【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】ပူတင်ရဲ့ အချိန်ဆွဲခြင်းဗျူဟာ (သို့မဟုတ်) စစ်ပြေငြိမ်းရေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】ပူတင်ရဲ့ အချိန်ဆွဲခြင်းဗျူဟာ (သို့မဟုတ်) စစ်ပြေငြိမ်းရေး

ရုရှားသမ္မတ ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်းပြောခဲ့တဲ့ သတင်းဟာ ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေကို ဖုံးသွားခဲ့ပါတယ်။ဒီဇင်ဘာ ၂၂ ရက်မှာ ပြောခဲ့တဲ့ ပူတင်ရဲ့ ဒီစကားဟာ နိုင်ငံတကာမှာ ဂယက်များစွာ ရိုက်ခတ်ခဲ့ပါတယ်။

ဒီရက်သတ္တပတ်ကိုကြည့်ရင် နိုင်ငံတကာမှာ ရုရှားဘက်က မဟာဗျူဟာကစားတဲ့ သတင်းတစ်ခုတည်းကြောင့်သာ လှုပ်ခတ်ခဲ့တာ မဟုတ်ပါဘူး။အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့်ပြုထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို ဒီတစ်ပတ်မှာ အမေရိကန်သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့လို့ နိုင်ငံတကာမှာ လှုပ်ခတ်မှုတွေများစွာဖြစ်ခဲ့ပါတယ်။အထူးသဖြင့် အာရှဒေသမှာ ဒီဥပဒေကြောင့် အပြောင်းအလဲများစွာဖြစ်လာနိုင်တဲ့ အခြေအနေရှိပါတယ်။

ဒီတစ်ပတ်မှာ သံတမန်ဆက်ဆံမှု နှစ် ၅၀ ပြည့်အဖြစ် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် တရုတ်ပြည်ကို သွားရောက်ခဲ့တာ၊ ရုရှားသမ္မတဟောင်းနဲ့ လက်ရှိရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဒီမီထရီ မက်ဗီဒက် တရုတ်ပြည်ကို သွားရောက်ခဲ့တာ၊ အမေရိကန်ကို ယူကရိန်းသမ္မတ ဇီလင်စကီး သွားရောက်ခဲ့တာ၊ သမ္မတကိုဖြုတ်ချပြီး ဒုသမ္မတက အာဏာရယူခဲ့တဲ့ ပီရူးမှာ ဝန်ကြီးချုပ်အသစ် ခန့်အပ်ခဲ့တာ၊ နျူကလီးယားစာချုပ်အတွက် အပြီးသတ်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့တာ စတဲ့ သံတမန်အခင်းအကျင်းသတင်းတွေလည်း ရှိခဲ့ပါတယ်။

ရာသီဥတုနဲ့ စစ်မက်ဆိုင်ရာ သတင်းတွေမှာဆိုရင် အမေရိကန်မှာ သမိုင်းတွင်အောင် ကျယ်ပြန့်ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းကြီးရဲ့ဒဏ်ကို အမေရိကန်လူဦးရေ ၆၀ ရာခိုင်နှုန်းလောက် ခံရဖို့ရှိနေတာ၊ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကာဒ့်လူမျိုးတွေနဲ့ ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ခဲ့တာ၊ အမေရိကန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတာ သန်း ၁၀၀ ကျော်အထိ ရောက်ရှိလာတာ၊ ကမ္ဘာ့အမြင့်ဆုံး ဥမင်လှိုဏ်ခေါင်းလမ်းဖြစ်တဲ့ အာဖဂန်က ဆာလန်တောင်ကြားလမ်းမှာ ဆီတင်ဘောက်ဆာ ကားတစ်စီးမှောက်ပြီး မီးလောင်လို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့တာ၊ ထိုင်းပင်လယ်ကွေ့မှာ ထိုင်းစစ်သင်္ဘော ဆူခိုထိုင်း မုန်တိုင်းကြောင့်နစ်မြုပ်လို့ ၁၂ ဦးသေဆုံးပြီး ၁၇ ဦးပျောက်ဆုံးနေတာ၊ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မှာ သီတင်းနှစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့တာ၊ အဲဒီမြို့မှာပဲ ဒီဇင်ဘာ ၂၄ ရက်က ဂတ်စ်တင်လာတဲ့ ကားတစ်စီးပေါက်ကွဲလို့ လူ ၁၀ ဦးသေဆုံးခဲ့တာ၊ တရုတ်ရဲ့ ဧရာမရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ ဘိုင်ဟီတန် ရေအားလျှပ်စစ်စက်ရုံ စတင်လည်ပတ်တာ စတဲ့ သတင်းတွေရှိခဲ့ပါတယ်။

