင်းတွေဖြစ်တဲ့ အိုမီခရွန်ကူးစက်မှုမြင့်တက်လာလို့ ဥရောပနဲ့ ကမ္ဘာတလွှားမှာ လေကြောင်း ပိတ်ဆိုခဲ့တာတွေ၊ လော့ခ်ဒေါင်းချတဲ့သတင်းတွေနဲ့ ကမ္ဘာတစ်ဝန်း နိုင်ငံတကာဖြစ်ရပ်တွေဖြစ်တဲ့ မြောက်ကိုရီးယားမှာ ဟိုက်ပါဆိုးနစ်ဒုံးကျည် စမ်းသပ်တာကို ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးလုပ် မယ့် သတင်းတွေ၊ ကင်ညာ အီရီထရီးယားနဲ့ ကိုမိုရော့စ် စတဲ့ အာဖရိကသုံးနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ခဲ့တာ၊ နိုင်ငံတကာ စက်သုံးဆီအကျပ်အတည်းဖြစ်လို့ ပြဿနာတွေတက်နေတာ စတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။
 
ဒီတစ်ပတ်မှာတော့ ယူကရိန်းပြဿနာနဲ့ ချိတ်ဆက်ပြီး ကာဇက်စတန်ဖြစ်တာက ရုရှားရဲ့ တစ်ကျော့ပြန် ဩဇာအာဏာထူထောင်နေတဲ့ အခြေအနေဖြစ်နေလို့ ဒီသတင်းနှစ်ပုဒ်ဟာ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ခဲ့ပါ တယ်။  
 
ပူတင် သို့မဟုတ် ယခင် ဆိုဗီယက်အင်ပါယာကို ပြန်အသက်သွင်းသူ
 
ယခင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံဟောင်းတွေမှာ ယခုရက်သတ္တပတ်အတွင်း စစ်မီးတောက်နေတာတွေ၊ တောက်လုတောက်ခင်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ 
 
မကြာခင်ကပဲ စစ်မီးငြိမ်းတာမကြာသေးတဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားမှာ ပြန်လည်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။
 
ဗဟိုအာရှတစ်နိုင်ငံဖြစ်တဲ့ ကာဇက်စတန်နိုင်ငံမှာတော့ လောင်စာဆီစျေးနူန်းမြင့်တက်တာကနေဖြစ်လာတဲ့ ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အပြင်းအထန်နှိမ်နှင်းခဲ့လို့ လူ ၁၅၀ နီးပါး သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
 
ကာဇက်စတန်အနောက်ပိုင်း ရေနံထွက်ရှိရာ မြို့ကလေးကစခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဆန္ဒပြသူတွေဟာ အစိုးရပိုင်အဆောက်အဦတွေ၊ ကုန်တိုက်တွေ၊ မော်တော်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။မကြုံဖူးလောက်သည့် ဆူပူအုံကြွမှုများ ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီးနောက်မှာ ကာဇက်စတန် သမ္မတ တိုကာယက်ဗ် က ဆန္ဒပြသူများနဲ့ စေ့စပ်ဆွေးနွေးရန် တောင်းဆိုမှုတွေကို ပယ်ချပြီး ဆန္ဒပြသူတွေကို သုတ်သင်ပစ်သတ်ဖို့ ပြောခဲ့ပါတယ်။ဒါ့အပြင်  ကာဇက်စတန်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ၀ိုင်းဝန်းထိန်းချုပ်ဖို့အတွက် ရုရှားဦးဆောင်သည့် စစ်ဖက်မဟာမိတ်အုပ်စုကို ခေါ်ခဲ့ပါတယ်။ဒီအကျိုးဆက်က နိုင်ငံတကာမှာ ကာဇက်စတန်အနေနဲ့ ပြည်တွင်းက ပြည်သူတွေကို နှိမ်နှင်းဖို့အတွက် ပြည်ပနိုင်ငံက စစ်တပ်တစ်ခုကို ဖိတ်ခေါ်လိုက်တဲ့အဖြစ်ကို ကျရောက်သွားခဲ့ပါတယ်။
 
