【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 အာရှ-ပစိဖိတ် စစ်ရေးတည်ဆောက်မှု စိုးရိမ်ဖွယ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 အာရှ-ပစိဖိတ် စစ်ရေးတည်ဆောက်မှု စိုးရိမ်ဖွယ်

ယူကရိန်းစစ်ပွဲသတင်းတွေနဲ့ ချည်းဘဲ ရက်သတ္တပတ်ပေါင်းများစွာ ကြီးစိုးနေခဲ့တဲ့ နိုင်ငံတကာသတင်းတွေ မှာ ယခုတစ်ပတ် ဂျပန်က ဒေါ်လာ ဘီလီယံ ၃၂၀ သုံးမယ် စစ်လက်နက်တည်ဆောက်မယ့်သတင်းကြောင့် အာရှ-ပစိဖိတ်ဒေသမှာ မသေချာသေးတဲ့ စစ်ရေးဆိုင်ရာ ပြိုင်ဆိုင်မှုကတရား ဝင် စတင်ခဲ့ပြီ ဖြစ်ပါတယ်။ဒါ့အပြင် ဒီတစ်ပတ်ထဲမှာဘဲ တရုတ်ဘက်က ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ရေလက်ကြားကို တရုတ်ရေတပ်သင်္ဘောတွေ ဖြတ်သန်းဝင်ရောက်ခဲ့ပါတယ်။ ကာလရှည်ကြာတင်းမာခဲ့ပြီး မကြာသေးမီ နှစ်က ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ အိန္ဒိယနဲ့ တရုတ်နယ်စပ်ပြဿနာက ယခုတစ်ပတ်မှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ အချင်းများခဲ့လို့ အချိန်မီ ထိန်းသိမ်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အာရှက နျူကလီးယားနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်မှာ အာဖဂန်နယ်ခြားစောင့်တပ်တွေက လက်နက်တွေနဲ့ ပစ်ခဲ့လို့ ပါကစ္စတန်ဘက်မှအသေအပျောက်များခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါတွေက အာရှဒေသမှာဖြစ်ခဲ့တဲ့ စစ်ရေးဆိုင်ရာသတင်းတွေချည်းပါဘဲ။
ဒီတစ်ပတ်မှာ အာရှစစ်ရေးအပြိုင်အဆိုင်တည်ဆောက်မှုကနေ ဘာတွေဖြစ် လာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာမို့လို့ နိုင်ငံတကာသုံးသပ်မှုနဲ့ အတူ ဒီသတင်းကိုသာ အလေးထားဖော်ပြချင်ပါတယ်။
မြောက်ကိုရီးယားက စစ်ရေးတည်ဆောက်မှုဖြစ်စေတဲ့ အစလား
ဒီဇင်ဘာ ၁၆ ရက်မှာ ဂျပန်အစိုးရက ဒေါ်လာ ၃၂၀ ဘီလီယံရှိတဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကြီးမားတဲ့ ကာကွယ်ရေးအသုံး စရိတ်ဟာ ဂျပန်နိုင်ငံအတွက် ဒုတိယကမ္ဘာ့စစ်အပြီး အကြီးမားဆုံး ကာကွယ် ရေးအသုံးစရိတ်ဖြစ်သလို ဒီဘတ်ဂျက်အသုံးစရိတ်နဲ့ ဂျပန်ကာကွယ်ရေးအနေ အထားကို ပြန်လည်ပုံဖော်မှာဖြစ်လို့ အနုမြူဗုံးဒဏ်ကို ခံရတဲ့ ပြည်သူတွေက အသုံးစရိတ်တိုးမြှင့်မကြေညာမီ ဒီဇင်ဘာ ၁၅ ရက်မှာ ရာနဲ့ချီတဲ့ ဂျပန်ပြည်သူတွေက တိုကျိုမှာ ဆန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။
