【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ရုရှားရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ခြေရာ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ရုရှားရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ခြေရာ

ယခုရက်သတ္တပတ်သတင်းတွေထဲက သတိထားမိတဲ့ သတင်းတွေများစွာလည်းရှိနေခဲ့ပါတယ်။ ဒီထဲမှာ ယူကရိန်းဆိုင်ရာသတင်းတွေက ထိပ်ဆုံးကနေ ရှိနေခဲ့တာပါ။ ယူကရိန်းကို ရုရှားက မတရားကျူးကျော်တာ ရက် ကနေ လ ကို ကူးလာခဲ့တဲ့ အချိန်မှာ စစ်ရေးကပြောင်းလဲလာသလို အခြေအနေတွေကလည်း ပြောင်းလဲလာနေပါတယ်။  စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တွေ ဆက်ဖြစ်နေသလို ကျူးကျော်မှုကို စခဲ့တဲ့ ပူတင်အဖို့ ဆက်ပြီး အမှားတွေ ဆက်ပြီး ကျူးလွန်နေရာမှာ ဆိုးဝါးတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ထားတာကို ဘူချာမြို့မှာ တွေ့လာနေရတဲ့အတွက် ရုရှားကျူးကျော်စစ်ဟာ အနောက်အုပ်စုပါဝင်လာဖို့ များနေပါတယ်။

ယခုရက်ထဲ စိတ်ဝင်စားစရာ သတင်းကောင်းတွေဖြစ်တဲ့ အမေရိကန်မှာ ဆေးခြောက်တရားဝင်သုံးစွဲဖို့ အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့သတင်း၊ အဇာဘိုင်ဂျန်မြို့တော်က နိုက်ကလပ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်လို့ လူအသေအပျောက်ရှိတဲ့ သတင်း၊ ယီမင်မှာ နှစ်လကြာအပစ်ခတ်ရပ်စဲရေးစတင်လာတဲ့သတင်း၊ ဘူကီနာဖိုဆိုမှာ ရွှေတွင်းအတိုက်ခိုက်ခံရလို့ လူ၂၀ ခန့်သေဆုံးခဲ့တဲ့သတင်း၊ ပါကစ္စတန်မှာ နိုင်ငံရေးအကျပ်အတည်းကြောင့် ဝန်ကြီးချုပ်ဖြုတ်ချဖို့ ကြိုးစားတာမအောင်မြင်ခဲ့တဲ့သတင်း၊ သီရိလင်္ကာမှာ  နိုင်ငံရေးအကျပ်အတည်းနက်ရှိုင်းလာလို့ ဝန်ကြီးတွေအစုလိုက်အပြုံလိုက်နုတ်ထွက်သွားတဲ့သတင်း၊ ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းမှုအတွင်း ရွှံ့မြေ ပြိုမှုများကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ရတဲ့သတင်းတွေလို သတင်းတွေက အဆိုပါ ဘူချာအစုလိုက်အပြုံလိုက် သတ် ဖြတ်မှုသတင်းတွေနဲ့ ရေနံသဘာ၀ဓာတ်ငွေ့ဝယ်ယူခွင့်ကို ရှုဘယ်လ်နဲ့ ပေးချေဖို့ သတ်မှတ်တဲ့ ရုရှားကြောင့် ဖြစ်လာနိုင်တဲ့ နိုင်ငံရေးစစ်ပွဲသတင်းတွေကြောင့် စိတ်ဝင်စားမှုနည်းခဲ့ရပါတယ်။

 

ကြောက်မက်ဖွယ် အရပ်သားများအပေါ် သတ်ဖြတ်မှု

 