လက်ရှိခေတ်မှာ ပဋိက္ခတွေ၊ အဓိကရုဏ်းတွေဖြစ်တဲ့ ပြည်တွင်းရေးအကျပ်အတည်းမျိုးကို အင်အားကြီးနိုင်ငံတစ်ခုက အခြေအနေကို လက်တွေ့ဝင်ရောက်ထိန်းသိမ်းပေးတာမျိုးက တွေ့ရခဲနေပါပြီ။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ ဒီလို ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုကို အပြစ်တင်ခဲ့ပြီး "မကြာသေးတဲ့ သမိုင်းသင်ခန်းစာတစ်ခုက ရုရှားတွေဟာ အိမ်တစ်အိမ်ထဲဝင်သွားပြီးရင် ပြန်မောင်းထုတ်ဖို့ အတော်ခက်တယ်ဆိုတာပဲ" လို့ ပြောခဲ့ပါတယ်။ဒီလိုဝေဖန်ရအောင် ရုရှားတပ်တွေဝင်ထားတဲ့ နိုင်ငံမှန်သမျှကနေ ပြန်မထွက်တာကိုတွေ့ရပြီး ကာဇက်စတန်ပြဿနာဟာ ဗဟိုအာရှကို စိုးမိုးခြေကုပ်ယူထားလိုတဲ့ ရုရှားရဲ့ စိတ်ဆန္ဒကို ထင်ထင်ရှားရှားပြလိုက်တာပါပဲ။
 
ကာဇက်စတန်နိုင်ငံထဲဝင်လာပြီး အချက်အချာကျတဲ့နေရာတွေမှာ နေရာယူခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းချုပ်မှုက မကြာခင်မှာ ယူကရိန်းကို ကျူးကျော်ဖို့ ခြိမ်းခြောက်နေတဲ့ ရုရှားရဲ့ ရန်လိုမှုတွေကို သတိထားမိစရာဖြစ်ခဲ့ပါတယ်။
 
ဒီတစ်ပတ်ထဲ ဇန်နဝါရီ ၉ ရက်မှာ ရုရှားနဲ့ အမေရိကန်တို့ သံတမန်ရေးရာ ထိပ်သီးအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လုပ်ခဲ့ပါတယ်။ဒီလိုမတွေ့ခင်မှာ ရုရှားဘက်က အလျှော့မပေးဘူးဆိုတဲ့ လေသံ ထပစ်ခဲ့ပါတယ်။
 
ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ ရက်ကော့ဗ် က ဆွေးနွေးပွဲမှာ မည်သည့်အလျှော့ပေးမှုမျှ ပြုလုပ်မည်မဟုတ်ဘူးလို့ ဆွေးနွေးပွဲမစခင်မှာ ပြောခဲ့ပါတယ်။
 
မော်စကို၏ တင်းမာသော သဘောထားသည် ရုရှားက ယူကရိန်းကို ကျူးကျော်မည့်အရေး ရှောင်လွှဲရန် အမေရိကန်၏ မျှော်လင့်ချက်များကို ပြနေပါတယ်။
 
ဆွေးနွေးပွဲများကို ဂျီနီဗာ၊ ဘရပ်ဆဲလ်နှင့် ဗီယင်နာတွင် ကျင်းပရန် စီစဉ်ထားပေမယ့် ဒီလို ရုရှားဘက်က တင်းမာမှုကြောင့် သံတမန်ရေးဟာ အစည်းအဝေးတစ်ခုအတွင်း အလျင်အမြန်ပြီးဆုံးသွားနိုင်တဲ့ အနေအထားပါ။ဒီလိုအနေအထားကြောင့် ယူကရိန်းကို ရုရှားရဲ့ တိုက်ခိုက်မှုဟာ ရှောင်လွဲမရတဲ့အနေအထားဆီ ချည်းကပ်လာခဲ့ပါတယ်။
 