          ပူတင်ရဲ့ အကွက်ရွှေ့မှုတွေ လာပြီလား

ဒီတစ်ပတ်မှာ ထိပ်တန်းသတင်းဖြစ်ခဲ့တာက ဒီဇင်ဘာ ၂၂ ရက်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပူတင် ပြောခဲ့တဲ့ စကားပါ။ပူတင်က စစ်ပွဲကို အဆုံးသတ်လိုကြောင်း ပြောခဲ့ပါတယ်။ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို အထူးစစ်ဆင်ရေးတံဆိပ်ကပ်ကာ စတင်ကျူးကျော်ခဲ့ပြီးနောက်မှာ ရုရှားဘက်က ပထမဆုံးထွက်လာတဲ့ အလျှော့ပေးတဲ့စကားပါပဲ။ဒါပေမဲ့ ဒီစကားက စိတ်ရင်းမှန်နဲ့ပြောတဲ့စကားလို့ ကမ္ဘာကမထင်သလို အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကလည်း ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း လုံး၀မပြသခဲ့ဘူးလို့ ကမ္ဘာကိုသတိပေးခဲ့ပါတယ်။

ရုရှားရဲ့ ဒီလိုပြောဆိုမှုဟာ ယူကရိန်းသမ္မတ ဇီလင်စကီး ဝါရှင်တန်ကိုသွားရောက်အပြီးမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့် စစ်ကိုအဆုံးသတ်ဖို့ပြောတဲ့ ပူတင်ရဲ့စကားက ဆန္ဒအမှန်မှဖြစ်ရဲ့လားဆိုတာ နိုင်ငံတကာမှာ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။ဒီရက်ပိုင်းမှာ ရုရှားရဲ့ ခဲယမ်းမီးကျောက်ပြတ်လပ်မှု ဆိုးဆိုးရွားရွားပေါ်ထွက်လာနေတဲ့ သတင်းတွေထွက်နေသလို ဒါကို ဗြိတိန်ထောက်လှမ်းရေးဘက်ကလည်း အတည်ပြုခဲ့ပါတယ်။အထူးသဖြင့် မစ်ဇိုင်းတွေပစ်လွှတ်မှုမှာ သိသာနေတာက ယခင်ဆိုဗီယက်ခေတ်က ဒုံးကျည်တွေကိုပါ ယူသုံးနေရတာကို ထောက်ကြည့်ပြီး သုံးသပ်ခဲ့ကြတာပါ။

ရုရှားဘက်က ဒီရက်ပိုင်းမှာ ဘီလာရုစ်ဘက်ကို ပူတင်ကိုယ်တိုင် သွားရောက်ခဲ့သလို ရုရှားပိုင်နက်အဖြစ် တစ်ဖက်သတ်ကြေညာထားတဲ့ ယူကရိန်းဒေသ ၄ ခုကိုလည်း သွားရောက်ခဲ့ပါတယ်။အဲဒီဒေသတွေ အခြေအနေဆိုးရွားနေကြောင်းကိုလည်း ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။ဒီလိုသွားရောက်ခဲ့တဲ့အတွက် ဘီလာရုစ်ဘက်ကနေ ယူကရိန်းမြောက်ပိုင်းကို ဝင်တိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ နိုင်ငံတကာစစ်ရေးကျွမ်းကျင်သူတွေကတော့ ဒါဟာ ယူကရိန်းအရှေ့ပိုင်းမှာ အခြေမလှတဲ့ ရုရှားတပ်တွေ ဖိအားလျော့ဖို့နဲ့ ယူကရိန်းတောင်ပိုင်းက ယူကရိန်းတပ်တွေ ဆွဲထုတ်အောင် ဝါဒဖြန့်တာလို့ သုံးသပ်ခဲ့ပါတယ်။ယူကရိန်းဘက်ကတော့ ဒီနှစ် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ရုရှားက ထိုးစစ်အသစ်ဆင်နွှဲဖို့ ပြင်နေတယ်လို့ ပြောခဲ့သလို ရုရှားက ဘီလာရုစ်ကို စစ်ထဲဆွဲထည့်တာခံရမယ်လို့ ယူကရိန်းဘက်ကပြောခဲ့တာကို တွေ့ရပါတယ်။ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကတော့  ရုရှားရဲ့ ထိုးစစ်သစ်မှာ ဘီလာရုစ် မပါဝင်လာဖို့ မျှော်လင့်ပါတယ် ဆိုတယ်။