ကိယက်ဗ့်နှင့် အနီးတစ်၀ိုက်ကနေ ကျူးကျော်သူ ရုရှားတပ်တွေ ဆုတ်ခွာပြီးနောက်မှာ ထိတ်လန့်ဖွယ် ရက်စက်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီထဲမှာ အဆိုးဝါးဆုံးပေါ်ထွက်လာတာက ရုရှားဘက်က ဝင်တိုက်ပေးတဲ့ ချေချင်းတိုက်ခိုက်ရေးသမားတွေ ဧရိယာတစ်ခုလုံး ထိန်းချုပ်တဲ့ ဘူချာမြို့ပါဘဲ။ ရုရှားတပ်တွေ ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတဲ့ လူ ၂၅၀ ကို မြှုပ်နှံထားတဲ့ ကျွင်းတွေ၊မြို့ထဲက လမ်းတွေမှာ ပြန့်ကြဲ နေတဲ့ သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကြောင့် ရုရှားတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားစဉ် ကာလ အ တွင်း ဘယ်လောက်တောင် ရက်စက်ခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတ်ဖြတ်ခံရတဲ့ အလောင်းတွေက အရပ်သားတွေ ဖြစ်နေတဲ့အတွက် အရပ်သားတွေအပေါ် သတ်ဖြတ်တဲ့ ရုရှား ကျူးကျော်တပ်တွေရဲ့ လုပ်ရပ်က စစ်ရာဇဝတ်မှုကို ဘယ်လောက်တောင် ကျူးလွန်ခဲ့သလဲဆိုတာ မတွေးဝံ့စရာပါ။

ဒီလို ဖြစ်ရပ်ဟာ ဘူချာမြို့တစ်ခုတည်းမဟုတ်ပါဘူး။ ရုရှားလက်အောက်ကနေ လွတ်မြောက်လာတဲ့ အာပင်းနှင့် ဟိုစတိုမယ်မြို့များမှာပါ ဖြစ်ခဲ့တာပါ။ ဒီလိုသတ်ဖြတ်ထားတာကို တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတွေဆိုရင် စကားမပြောနိုင်လောက်အောင် တုန်လှုပ်ချောက် ချားနေတယ်ဆိုပါတယ်။ သံစည်ပိုင်းထဲ ထည့်ပြီး ပစ်သတ်ထားတဲ့ ပုံဟာ အတော်လေးထိတ်လန့်တုန်လှုပ်စရာပါ။ ရုရှားဘက်ကတော့ ထုံးစံအတိုင်း ငြင်းဆန်ပြီး အနောက်မီဒီယာတွေက လုပ်ကြံဖော်ပြတာ၊ ရုရှားကိုထပ်ရန်စတယ်ဆိုပြီး တန်ပြန်စွပ်စွဲခဲ့ပါတယ်။ ရာစုနှစ်အတွင်း အဆိုးဝါးဆုံးစစ်ရာဇဝတ်မှု ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဘူချာမြို့က အနိဋ္ဌာရုံတွေကြောင့် နိုင်ငံတကာက ရုရှားအပေါ်တုံ့ပြန်မှုတွေက ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။

ယူကရိန်းက ဘူချာဒေသကို နိုင်ငံတကာစစ်ရာဇဝတ်စုံစမ်းစစ်ဆေးရေးတွေ ဝင်ရောက်ဖို့အတွက် တောင်းဆိုခဲ့သလို ကုလအတွင်းရေးမှူးချုပ်ကလည်း လွတ်လပ်သောစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။  ဘူချာမြို့မှ တပ်ရုပ်သိမ်းချိန် ရုရှတပ်များက  အရပ်သား ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့တယ် ဆိုပေမယ့် အရေအတွက်က တိုးလာနိုင်ဆဲ အခြေအနေရှိနေပါတယ်။ လမ်းတွေ၊အိမ်တွေထဲမှာ အလောင်းတွေရှိနေပြီး မိုင်းတွေ ထောင်ထားတာတွေကြောင့် သေဆုံးသူအရေအတွက် ဒီထက်များနိုင်ပြီး မြို့ခံအတော်များများ ပျောက်ဆုံးနေတဲ့အတွက် ဘူချာမြို့မှာ ဘယ်လောက်ထိ အခြေအနေဆိုးခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးသူတွေ ဆက်လုပ်ရမယ့် တာဝန်ပါ။ ဒါကြောင့်လဲ ယူကရိန်းသမ္မတနဲ့ ဘူချာမြို့တော်ဝန်က နိုင်ငံတကာစစ်ဆေးရေးမှူး တွေ စောနိုင်သမျှ စောနိုင်သလောက် ဝင်ရောက်လာဖို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