သတင်းတွေအရ ရုရှားရဲ့တိုက်ခိုက်မှုဟာ ဇန်နဝါရီလတွင်ပင် ဖြစ်ပေါ်လာနိုင်ကြောင်း ယူကရိန်းအရာရှိများက သတိပေးထားပြီး ထိုတိုက်ခိုက်မှုတွင် ဒွန်ဘတ်စ်ဒေသတွင်သာမက ယူကရိန်း၏ ပင်လယ်နက်ဆိပ်ကမ်းများကို ကမ်းတက်တိုက်မည်ဖြစ်ကြောင်း ပြနေခဲ့ပါတယ်။ 
 
အမေရိကန်ပြည်ထောင်စုနှင့် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့- NATO အရာရှိများကလည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှား-ယူကရိန်း နယ်စပ် အရှေ့ဖျားတွင် ရုရှားစစ်ရေးလှုပ်ရှားများ အလုံးအရင်း လုပ်နေကြောင်း သတိပေးလာပါတယ်။
 
နောက်ဆုံးခန့်မှန်းချက်များအရ ရုရှားတပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ နယ်စပ်ဇုန်တွင် ချထားကြောင်း သိရပါတယ်။ထိုအရေအတွက်က နွေဦးစစ်အင်အားတည်ဆောက်မှု ၁၅၀,၀၀၀ ခန့်ထက် လျော့ကျလာသော်လည်း မကြာသေးမီက လှုပ်ရှားမှုများသည် ထူးခြားနေကြောင်း စစ်ရေးကျွမ်းကျင်သူများနှင့် အနောက်နိုင်ငံထောက်လှမ်းရေးရင်းမြစ်များက ဖော်ပြနေပါတယ်။
 
ကရင်မလင်၏ ရည်မှန်းချက်အပြည့်အဝကို မသိရပေမယ့် ပူတင်အနေနဲ့ ဒီလိုခြောက်လှန့်နေရတာကို သဘောကျနေပုံရပါတယ်။ 
 
ဒါပေမဲ့ ရုရှား ဘာကိုဦးတည်နေလဲဆိုတာ အနောက်အုပ်စုနဲ့ အမေရိကန်က ထည့်တွက်ထားဖို့များ ပါတယ်။ဒီလို ရုရှားဘက်က လှုပ်ရှားကစားနေတာဟာ အနောက်နိုင်ငံများထံမှ နိုင်ငံရေးနှင့် သံတမန်ရေး လိုက်‌လျောမှုများရရှိရေးအတွက် ဖိအားပေးသည့် လှုပ်ရှားမှု၏ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ဝါရှင်တန်က ထည့်မတွက်ဘဲ မနေပါဘူး။ဒါပေမဲ့ အခြားနိုင်ငံများကတော့ ရုရှားတိုက်ခိုက်မှုဟာ နီးကပ် လာခြင်းမရှိသေးသလို စိတ်ကူးထားခြင်းလည်းမရှိဟု ယူဆကြပြီး ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်သာ မြင်ကြပါတယ်။
 
ဒီနေရာမှာ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနှင့် အတ္တလန်တိတ်ကောင်စီ၏ ယူရေးရှားစင်တာမှ ဝါရင့်ဒါရိုက်တာ ဂျွန်ဟာ့ဘ်ကတော့ “မော်စကိုက အနေအထားကောင်းလွန်းလို့ သတိပေးချိန်အနည်းငယ်နဲ့တင် လှုပ်ရှားနိုင်တယ်” လို့ စစ်ခင်းလာနိုင်မှုနဲ့ပတ်သက်ပြီးသတိပေးခဲ့တာ တွေ့ရပါတယ်။
 
“သူတို့တွေက အမှန်တကယ် ခြိမ်းခြောက်နေတယ်။သူတို့က သူတို့လုပ်ချင်တာလုပ်နိုင်တဲ့ အနေအထားမှာရောက် နေတယ်” လို့ ဆိုပါတယ်။
 