ဒီရက်ပိုင်းမှာ ဘီလာရုစ်က ဘရက်ဒေသကို ဘီလာရုစ်တပ်များနှင့် ရုရှားစစ်သား ၁၂,၀၀၀ ကျော် ရွှေ့ပြောင်းနေတာဖြစ်လို့ ရုရှားထိုးစစ်သစ်က မှန်းဆလို့ရတဲ့ အနေအထားမဟုတ်ပါဘူး။ဒီရက်ပိုင်းမှာ ရုရှားက ယူကရိန်းကို မစ်ဇိုင်းတွေနဲ့ ပစ်ခတ်ခဲ့သလို ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။တနင်္လာနေ့က ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ကိယက်ဗ်က အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေနဲ့ အဲဒီဒေသတစ်ဝိုက်က ကိုယ်ပိုင်အိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။ယူကရိန်းဘက်ကတော့  ရုရှားဒရုန်း ၁၅ စင်းကို ပစ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒီစနေနေ့မှာတော့ ခါဆန်ကို ရုရှားဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၁၀ ဦးကျော် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ရုရှားရဲ့အ မြောက်ကျည်ဆန်လိုအပ်ချက်က ကြီးမားနေတဲ့အတွက် လေကြောင်းကနေသာ တိုက်ခိုက်နေရတဲ့အတွက် ယူကရိန်းကို ထိုးစစ်ကြီးတွေဆင်နွှဲဖို့ မဖြစ်နိုင်တဲ့အနေအထားလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ဒီလိုအခြေအနေမှာ ရုရှားဘက်ကနေ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ စကားပြောလာတာက ရုရှားရဲ့ စစ်ပွဲမှာပြင်ဆင်ချိန်ရဖို့ ကြိုးစားတာအဖြစ် ယူဆထားပါတယ်။ပူတင်ရဲ့ ဒီလိုပြောဆိုမှုအတွက် အမေရိကန်ဘက်က တုံ့ပြန်မှုတွေမှာတော့ သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားကြောင်း၊ ဒါပေမဲ့ ပူတင်အနေနဲ့ စေ့စပ်ညှိနှိုင်းရေးကို အလေးအနက်ထားကြောင်း ပြသဖို့လိုအပ်ပြီး ယူကရိန်းနဲ့ အမေရိကန်မဟာမိတ်တွေ တိုင်ပင်ဆွေးနွေးပြီးနောက်မှသာ ဆွေးနွေးမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာရှိပါတယ်။

ဒီရက်ပိုင်းမှာ ပူတင်က စစ်လက်နက်ပစ္စည်းတွေ အဓိကထားထုတ်တဲ့ တူလာမြို့ကို ဒီဇင်ဘာ ၂၃ ရက်က သွားရောက်ပြီး ယူကရိန်းစစ်ပွဲမှာသုံးဖို့ ရုရှားစစ်တပ်လိုတဲ့ စစ်လက်နက်ပစ္စည်းတွေ လိုရင်လိုသလောက် မြန်မြန်ရအောင် လုပ်ပေးထားဖို့ ပြောခဲ့ပါတယ်။

လက်နက်တွေ တိုးမြှင့်ထုတ်ပေးဖို့နဲ့ စစ်တပ်တွေရွှေ့ပြောင်းနေတဲ့ ပူတင်က  စစ်နဲ့ပတ်သက်ပြီး အဆုံးသတ်ဖို့ ဒီလိုပြောတာဟာ ရှေ့နောက်မညီဘဲ စစ်ပွဲကို အရှိန်မြှင့်ဖို့အတွက် ပြင်ဆင်ချိန်ယူတာအဖြစ် အများစုက ယူဆထားကြပါတယ်။ဒီစစ်ပွဲဟာ အဆုံးသတ်ဖို့မလွယ်အောင်ရှည်လျားဖို့ အလားအလာများနေတာက အမှန်ပါပဲ။ဒီရက်သတ္တပတ်မှာ ယူကရိန်းသမ္မတ ဇီလင်စကီးက အမေရိကန်ကို သွားရောက်ခဲ့ပါတယ်။ဒီခရီးစဉ်မှာ အမေရိကန်ဘက်က ယူကရိန်းဘက်မှာ ဆက်လက်ရပ်တည်မယ်ဆိုတာကို ကတိပေးခဲ့သလို အကူအညီ ဘီလီယံပေါင်းများစွာပေးမယ်ဆိုတဲ့ ကတိတွေလည်း ရရှိခဲ့ပါတယ်။ရုရှားရဲ့ ကျူးကျော်စစ် စပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ်သွားတဲ့ ဒီခရီးစဉ်မှာ ဇီလင်စကီးကို ဘိုင်ဒင်က အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းကနေ ကြိုဆိုတွေ့ဆုံခဲ့သလို အထက်၊ အောက် လွှတ်တော်နှစ်ရပ်စလုံးရှေ့မှာ မိန့်ခွန်းပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