ရုရှားတပ်တွေ ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်ခဲ့ရတဲ့အထိဖြစ်ရအောင် ဖိအားတွေ ဘယ်လောက် ထိများခဲ့သလဲဆိုတာလဲ စိတ်ဝင်စားစရာပါ။ ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး CNNနဲ့ လုပ်ခဲ့တဲ့အင်တာဗျူးမှာ ဘလင်ကန်က ရုရှားဟာ ဒီကျူးကျော်မှုမှာ ရည်မှန်းချက် ၃ ခု ကျဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘလင်ကန်ပြောတဲ့ အချက်သုံးချက်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းပြီး ရုရှား ဩဇာခံလုပ်ဖို့၊ ဒုတိယအချက်က  ရုရှားဩဇာအာဏာကို အခိုင်အမာတည်ဆောက်ဖို့ နဲ့ တတိယက အနောက် အုပ်စုနဲ့ နေတိုးကို ခွဲဖို့ဆိုတာပါ။ ဒီအချက်သုံးချက်စလုံး ရုရှားမရခဲ့ဘူးလို့ ဆိုပါတယ်။

ဘလင်ကန်က ရုရှားစစ်တပ်စွမ်းဆောင်ရည်နိမ့်ကျနေတာကို ပြောခဲ့ပြီး ရုရှားစီးပွားရေးဝဲထဲနစ်နေပြီ ဆိုတာကို ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ စနေနေ့မှာ ယူကရိန်းက ၎င်းမြို့တော် ကိယက်ဗ့်ကို အပြည့်အဝ ထိန်းချုပ်ထား နိုင်ပြီဆိုပြီး ပြောခဲ့ပါတယ်။ ဒါဟာ ဖေဖေါ်ဝါရီ ၂၄ ရက်က စခဲ့တဲ ရုရှားကျူးကျော်မှုမှာ ယူကရိန်းမြို့တော် ကိယက်ဗ့်ကို သိမ်းပိုက်ဖို့  သီတင်း ငါးပတ်ကျော်ကြာ ကြိုးပမ်းခဲ့မှု ကျရှုံးသွားခဲ့ပြီဆိုတာ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ရုရှားတပ်တွေ ခွဲထွက်ဒေသတွေဖြစ်တဲ့ ဒွန်ဘက်စ်ကိုသာ ဦးတည်မယ်ဆိုပေမယ့် ယူကရိန်းနိုင်ငံထဲကနေ မထွက်သေးဘဲ ပြန်အင်အားစုနေတယ်ဆိုပြီး အမေရိကန်ထောက်လှမ်းရေးတွေက သတိပေးမှုတွေ ရှိပါတယ်။ လက်ရှိအချိန်ထိတော့ ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရုရှားတွေ သိမ်းပိုက်ထားတဲ့ ဒေသတချို့ကို ပြန်လည်သိမ်းပိုက်နေပြီဖြစ်လို့ ရုရှားအတွက်တော့ ဆုတ်ခွာလို့ သိမ်းနိုင်တာပဲဖြစ်ဖြစ်၊ ခုခံမှုကြောင့်ဆုတ်ခွာရတာပဲ ဖြစ်ဖြစ် ရုရှားရဲ့ စစ်ရေးစွမ်းရည်ဟာ ထင်သလို မဟုတ်မှန်း ကမ္ဘာက သိသွားသလို လက်နက်မဲ့အရပ်သား တွေကို အနိုင်ကျင့်ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။