ဗုဒ္ဓဟူးနေ့က လတ်ဗီးယားတွင် ပြောကြားသည့် NATO  မိန့်ခွန်းမှာဆိုရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီ ဘလင်ကန် က ဒီသဘောထားကို လက်ခံထားပုံရပါတယ်။ 
 
“သမ္မတ ပူတင် က ယူကရိန်းကိုတိုက်ခိုက်ဖို့ ရည်ရွယ်သလား မရည်ရွယ်သလားဆိုတာ ကျနော်တို့ မသိဘူး” လို့ ပြောခဲ့တာ တွေ့ရပါတယ်။  
 
“ကျနော်တို့သိတာက သူကတိုက်ဖို့ဆုံးဖြတ်တယ်ဆိုရင် အချိန်တိုအတွင်း တိုက်နိုင်အောင် ပြင်ဆင်ထားတယ်။ဒါကြောင့် ရည်ရွယ်ချက်ကို သေသေချာချာ မသိသည့်တိုင် ရုရှားအနေနဲ့ နောက်ကြောင်းပြန်လှည့်အောင်လုပ်နေတဲ့တစ်ချိန်တည်းမှာပဲ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားဖို့လိုတယ်” ဆိုပြီး မယုတ်သာမလွန်သာ‌ သတိနဲ့ချင့်ချိန်ပြီး ပြောခဲ့ပါတယ်။ 
 
ဘလင်ကန်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့နှင့် ကြာသပတေးနေ့က စတော့ဟုမ်းတွင် တွေ့ဆုံခဲ့ပါတယ်။ဘလင်ကန် က ယူကရိန်းကို ရုရှားက ထပ်မံတိုက်ခိုက်မည့်ကိစ္စနှင့်ပတ်သက်သည့် ဘိုင်ဒင်အစိုးရ၏ စိုးရိမ်ပူပန်မှုများကို အကြိမ်ကြိမ်ဖော်ပြပြီး အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအတွက် ခိုင်မာသည့် ကတိကဝတ်ပြုထားကြောင်း ထပ်သတိပေးခဲ့ပါတယ်။ 
 
ဆိုတာက ယူကရိန်းကိုတိုက်ရင် အမေရိကန်က ဒီအတိုင်းနေမှာ မဟုတ်ဘူးဆိုတာကို ပြောခဲ့တာပါ။ 
 
ဘလင်ကန် က ရုရှားနှင့် ယူကရိန်းကို မင့်စ်သဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် ပြန်လည်ကတိကဝတ်ပြုကြရန် တောင်းဆိုပါတယ်။ဒီသဘောတူညီချက်မှာ ခွဲထွက်သွားသော ဒွန်နက်စ်နှင့် လူဂန့်စ် သမ္မတနိုင်ငံများကို ယူကရိန်းအရှေ့ပိုင်းအတွင်း ပြန်လည်သွတ်သွင်းမည့် သဘောတူညီချက်ဖြစ်ပေမယ့် ယခုထိ အကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေတာပါ။
 
မော်စကိုသည် မင့်စ်သဘောတူညီချက်အရ မည်သည့် ကတိကဝတ်မျှ မရှိဘူးလို့ဆိုတာကို ကရင်မလင်က ထပ်ပြောပြီး မည်သည့်ညှိနှိုင်းမှုမဆို ယူကရိန်းနှင့် ခွဲထွက်နိုင်ငံများအကြားမှာသာ ပြုလုပ်ရမယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ 
 
ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ် အမေရိကန် စိုးရိမ်ပူပန်မှုများကို လက်ဗ်ရော့ က လူသိရှင်ကြား တိုက်ရိုက်ဝေဖန်ပြောကြားပုံတော့ မရှိခဲ့ပါဘူး။
 
ဒီ ယူကရိန်းကနေ ခွဲထွက်တဲ့ နိုင်ငံတွေကို ယူကရိန်းက ကြီးမားသော ထိုးစစ်ဆင်ရန် ပြင်ဆင်နေနိုင်တယ်ဆိုတဲ့ ရုရှားရဲ့  စိုးရိမ်ပူပန်မှုတွေ ယူဆချက်တွေကို ဘလင်ကန် က ပယ်ချခဲ့ပါတယ်။ 
 
“ယူကရိန်းက ဘယ်နည်းနဲ့မှ ရုရှားအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူး။ရုရှားစစ်ရေးတိုက်ခိုက်မှုဖြစ်အောင်လည်း ထိပ်တိုက်တွေ့မှာမဟုတ်ဘူး။တစ်ခုတည်းသော ခြိမ်းခြောက်မှုက ရုရှားက ယူကရိန်းကို ထပ်မံကျူးကျော်မှာပဲဖြစ်တယ်” ဆိုပြီး ဘလင်ကန် က ရုရှားကို ပြောခဲ့ပါတယ်။ 
 
ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ဘာဖြစ်မလဲ
 
သေချာတာကတော့ အမေရိကန်နဲ့ အနောက်အုပ်စုက ပြင်းထန်သော အရေးယူပိတ်ဆို့မှုများလုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာ ဘိုင်ဒင်အစိုးရက ပြောထားပါတယ်။ဒီ အချက်ကို NATO အထွေထွေအတွင်းရေးမှူးချုပ် ယန်စတော့တန်ဘတ်ကလည်း ပြောခဲ့တာရှိပါတယ်။ 
 
“တန်ဖိုးကြီးမားစွာပေးဆပ်ရမယ်၊ အရေးယူပိတ်ဆို့မှုဆိုတာ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို ကျနော်တို့အားလုံးက ရှင်းရှင်းလင်းလင်းပြောကြားထားပြီးဖြစ်တယ်” လို့ စတော့တန်ဘတ် က ယခုလအစောပိုင်းကတည်းက ပြောခဲ့တာရှိပါတယ်။
 
ဒီလိုအရေးယူပိတ်ဆို့မှုက ထိခိုက်လားဆိုရင် ရုရှားကို SWIFT နိုင်ငံတကာငွေပေးချေမှုစနစ်မှ ဖြတ်တောက်လိုက်တာကနေ ရေတိုကာလအတွင် ရုရှားစီးပွားရေးကို အကြီးအကျယ်ထိခိုက်နိုင်တဲ့အထိပါပဲ။ 
 
ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုဆိုတာနဲ့ပတ်သက်ပြီး ကရင်မလင်အရာရှိတွေကတော့ ရုရှားဟာ ၎င်းပိုင်နက်အတွင်း ၎င်းတပ်များကို သင့်တော်သလို လှုပ်ရှားခွင့်ရှိတယ်ဆိုတာကို ထပ်တလဲလဲပြောကြားနေတာပါပဲ။
 
“ရုရှားဖက်ဒရေးရှင်းထဲမှာ ကျနော်တို့ရဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ တပ်တွေလှုပ်ရှားမှုဟာ ကျနော်တို့ရဲ့ သီးသန့်ကိစ္စဖြစ်တယ်” ဆိုပြီး  ကရင်မလင် ပြောခွင့်ရသူ ပက်စကော့ က သတင်းထောက်များကို ပြောခဲ့ပါတယ်။
 
“ရုရှားက ဘယ်သူ့ကိုမှ မခြိမ်းခြောက်ခဲ့ဘူး ဘယ်တော့မှလည်း မခြိမ်းခြောက်ဘူး” လို့ ပြောခဲ့တာ တွေ့ရပါတယ်။ 
 
သမ္မတ ဂျိုးဘိုင်ဒင် စတင်တာဝန်ထမ်းဆောင်ချိန်မှစတင်ပြီး ရုရှားဟာ ယူကရိန်းနဲ့ပတ်သက်ပြီး ပြောဆိုမှုများကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။ယခုနှစ် နွေရာသီက ထုတ်ဝေသည့် ရှည်လျှားသော သမိုင်းဆိုင်ရာ ဆောင်းပါးတစ်စောင်မှာဆိုရင် ဆိုဗီယက်ခေတ်လွန် ယူကရိန်းဟာ ရုရှားသြဇာနယ်ပယ်ပြင်ပတွင် မရပ်တည်နိုင်၊ မရပ်တည်သင့်ဘူးဆိုပြီး ပူတင် က ပြောခဲ့တာကို တွေ့ရပါတယ်။ 
 