ဝါရှင်တန်ကို ၁၀ နာရီကြာသွားခဲ့တဲ့ ဒီခရီးစဉ်မှာ ဇီလင်စကီးဟာ လက်နက်သစ်နှင့်ကိရိယာ ဒေါ်လာ ၂ ဘီလီယံနီးပါးဖိုးနှင့် လာမည့်နှစ်အတွက် အကူအညီ ဒေါ်လာ ၅၀ ဘီလီယံနီးပါးပေးမည့် အလားအလာရှိသော ကတိကို ကွန်ဂရက်ကနေ ရခဲ့ပါတယ်။ဒီဇင်ဘာ ၂၁ ရက်ကတည်းက ဘိုင်ဒင်က ပက်ထရီရော့ လေကြောင်းကာကွယ်ရေးစနစ်များပေးရန် ကတိပြုထားပေမယ့် တင့်ကားနှင့် တာဝေးပစ် ဒုံးကျည်များပေးရန်ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီက ယူကရိန်းတောင်းသမျှ မပေးပေမယ့် လိုအပ်သမျှပေးမယ်ဆိုတဲ့အတွက် ဒါဟာ ရုရှားအတွက် အတော်လေးကိုခက်ခဲလာမယ့် အနေအထားပါပဲ။  

လက်ရှိမှာ ရုရှားရင်ဆိုင်နေရတာ တစ်ကမ္ဘာလုံးနဲ့ ဖြစ်နေရသလိုပါပဲ။အီးယူနဲ့ စွမ်းအင်စစ်ပွဲက ပြင်းထန်နေသလို ဒီတစ်ပတ်မှာ အီးယူက ဓာတ်ငွေ့စျေးနှုန်းကို စတင်ကန့်သတ်ခဲ့ပါတယ်။ရုရှားက အီးယူက ကန့်သတ်တဲ့ ရေနံစျေးနှုန်းသတ်မှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရေနံထုတ်လုပ်မှုကို လျှော့ချမယ်ဆိုပြီး ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။အီးယူက ဒီတစ်ပတ်မှာ ယူကရိန်းကို လာမည့်နှစ်အတွက် ဒေါ်လာ ၂၃ ဘီလီယံ ထောက်ပံ့မယ် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ရုရှားအနေနဲ့ အမေရိကန်နဲ့ နေတိုးက ယူကရိန်းနောက်ကနေ အတောမသတ်နိုင်အောင် ထောက်ပံ့ပေးမှုတွေကြောင့် ယူကရိန်းကို သိမ်းပိုက်နိုင်ဖို့ မသေချာတော့တဲ့အပြင် သိမ်းထားတဲ့ ဒေသ ၄ ခုကို ပြန်လက်လွှတ်ရဖို့ များနေပါပြီ။ဒါကြောင့်လည်း ကရင်မလင်ကနေ ဒီတစ်ပတ်မှာ အမေရိကန်နဲ့ သွယ်၀ိုက်ပြီး စစ်ဖြစ်နေတာဆိုပြီး ပြောခဲ့တာပါ။ဒါဟာ ဇီလင်စကီး အိမ်ဖြူတော်လာတာကို ကြိုဆိုတာကို ပြောတာဖြစ်ပေမယ့် တကယ်က ယူကရိန်းနောက်မှာ အမေရိကန်နဲ့ မဟာမိတ်တွေ တောင့်ခံပေးထားလို့ မခံချိမခံသာထွက်လာတဲ့ စကားမျိုးပါပဲ။

ယူကရိန်းစစ်ကို အဆုံးသတ်ဖို့ စကားလှလှပြောတဲ့ ပူတင်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ လာမည့်နှစ်ဆန်းမှာ မြင်ရဖို့များပါတယ်။ယူကရိန်းနဲ့ အမေရိကန် မဟာမိတ်တွေကတော့ ဒီအတွက်ပြင်ဆင်မှုတွေလုပ်နေလို့ ပူတင်ရဲ့ မဟာဗျူဟာ အလုပ်ဖြစ်၊ မဖြစ် တွေ့ရမှာဖြစ်ပြီး ဒါဟာ စစ်ပွဲရဲ့အဆုံးသတ်ဖြစ်သွားဖို့ များနေပါတယ်။