ယူကရိန်းမှာ အခြေမလှတဲ့အတွက် ကျူးကျော်စစ်ကြောင့် ဗလာဒီမာပူတင်သည် သီးခြား နေထိုင်နေပုံရပြီး ၎င်း၏အကြံပေးအချို့ကို နေအိမ်အကျယ်ချုပ်ချထားနိုင်တယ်လို့ အမေရိကန်သမ္မတဘိုင်ဒင်က မတ် ၃၁ ရက်က ပြောခဲ့တာရှိပါတယ်။ မှန်နိုင်ခြေများတဲ့ ဒီသတင်းအရသာဆိုရင် ပူတင်အတွက် သိပ်ကောင်းတဲ့ အခြေအနေ မဟုတ်ပါဘူး။ ယူကရိန်းနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးရာမှာလည်း တစ်ခေါက်နဲ့ တစ်ခေါက်မတူသလို ရုရှားဘက်က လေသံပျော့လာစပြုလာတာကို တွေ့ရပါတယ်။အနောက်အုပ်စုနဲ့ အမေရိကန်ကတော့ ရုရှားကို ရင်ဆိုင်ဖို့ ရုရှားနဲ့နယ်စပ်ခြင်းဆက်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ ပြင်ဆင်မှုတွေလုပ်ထားသလို ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွေ၊ တခြားဘဏ္ဍာရေးထောက်ပံ့မှုတွေကို လိုအပ်ချက်မရှိအောင် လုပ်နေတာကို တွေ့ရပါတယ်။

ရုရှားအတွက် ယူကရိန်းကို ထင်သလို မသိမ်းနိုင်တဲ့အပြင် သူဩဇာအာဏာပါကျဆင်းသွားနိုင်တဲ့ အခြေအနေရောက်နေပြီ လို့တွက်ဆလို့ရနေပါတယ်။ ဒါအပြင် ဘူချာမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့်  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်အချို့က ရုရှားသမ္မတ ဗလာဒီ မာပူတင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူဟု စွပ်စွဲခဲ့၊နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ တရားစွဲဆိုဖို့ စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေလို့ ဒါကိုလည်းရင်ဆိုင်ရဦးမှာပါ။ဒီအတွက် ပူတင် အဖို့ အာဏာလက်လွှတ်သာဆိုရင် အတော်လေးအထိနာဖို့ များနေတဲ့အတွက် ဒီယူကရိန်းစစ်ကို ပူတင်ဘယ်လိုအဆုံး သတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

 

ပူတင်ရဲ့နောက်ကစားကွက်

 

စစ်ရေးမှာ အခြေမလှသလို စီးပွားရေးကလည်း အနောက်အုပ်စုနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဝဲဂယက်ထဲနစ်နေသလိုအဖြစ်ကြုံနေရတဲ့ ရုရှားဟာ အနောက်ဥရောပကို ပို့လွှတ်နေတဲ့ သူရဲ့သဘာ၀ ဓာတ်ငွေ့ အတွက်အဖိုးအခကို ရုရှားငွေကြေး ရှုဘယ်နဲ့ မတ် ၃၁ ရက်က စကာပေးချေဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ပူတင်အနေနဲ့ ငွေကြေးတန်ဖိုးထိုးကျနေတဲ့ ရုရှားငွေကြေးစနစ်ကို ဖေဖေါ်ဝါရီ ၂၄ ရက်မတိုင်မီက တန်ဖိုးအတိုင်းရဖို့ လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ဖို့နဲ့ ပိတ်ဆို့မှုတွေကို မထိရောက်ဖို့အတွက် ပူတင်က ရုရှားသဘာဝဓာတ်ငွေ့များအတွက် မိတ်ဆွေမဟုတ်သော နိုင်ငံများမှ ပေးချေးမှုအားလုံးကို မတ်လ ၃၁ ရက်မှ စပြီး ပြောင်းလဲပေးချေဖို့ ရုရှားအစိုးရ၊ ဗဟိုဘဏ်နှင့် ဂက်စ်ပရွန်ဘဏ်တို့ကို ညွှန်ကြားခဲ့တာပါ။ ဒါပေမယ့် G-7 အပါအဝင် ရုရှားဆီကနေ သဘာ၀ဓာတ်ငွေ့ယူနေတဲ့နိုင်ငံတွေက စာချုပ်ပါအတိုင်း ယူရိုငွေကြေးနဲ့သာပေးချေမယ် လို့ဆိုတဲ့ အတွက် ဒီအငြင်းပွားမှုဟာ ရုရှားအပေါ် ကန့်သတ်ပိတ်ဆို့မှုကို ရှောင်ထွက်ရာမှာ အရေးပါတဲ့ လှည့်ကွက်ဖြစ်လာနိုင်မလားဆိုပြီး စောင့် ကြည့်စရာဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှုမှာ ဆော်ဒီအာရေဗျပြီးရင် ဒုတိယအများဆုံးထုတ်တဲ့ နိုင်ငံပါ။ ဒီလိုဖြစ်တဲ့အတွက် ဂျာမနီ၊ပြင်သစ်အပါအဝင် အနောက်ဥရောပရဲ့ စွမ်းအင်ထောက်ပံ့မှုမှာ ရုရှားက အဓိကထောက်ပံ့တဲ့နိုင်ငံဖြစ်တဲ့အတွက် ယူကရိန်းကို ကျူးကျော်မှုအတွက် ချမှတ်ခံရတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကို အာခံတဲ့အခါ ရုရှားက သူ့အားသာချက်ဖြစ်တဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကို ကိုင်ပြီး အနောက်အုပ်စုကို အကျပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုထိတော့ ဒီလို ရုရှားကိုင်ထားတဲ့ စွမ်းအင်ကစားကွက်က အလုပ်မဖြစ်သေး ပါဘူး။ 