ဂျပန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ရာမှာ အဓိကအားဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုတွေကနေ ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုအထိ၊ ဒေသတွင်း တရုတ်၏ မြင့်တက်နေသည့် စစ်အင်အားနှင့် အရှိန်အဝါ ကြီးမားမှုများအပေါ် စိုးရိမ်ထိတ်လန့်မှုများ၏ ရလဒ်အနေဖြင့် ယင်းကဲ့သို့ ကာကွယ်ရေး ဆိုင်ရာမူဝါဒ အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အစောပိုင်းကတည်းက ဂျပန်ရဲ့ ကာကွယ်ရေးမူဝါဒက အပြောင်းအလဲရှိဖို့ သေချာနေတာပါ။ ဖူမီအို ကီရှီဒါအစိုးရ တက်လာကတည်းက နိုင်ငံ့ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၀၂၇ ခုနှစ်ကစပြီး သုံးစွဲဖို့ ကတိပြုခဲ့တာဖြစ်ပြီး ဒီပမာဏက နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် နဲ့ တစ်တန်းတည်းဖြစ်လို့ ဒေသတွင်းမှာ ဂျပန်ရဲ့ စစ်ရေးအင်အားတည်ဆောက်မှုက ဒေသတွင်းနိုင်ငံတွေ သတိထားစရာဖြစ်နေခဲ့တာပါ။
ဒီဇင်ဘာ ၁၆ ရက်က အတည်ပြုခဲ့တဲ့ အကြီးစားကာကွယ်ရေးမူဝါဒပြုပြင်ပြောင်းလဲမှုအရဆိုရင် အလှမ်းကွာဝေးသည့်နေရာများမှာ တည်ရှိတဲ့ ရန်သူဒုံးကျည်ပစ်လွှတ်သည့်နေရာတွေထိ တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်အသစ်တွေကိုပါ ရရှိဖို့ရှိနေလို့ ဒါဟာ ဂျပန်အတွက် ကြီးမားတဲ့ အပြောင်းအလဲပါဘဲ။ဒီလိုအပြောင်းအလဲဟာ တင်းမာမှုမြင့်တက်လာနေတဲ့ အာရှအရှေ့ဖျားဒေသနိုင်ငံတွေအကြား အပြိုင်အဆိုင်စစ်ရေးတည်ဆောက်မှုလမ်းကြောင်းပေါ်ကို ရောက်ဖို့ များနေ‌တဲ့ အနေအထားပါဘဲ။
ဒီဘက်နှစ်ပိုင်းမှာ အာရှဒေသဟာ ကမ္ဘာ့စစ်ရေးချိန်ခွင်လျှာမှာ အရေးပါတဲ့ ဒေသဖြစ်လာသလို စစ်ပွဲတွေ ၊တင်းမာမှုတွေနဲ့ မတည်မငြိမ်ဖြစ်လာတဲ့ ဒေသလည်း ဖြစ်လာပါတယ်။ ဂျပန်ဘက်က ဒီလို မူဝါဒပြင်ပြီးနောက်မှာ တရုတ်ရေတပ်စစ်သင်္ဘောအုပ်စုတစ်ခုက ဂျပန်တောင်ပိုင်း အော်ဆူမီရေလက်ကြားကနေ ဖြတ်သန်းပြီး ဂျပန်ရဲ့ စစ်လိုလားတဲ့လုပ်ရပ်ကို မလိုလားကြောင်း သတင်းစကားပေးပို့ခဲ့တယ်ဆိုပါတယ်။
လက်ရှိမှာ ဒီဒေသအတွင်း တင်းမာမှုတွေ ပြဿနာတွေ ရှိနေပါတယ်။ ဂယ်ဝမ်တောင်ကြားမှာ အိန္ဒိယ နဲ့ တရုတ်နယ်စပ်တပ်ဖွဲ့တွေကြား ခိုက်ရန်ဖြစ်ပွားမှုရှိလို့ နှစ်ဖက်လုံးထိခိုက်မှုတွေရှိပေမယ့် အချိန်မီထိန်းသိမ်းခဲ့လို့ အခြေအနေ အဆိုးဝါးဆုံးမဖြစ်ခဲ့ပါဘူး။ အိန္ဒိယဆိုလဲ ဒီတစ်ပတ်မှာ နျူကလီးယားထိပ်ဖူးပါ ‌သယ် ဆောင်နိုင်တဲ့ AGNI-5 ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အာရှ အရှေ့ဖျားဒေသဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်း ဆီကိုဦးတည်ပြီး ပဲ့ထိန်းဒုံးကျည် နှစ်စင်းနဲ့ ပစ်လွှတ်ခဲ့တာရှိခဲ့ပါတယ်။ ဆိုရရင် ဒီဒေသတွင်း စစ်ရေးပြိုင်ဆိုင်မှုနဲ့ မတည် ငြိမ်မှုဟာ ဂျပန်ရဲ့ ကာကွယ်ရေးပေါ်လစီ အသစ်ကြောင့် ပိုပြီး ပြိုင်ဆိုင်မှုများလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အထိနာနေတဲ့ ရုရှား နောက်ဆုံးထိုးစစ်ပြင်ပြီလား
မြေပြင်စစ်ပွဲမှာ ထင်သလို ရလဒ်မထွက်ခဲ့တဲ့ ရုရှားဟာ အခုဆောင်းရာသီအပြီးမှာ ယူကရိန်းကို ထိုးစစ်ကြီးတစ်ခု စတင်ဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ပြင်းထန်တဲ့ အအေးဒဏ်ကို လက်နက်အဖြစ် သုံးဖို့ ဒုံးကျည်တွေ ၊အီရန်လုပ်ဒရုန်းတွေသုံးပြီး ယူကရိန်းရဲ့ စွမ်းအင်နဲ့ ဓာတ် အားလိုင်းစနစ်တွေ ဖြိုလှဲနေခဲ့ပါတယ်။ ဒီလိုအရပ်ဘက်ပစ်မှတ်တွေကို ဖျက် ဆီးမှုကြောင့် ယူကရိန်းဘက်မှာ ရေနဲ့လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ အထိဖြစ်ခဲ့လို့ နိုင်ငံတကာက ကူညီခဲ့ရပါတယ်။ ဒီလိုအရပ်ဘက်ပစ်မှတ်တွေကို တိုက်နေတာဟာ အအေးဒဏ်ကို ယူကရိန်း ပြည်သူတွေ ခံစားလာရရင် ရုရှားကိုအညံ့ခံလာစေဖို့ပါဘဲ။
သီတင်းပတ်အနည်းငယ်အတွင်း ပထမအကြိမ်အဖြစ် ကိယက်ဗ့်ကို ထပ်ပြီး အီရန်လုပ်ဒရုန်းတွေနဲ့ ထပ်တိုက်ခဲ့တာမှာ နေတိုးအုပ်စုက ထောက်ပံ့ထားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေလက်ချက်နဲ့ ပစ်ချခံခဲ့ရပါတယ်။ ကိယက်ဗ့်က ရုရှားကပစ်လွှတ်တဲ့ ဒရုန်း ၁၃ စင်းအထိတောင် ပစ်ချခဲ့တာပါ။ ယူကရိန်းအတွက်တော့ ဒါက အောင်ပွဲပါဘဲ။
ဒီလိုအခြေအနေမှာ ရုရှားအတွက် နောက်ထပ် ဆိုးဝါးတဲ့ သတင်းကတော့ ယူကရိန်းကို အမေရိကန်က ပက်ထရီယော့ ဒုံးကျည်တွေပေးဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းပါဘဲ။ အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦး ပြောစကားကို ကိုးကားပြီး သတင်းဖော်ပြမှုတွေရှိခဲ့ပေမယ့် အမေရိကန်သမ္မတဘိုင်ဒင်ဘက်ကတော့ ထုတ်ပြန်တာမရှိသေးသလို ယနေ့ထိ အတိအကျဖော်ပြတာတော့ မတွေ့ရသေးပါဘူး။
ပက်ထရီယော့ ဒုံးကျည်သာ ယူကရိန်းအသုံးပြုခွင့်ရခဲ့မယ်ဆိုရင် စစ်ရေးအခြေအနေက သိသိသာသာကြီးကို ပြောင်းလဲသွားနိုင်တဲ့အထိ သက်ရောက်နိုင်ပါတယ်။ ပက်ထရီယော့ ဒုံးခွင်းဒုံးတွေဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းအ