          ကမ္ဘာကိုရိုက်ခတ်တဲ့ အမေရိကန်ရဲ့ ဘတ်ဂျက်သစ်

ဒီတစ်ပတ်မှာ အမေရိကန်သမ္မတ ဘိုင်ဒင်က လာမယ့် ၂၀၂၃ ခုနှစ်အတွက်  အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ဥပဒေ (NDAA) ပါဝင်တဲ့ အမေရိကန်အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို  ဒီဇင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်ဒေါ်လာ ၁.၇ ထရီလီယံရှိတဲ့ ဒီဥပဒေမှာ ကာကွယ်ရေးဆိုင်ရာ ၂၀၂၃ ခုနှစ်အတွက် ဒေါ်လာ ၈၅၈ ဘီလျံ သုံးစွဲမှာဖြစ်ပြီး ဒီထဲမှာ ယူကရိန်းအတွက် ဒေါ်လာ ၄၅ ဘီလီယံအထိ ထည့်သွင်းထားပါ တယ်။ဒါ့အပြင် ထိုင်ဝမ်၊ မြောက်ကိုရီးယား၊ အီရန်နဲ့ မြန်မာနိုင်ငံတွေအတွက် သီးသန့်ထောက်ပံ့ပေးမယ့် သတ်မှတ်ပြဋ္ဌာန်းမှုတွေလည်း ပါဝင်ပါတယ်။ကာကွယ်ရေးမှာ မူလတင်ထားတာထက် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ ပိုသတ်မှတ်ပေးထားတဲ့ ဒီအသုံးစရိတ်ဥပဒေဟာ ရုရှား၊တရုတ်နဲ့ သက်ဆိုင်ရာနိုင်ငံတွေအတွက် သတိထားရမယ့် ပြဋ္ဌာန်းမှုတွေပါပဲ။  

အထူးသဖြင့် ဒီအသုံးစရိတ်ဥပဒေကြောင့် ယူကရိန်းဘက်က ဆက်လက်ရပ်တည်မယ့် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ သဘောထားကို ပြသနေပြီး ကြာရှည်မှာ ရုရှားအတွက် အဘက်ဘက်က ထိခိုက်လာဖို့ရှိနေပါတယ်။တရုတ်ကတော့ ထိုင်ဝမ်ကို ထောက်ပံ့ပေးဖို့ပါတဲ့ ဒီဥပဒေကြမ်းကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ဒီဇင်ဘာ ၂၄ ရက်ကလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူက ဒီဥပဒေဟာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာကို သတိပြုမိတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ပြည်ပဝင်ရောက်စွက်ဖက်မှုကို သည်းခံမှာမဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။ဒီဥပဒေဟာ တရုတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ နိုင်ငံရေးရန်စမှုဖြစ်တယ်လို့ပြောခဲ့ပြီး တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။  

မကြာခင်က ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးစစ်ရေးတည်ဆောက်မှုအစီအစဉ်ပါဝင်တဲ့ ဘတ်ဂျတ်အသစ်ကို ပြဋ္ဌာန်းလို့ အာရှ-ပစိဖိတ်ဒေသအတွင်း စစ်ရေးအားပြိုင်မှုတွေ မြင့်တက်လာဖွယ်ရှိနေတဲ့အချိန်မှာ အမေရိကန်ရဲ့ (NDAA) က ဆက်အရှိန်တွန်းတင်သလိုဖြစ်ခဲ့ပါတယ်။လက်ရှိမှာ အဆိုပါဒေသတွင်း ကိုဗစ်ကူးစက်မှုက အရှိန်မြင့်တက်နေသလို ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီနဲ့ စားနပ်ရိက္ခာကျပ်တည်းမှုတွေ ဖြစ်နေပါတယ်။

လက်ရှိအခြေအနေအတိုင်းဆိုရင် လာမည့် ၂၀၂၃ ခုနှစ်ဟာ ရှောင်လွှဲဖယ်လို့မရတဲ့ စစ်ပွဲကြီးတွေကို မြင်တွေ့ရဖို့များနေပါတယ်။မြောက်ကိုရီးယားကလည်း ဒုံးကျည်ပစ်လွှတ်မှုတွေ (ICBM) လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ ပစ်လွှတ်တာတွေအထိ ဖြစ်လာနေတဲ့အတွက် ဒါဟာလည်း ဒေသတွင်းစိုးရိမ်စရာအခင်းအကျင်းတွေပါပဲ။ကာကွယ်ရေးနဲ့ စစ်ရေးတည်ဆောက်မှုတွေအတွင်း အမေရိကန်နဲ့ မဟာမိတ်တွေဘက်က အသုံးစရိတ်တွေ တိုးမြှင့်ချထားလိုက်ပြီဖြစ်လို့ ရှေ့လျှောက် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်