【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဒုံးကျည်ပစ်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ယနေ့အာရှ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဒုံးကျည်ပစ်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ယနေ့အာရှ

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းအများစုက သဘာဝဘေးသတင်းတွေ၊ စစ်ရေးအရ စိုးရိမ်ဖွယ်ကောင်းတဲ့ သတင်းတွေ များပါတယ်။

ဒီတစ်ပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို အခြေပြုထားတဲ့ ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလာဒေ့ရှ်ရဲတွေက ဖမ်းဆီးရမိခဲ့တဲ့ သတင်းလို၊ ကမ္ဘာ့တစ်ဝန်း ရွှေ့ပြောင်းတွေကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားပျံ့နှံ့မှု ခေါင်းထောင်လာတာကို WHO က သတိပေးခဲ့တဲ့ သတင်းလို၊ ပင်လယ်နက်ဒေသ ကောက်နှံတင်ပို့မှုအစီအစဉ် ပြန်စနိုင်ရေး ယူကရိန်းကြိုးပမ်းတဲ့ သတင်းလို၊ ယူကရိန်းကောက်နှံတင်ပို့မှုကို ရုရှားက မတိုက်ခိုက်ဖို့ ကုလသတိပေးတဲ့ သတင်းလို စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

တခြားသတင်းတွေထဲမှာလည်း သမ္မတဟောင်း ထရမ့်အမှုကို ရှေ့နှစ် မေလမှာ  ရုံးတင်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာ၊ မြောက်ကိုရီးယား နယ်စပ်ဖြတ်ပြေးတဲ့ အမေရိကန်တပ်သားတစ်ယောက်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုမြင့်တက်လာတာ၊ ဖြူထိုင်းပါတီဝင်ကို  ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းဖို့ Move Forward က အဆိုပြုမှာ၊ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ လမ်းမပေါ်မှာ ထူးခြားတဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာ၊ ကုလလုံခြုံရေးကောင်စီမှာ ဉာဏ်ရည်တုနည်းပညာအကြောင်း အချေအတင် ဆွေးနွေးခဲ့ကြတာ၊ ဒီရက်အတွင်း ယူကရိန်းနိုင်ငံ မိုင်ကိုလာဗ့်ဆိပ်ကမ်းမြို့နဲ့ အိုဒက်ဆာကို ရုရှားက လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်လို့ သေဆုံးမှုတွေနဲ့  ယူနက်စကိုစာရင်းဝင် ဘုရားကျောင်း ပျက်စီးခဲ့တာတွေ၊ တရုတ်-အမေရိကန် တင်းမာမှု မြင့်တက်နေစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျား တရုတ်နိုင်ငံကို ရုတ်တရက်သွားရောက်ခဲ့တာတွေ၊ ဂရိနိုင်ငံမှာ မြေထဲပင်လယ်ဒေသကို အပူလှိုင်းဖြတ်နေစဉ်မှာ တောမီးလောင်ကျွမ်းမှုတွေ ထိန်းမရအောင်ဖြစ်လာလို့  ဥရောပနိုင်ငံအများအပြားက မီးသတ်လေယာဉ်တွေနဲ့ ကူညီငြှိမ်းသတ်ပေးခဲ့ရတာ စတဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာ သတင်းတွေပါပဲ။

ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာဖြစ်ခဲ့တာက အာရှဒေသမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့အတူ အမေရိကန်-ဩစတြေးလျ၊ တရုတ်- ရုရှား စစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော တောင်ကိုရီးယားမှာ ရောက်ရှိနေလို့ ဒေသတွင်း တင်းမာမှုမြင့်တက်လာမှာကို စိုးရိမ်နေရတဲ့ သတင်းတွေပါပဲ။

           မြောက်နဲ့ တောင် ပြိုင်ဆိုင်မှုကို တန်းညှိပေးလိုက်တဲ့ အမေရိကန်နျူရေငုပ်သင်္ဘော

မြောက်ကိုရီးယားဘက်က ယခုလပိုင်းအတွင်း ICBM ဒုံးကျည်ကို ထပ်မံပစ်လွှတ်ခဲ့ပြီးနောက်မှာ တောင်ကိုရီးယားဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဘူဆန်ဆိပ်ကမ်းကို အိုဟိုင်းယိုး အတန်းအစား ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော USS Kentucky ရောက်ရှိလာခဲ့ပါတယ်။ဒါဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားဆိပ်ကမ်းတစ်ခုကို နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်း ဆိုက်ကပ်လာတာဖြစ်သလို မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုကို ကိုယ်ပိုင်နျူလက်နက်ထုတ်လုပ်ပြီး တုံ့ပြန်ဖို့ ကြိုးစားနေတဲ့ တောင်ကိုရီးယားကို ကတိပေးခဲ့တဲ့အတိုင်း အမေရိကန်က သူ့ရဲ့ နျူလက်နက်ကို မျှသုံးစေမယ့် အစီအစဉ်ပါပဲ။