မြင့်ဆုံး လေကြောင်းကာကွယ်ရေးစနစ်တွေဖြစ်ပြီး ယူကရိန်းကို အရေအတွက်အကန့်အသတ်နဲ့သာ တင်ပို့နိုင်ဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။ ရုရှား သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကတော့ ယူကရိန်းကို အဲဒီ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ပေးပို့ခဲ့ရင် စစ်ပွဲကို ပိုဆိုးအောင်လုပ်တာလို့ မှတ်ယူမယ်ဆိုပြီး နေတိုးကို ပြောခဲ့ပါတယ်။ ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်စနစ်မရောက်သေးပေမယ့် ရုရှားဘက်က နေတိုးနဲ့ အမေရိကန်ကို သတိပေးမှုတွေ ဆက်တိုက်လုပ်ခဲ့တာကိုတွေ့ရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က လုပ်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်အားလုံးဟာ ရုရှားတပ်ဖွဲ့တွေအတွက် တရားဝင်ပစ်မှတ်တွေဖြစ်ပြီး အဲဒီ လက်နက်တွေဟာ ဖျက်ဆီးခံရမှာ ဒါမှမဟုတ် သိမ်းယူသွားမှာလို့ ပြောခဲ့ပါတယ်။
ရုရှားဘယ်လို ခြိမ်းခြောက်ခြိမ်းခြောက် အမေရိကန်နဲ့ နေတိုးအဖွဲ၊အီးယူနိုင်ငံတွေကတော့ ယူကရိန်းကို အကူအညီတွေ တိုးမြှင့်ပေးဖို့သာ ကြိုးစားနေပါတယ်။ တနင်္လာနေ့က လုပ်တဲ့ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြား ရေးဝန်ကြီးအစည်းအဝေးမှာ လက်နက်ဝယ်ယူဖို့ ဒေါ်လာ ၂.၁ ဘီလီယံကူညီပေးမယ့် အဆိုပြုချက်နဲ့အတူ ရုရှားရဲ့ကာကွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေအပြင် အစိုးရတာဝန်ရှိသူတွေကိုပါ ၉ သုတ်မြောက်အဖြစ် အရေးယူဖို့ စဉ်းစားခဲ့ကြတယ်ဆိုပါတယ်။ အင်္ဂါနေ့မှာ ပြင်သစ်က ကမကထပြုပြီး ရုရှားက တိုက်ခိုက်နေတာကို ခံနိုင်အောင် ယူကရိန်းကို အကူအညီပေးမယ့် နိုင်ငံတကာအလှူရှင်တွေရဲ့ ညီ လာခံတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲသတင်းနဲ့ ပတ်သက်ပြီးနောက်ဆုံးထွက်လာတဲ့ သတင်းကတော့ ရုရှားက တပ်ဖွဲ့ဝင် နှစ်သိန်းစုစည်းပြီး ယူကရိန်းကို နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့သတင်းပါဘဲ။ ဒီသတင်းကို ယူက ရိန်းကာကွယ်ရေးဦးစီးချုပ်က အီကိုနောမစ် မဂ္ဂှဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး သတင်းတွေအရ အဲဒီ တပ်ဖွဲ့ဝင်တွေအတွက် လက်နက်တွေ စုဆောင်းနေတဲ့ သတင်းတွေလည်း ထွက်နေတယ်ဆိုပါတယ်။ ဒီသတင်းနဲ့ ဆက်စပ်နေတာက အခုရက်ပိုင်းမှာ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ယူကရိန်းနယ်စပ်မှာ ရှိတဲ့ ဘီလာရုစ် တပ်တွေ ရုတ်တရက်ထိုးစစ်အတွက် ပြင်ဆင်နေတာကို သွားကြည်တဲ့ သတင်းပါဘဲ။ပူတင်ကတော့ နျူကလီးယားလက်နက်သုံးနိုင်ချေကို