ယူကရိန်းက NATO သို့ ဝင်ရောက်ခြင်းသည် အနီရောင်စည်းဖြစ်သည်ဟု ပူတင်နှင့် မော်စကိုမှအရာရှိများ ပြောကြားနေသလို ကရင်မလင်ကနေ မကြာသေးမီက စကားလုံးပြောင်းလာတာကိုလည်း တွေ့ရပါတယ်။ 
 
“ယူကရိန်းအတွက် အနီရောင်စည်းက ဘယ်နားမှာလဲလို့ခင်များမေးတယ်။အဲဒါကတော့ ယူကရိန်းက ကျနော်တို့အတွက် ခြိမ်းခြောက်မှုကို ဖန်တီးတဲ့နေရာမှာလို့ ဖြေရမှာပဲ” လို့  ပူတင် က မကြာသေးမီက ရင်းနှီးမြှုပ်နှံမှု ညီ လာခံတစ်ခုမှာ ပြောခဲ့ပါတယ်။
 
ပူတင် က ယူကရိန်းမှ ခြိမ်းခြောက်မှုဟုသာပြောပြီး ယူကရိန်း၏ နိုင်ငံခြားရေးမူဝါဒလမ်းကြောင်းအကြောင်း ပြောဆိုခြင်းမရှိသောကြောင့် ယူကရိန်းက နေတိုးအဖွဲ့သို့တရားဝင် ဝင်ရောက်ခြင်းမရှိဘဲ နေတိုးအဖွဲ့၏ စစ်ရေးအခြေခံအဆောက်အအုံများကို လက်ခံထားမည်ကို စိုးရိမ်နေကြောင်း ဖော်ပြနေတယ်လို ယူဆကြပါတယ်။ 
 
“ယူကရိန်းပိုင်နက်ထဲမှာ တိုက်ခိုက်ရေးစနစ်တွေပေါ်လာရင် မော်စကိုကို ၇ မိနစ်ကနေ ၁၀ မိနစ်အတွင်း ရောက်အောင်ပစ်နိုင်တယ်။အသံထက် ၅ ဆ မြန်တဲ့ လက်နက်တွေချထားရင်း ၅ မိနစ်အတွင်းရောက်အောင် ပစ်လို့ရတယ်” လို့ ပူတင် က ပြောခဲ့ပါတယ်။ 
 
“အဲဒီလိုဖြစ်လာရင် ကျ‌နော်တို့ဘာလုပ်ရမလဲ။ကျနော်တို့ကလည်း အဲဒီလိုခြိမ်းခြောက်မှုကို အလားတူတုံ့ပြန်ရမယ်” လို့ ဆိုပါတယ်။ 
 
ဘိုင်ဒင်နှင့် ပူတင်တို့ ယူကရိန်းအကျပ်အတည်းအတွက် ဖုန်းနဲ့ဆက်သွယ်ပြောကြားရာမှာ ရှေ့ဆုံးတန်းမှ ပါဝင်တာက နေတိုးအဖွဲ့ အရှေ့ဘက်သို့ တိုးချဲ့ခြင်းနှင့် ယူကရိန်းအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် လက်နက် များဖြန့်ချခြင်းတို့ကိုမလုပ်ဖို့ ဘိုင်ဒင်ထံကနေ အာမခံချက်တောင်းခဲ့တာပါ။မကြာခင် ဒီအဖြေကိုသိရမှာပါ
 
သေချာတာကတော့ စစ်ဆီကို သွားနေတာလား၊ ကိုယ်ကျိုးစီးပွားဆီ သွားနေကြတာလားဆိုတာ မြင်ရတော့မှာဖြစ်ပါတယ်။
 
 
မင်းထက်
ဇန်နဝါရီ - ၁၀