Nuclear Consultative Group (NCG) လို့ ခေါ်တဲ့ အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းအဖွဲ့ဖြစ်တဲ့ နျူကလီးယားအတိုင်ပင်ခံအဖွဲ့ အစည်းအဝေး ဆိုးလ်မှာ ကျင်းပနေစဉ် ဇူလိုင် ၁၈ ရက်မှာ ရောက်လာခဲ့တာပါ။အဆိုပါ ရေငုပ်သင်္ဘော ရောက်ရှိလာမှုချိန်ဟာ ကျွန်းဆွယ်မှာ တင်းမာမှုများမြင့်တက်နေတဲ့ ကာလတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားက အဆင့်မြင့် ICBM တာဝေးပစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့ပြီးနောက်မှာဖြစ်ပါတယ်။မြောက်ကိုရီးယားဘက်ကနေ ၎င်းရဲ့ ပိုင်နက်အနီး သူလျှိုလုပ်နေတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ လေယာဉ်များကို ပစ်ချမယ်ဆိုပြီး ခြိမ်းခြောက်မှုအပြီး၊ မကြာခင်မှာ ရောက်လာခဲ့တာဖြစ်လို့ ဒါဟာ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ပြလိုက်တာပါပဲ။

ဒီလို နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ နျူရေငုပ်သင်္ဘော ရောက်လာတဲ့အတွက် မြောက်ကိုရီးယားအနေနဲ့ အပြင်းအထန်ကို ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညီမဖြစ်တဲ့ ကင်ယိုဂျောင်က ကျွန်းဆွယ်မှာ အမေရိကန် နျူပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစ်စင်း ချထားခြင်းဟာ နှစ်ဘက်ကြား ပျက်ပြားနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပျက်စီးစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားသည် USS Kentucky ခရီးစဉ်အပြီး နာရီပိုင်းအကြာ ဗုဒ္ဓဟူးနေ့မှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သလို အမေရိကန်လေယာဉ်တင်သင်္ဘောတွေ၊ ဗုံးကြဲလေယာဉ်နဲ့ မစ်ဇိုင်းဒုန်းလက်နက်တပ် ရေငုပ်သင်္ဘောတွေ တောင်ကိုရီးယားမှာ ချထားခဲ့ရင် နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ကြာသပတေးနေ့မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

နျူထိပ်ဖူး ၈၀ ခန့် ပါဝင်တဲ့ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ရောက်ရှိမှုဟာ မြောက်ကိုရီးယားကို တုန်လှုပ်စေသလို ဒေသတွင်းမှာရှိတဲ့ နိုင်ငံအချို့ကိုလည်း စိုးရိမ်စိတ်ဖြစ်စေခဲ့ပါတယ်။ဝါရှင်တန်ဘက်က ကြေညာချက်မှာတော့ ဒါဟာ စစ်ရေးအရဆိုရင် ဘာမှမဟုတ်ဘဲ တောင်ကိုရီးယားဆိပ်ကမ်းတစ်ခုတွင် အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစ်စင်း တည်ရှိနေခြင်းဟာ  သင်္ကေတသက်သက်သာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ဒါပေမဲ့ ဒီရေငုပ်သင်္ဘောမှာပါတဲ့ နျူထိပ်ဖူး ၄ ခုအထိ သယ်ဆောင်နိုင်တဲ့ Trident ဒုံးကျည်တွေဟာ အကွာအဝေး မိုင် ၄,၆၀၀ (၇,၄၀၀ ကီလိုမီတာ) ရှိလို့ ၎င်းဒုံးကျည်နဲ့ ပစိဖိတ်၊ အိန္ဒိယ (သို့မဟုတ်) အာတိတ်သမုဒ္ဒရာများ၏ ကျယ်ပြောလှသော ပစိဖိတ်သမုဒ္ဒရာများကနေတောင် မြောက်ကိုရီးယားရှိ ပစ်မှတ်များကို ထိမှန်နိုင်စွမ်းရှိလို့ တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်းမှာ ထားခြင်း၊ မထားခြင်းက သိပ်ပြီးမထူးပါဘူးလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ သုံးသပ်လေ့လာသူတွေက အမေရိကန်အာဏာပိုင်တွေဟာ နျူလက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေနဲ့ အံ့အားသင့်စရာ တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ ကြိုးစားနေတယ်ဆိုရင် အမေရိကန်ရေငုပ်သင်္ဘောရဲ့ တည်နေရာနဲ့ အချိန်ကို ပေးထားတဲ့ သဘောလို့ သုံးသပ်ခဲ့ပါတယ်။ဒီလိုသုံးသပ်မှုထွက်ခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်က စနေနေ့မှာ ခရုဇ်ဒုံးကျည်အများအပြား ထပ်မံပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က နျူကလီယားနဲ့ တိုက်ခိုက်မယ်လို့ ထပ်ခြိမ်းခြောက်မှု၊ ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်မှုအပြီးမှာ တောင်ကိုရီးယားကို အမေရိကန် ရေငုပ်သင်္ဘောတစ်စင်း ဇူလိုင် ၂၄ ရက်မှာ ထပ်ရောက်လာပါတယ်။ဒီရေငုပ်သင်္ဘောက နျူကလီးယား ရေငုပ်သင်္ဘော USS Annapolis ဖြစ်ပြီး တောင်ကိုရီးယားတောင်ပိုင်း ဂျီဂျူးကျွန်းရှိ ရေတပ်အခြေစိုက်စခန်းကို ဝင်ရောက်လာခဲ့တာပါ။ဒီလိုဖြစ်လို့ ဒေသတွင်းဖြစ်ရပ်တွေဟာ မျက်ခြေပြတ်ထားလို့မရအောင် အာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။     