ယခုထိ မစွန့်လွှတ်သေးပါဘူး။ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကတော့ ယူကရိန်းလည်း ကြီးမားတဲ့စစ် ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုပါတယ်။ ယူကရိန်းဘက်က ရပ်တည်နေတဲ့ နေတိုးအဖွဲ့ကတော့ ဒီရက်ပိုင်း ဒီဇင်ဘာ ၁၄ ရက်မှာ အရှေ့ဥရောပရဲ့ မဟာ ဗျူဟာကျတဲ့ ပိုလန်အရှေ့ မြောက်ပိုင်းမှာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ လက်ရှိမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ရုရှားက နေတိုးကို ပစ်မှတ်အဖြစ်ထားတဲ့အတွက် ဆွေးနွေးဖို့ဆိုတာ ဖြစ်မလာနိုင်ဘူးလို့ ပယ်ချခဲ့သလို ယူကရိန်းကို မကျူးကျော်ခင် နေတိုးနဲ့ အမေရိကန်ကိုတောင်းဆိုခဲ့တဲအတိုင်း ယခုမမျှော်လင့်ထားဖို့ သမ္မတဟောင်း မက်ဗီဒက်က ပြောခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ နေတိုးအဖွဲနဲ့ ရုရှားတိုက်ရိုက်စစ်ဖြစ် လာနိုင်ချေကမြင့်တက်နေသလို ဆောင်းရာသီမှာ ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ အကျပ်ကိုင်မှုကို ကြံကြံခံနိုင်အောင် ကြိုးပမ်းနေတာမို့ လာမယ့်နွေဦးရာသီက ပြင်းထန်တဲ့ စစ်ပွဲကြီးကိုတွေ့ရဖို့ များနေပြီ ဖြစ်ပါတယ်။
ယခုတစ်ပတ်အာရှ စစ်ရေးတည်ဆောက်မှုသတင်းတွေအပြင် တခြားထူးခြားတဲ့ နိုင်ငံတကာသတင်းတွေ လည်းရှိခဲ့ပါတယ်။ ဒါက စွမ်းအင်နဲ့ လူနေမှုစရိတ်တွေမြင့်တက်လာနေလို့ ဘယ်လ်ဂျီယံနိုင်ငံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွား နေတဲ့သတင်း၊ မက္ကဆီကိုမှာအစိုးရကိုဝေဖန်တဲ့ ရုပ်သံသတင်းကြေညာသူကို တိုက် ခိုက်ခဲ့တဲ့အပေါ် သမ္မတက ရှုတ်ချခဲ့တဲ့သတင်း၊ဂျော်ဒန်မှာ လောင်စာဆီစျေးနူန်းကြီးမြင့်လို့ ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ သတင်း၊မလေးရှားမှာ အပန်းဖြေအခြေချစခန်းတစ်ခုမြေပြိုလို့ သေဆုံးသူ ၂၄ ဦးနဲ့ ၉ဦးပျောက်ဆုံးနေတဲ့ သတင်း၊ ဂျာမနီနိုင်ငံမှာ ဆလင်ဒါ ဖန်ငါးလှောင်ကန် ပေါက်ကွဲခဲ့တဲ့သတင်း၊တူရကီမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို ထောင်ချခဲ့တဲ့အပေါ် ဆန္ဒ ပြကြတဲ့သတင်း၊ ကွန်ဂိုမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲတဲ့သတင်း၊ ဆိုမာလီယာမှာ ငတ်မွတ်မှုကြောင့် လူပေါင်းခုနှစ်သိန်းခန့် သေဆုံးဖွယ်ရှိနေတဲ့သတင်းစတဲ့ သတင်းတွေလည်း ရှိခဲ့တဲ့ဆိုတဲ့ အကြောင်း ဖော်ပြရင်း ယခုတစ်ပတ်နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။
မင်းထက်