           စစ်ရေးလေ့ကျင့်မှုနှင့် အင်ဒို-ပစိဖိတ် ယမ်းအိုး

တစ်ဘက်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေ၊ အမေရိကန် နျူဒုံးကျည်တပ် ရေငုပ်သင်္ဘောတွေ တောင်ကိုရီးယားကို ရောက်ရှိမှုတွေနဲ့ စိုးရိမ်စရာဖြစ်နေသလိုပဲ ဒီဘက်မှာလည်း တရုတ်-ရုရှား စစ်ရေးလေ့ကျင့်မှုတွေ၊ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေ၊ အမေရိကန်-ဩစတြေးလျ-ဂျပန် စစ်ရေးလေ့ကျင့်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက်မှာ  ရုရှားနှင့် တရုတ် ရေတပ်သင်္ဘောများဟာ ဂျပန်ပင်လယ်မှာ  "Northern Joint-၂၀၂၃" စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုထဲမှာ ထုတ်ပြန်ချက်အရဆိုရင် သွားလာခြင်း ခွင့်ပြုချက်မရှိသောဇုန်ထဲ တရားမဝင် ကျူးကျော်ဝင်ရောက်သော ရေယာဉ်များကို နှင်ထုတ်ခြင်း လေ့ကျင့်ခန်းလည်း ပါဝင်တာကို တွေ့ရပါတယ်။

ထိုစစ်ရေးလေ့ကျင့်မှုတွင် တရုတ်ဘက်က စစ်သင်္ဘောငါးစင်းနှင့် ရဟတ်ယာဉ်တင် သင်္ဘောလေးစင်းပါဝင်ပြီး၊ ရုရှားဘက်က ရေတပ်နှင့် လေတပ်ပါ ပါဝင်ခဲ့ပါတယ်။ဂျပန်ပင်လယ်တွင် တရုတ်နှင့် ရုရှားတို့ စစ်ရေးလေ့ ကျင့်နေစဉ် အမေရိကန်နှင့် ဩစတြေးလျတို့မှာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ဆစ်ဒနီတွင် စတင်ခဲ့ပါတယ်။

ကွင်းစ်လန်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာကွင်းမှာ အမေရိကန်ထုတ် HIMARS စနစ်ကို စမ်းသပ်လေ့ကျင်ခဲ့ပါတယ်။ လာမည့်နှစ်ပတ်အတွင်း ဩစတြေးလျမှာ Talisman Sabre လို့ အမည်ပေးထားတဲ့ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနှင့် တောင်ကိုရီးယားမှ တပ်ဖွဲ့ဝင် ၃ သောင်းကျော်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ရှိနေပါတယ်။ယခုနှစ်ကျင်းပဖို့ရှိနေတဲ့ Talisman Sabre စစ်ဆင်ရေးမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံ ပါဝင်မှာဖြစ်လို့ ဒါဟာ အာရုံစိုက်စရာတစ်ခုပါ။ဒါ့အပြင် မကြာသေးခင်က စစ်သင်္ဘောသစ် USS Canberra ကို ဆစ်ဒနီမြို့ဆိပ်ကမ်းမှာ ရေချခဲ့လို့ အာရှ-ပစိဖိတ်ဒေသမှာ ဩစတြေးလျဟာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်လာနေတာကို ထင်ထင်ရှားရှားပြသခဲ့သလို ဖြစ်ခဲ့ပါတယ်။

အာရှဒေသအခင်းအကျင်းက ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးချိန်မှာ အနောက်နိုင်ငံတွေနဲ့ အရှေ့နိုင်ငံတွေအကြား သတိကြီးကြီး စောင့်ကြည့်နေသလို စစ်ရေးအုပ်စုဖွဲ့မှုတွေ ပိုအားကောင်းလာနေတဲ့အတွက် အင်ဒို-ပစိဖိတ်ဒေသ အခင်းအကျင်းက သတိထားစရာ ဖြစ်လာနေပါတယ်။

မင်းထက်