 ဒီတစ်ပတ်ထဲမှာ ရုရှားရဲ့ ရှုဘယ်ငွေနဲ့ အကျပ်ကိုင်မှုကို ပယ်ချခဲ့ပြီးနောက်မှာ အနောက်အုပ်စုနဲ့ အမေရိကန်က ရုရှားသဘာ၀ဓာတ်ငွေ့တင်သွင်းမှီခိုရတာကို လျော့ချရဖို့အတွက် အရန်ရေနံကနေ တစ်ရက်ကို ရေနံစည် တစ်သန်းထိ ထုတ်သုံးဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ ပမာဏာအများဆုံး အမေရိကန်ရဲ့ အရန်ရေနံ ထုတ်သုံးမှုပါဘဲ။ အမေရိကန်လိုဘဲ အခြားအပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) ၏အဖွဲ့ဝင်နိုင်ငံတွေက မေလမှာ စတင်မယ့် ဒီအစီအစဉ်မှာ ပါဝင်တဲ့အတွက်  ရေနံစျေးက ထိုးကျသွားခဲ့ပါတယ်။ ၂ နှစ်အတွင်းအနိမ့်ဆုံးစျေးအထိကျတဲ့အတွက် ရုရှားကစားကွက်က အလုပ်ဖြစ်ဖို့ သိပ်မလွယ်တဲ့ အနေအထားပါ။ သတင်းတွေအရဆိုရင် ရုရှားနဲ့ ထိစပ်နေတဲ့ လစ်သူအေးနီးယား ရုရှားကနေ  ဓါတ်ငွေ့တင်သွင်းမှု လုံးဝရပ်ဆိုင်းလိုက်ပါတယ်။

ရုရှားအတွက် ဓာတ်ငွေ့ကို အလကားမပေးဘူးဆိုပေမယ့်  ဒီအတိုင်းထုတ်လုပ်မှုကို ရပ်လို့မရတဲ့အတွက် လေထဲ အလဟဿ မီးရှို့ထားနေရဖွယ်ရှိနေလို့ ဒီလိုတစ်ဘက်နဲ့ တစ်ဘက် ပိတ်ချမှုက ကမ္ဘာ့စွမ်းအင်စျေးကွက်ကို  ပြင်းပြင်းထန်ထန်ထိခိုက်စေမှာ ဖြစ်သလို ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တင်ပို့မှုအပေါ် အဓိက ထားနေရတဲ့ ရုရှားအတွက် အထိနာစေမှာဖြစ်ပါတယ်။ ရုရှားအခက်ဖြစ်နေတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ သပိတ်မှောက်ခံရမှုကို လောလောဆယ်မှာ အမြတ်ထုတ်နေတာက အိန္ဒိယဖြစ်ပြီး တစ်စည်ကို ၉၇ ဒေါ်လာကို ၃၇ ဒေါ်လာနဲ့ ဝယ်ခွင့်ရခဲ့ပါတယ်။ ဒီအခြေအနေကိုကြည့်ရင် ရုရှားကိုအောက်စျေးဝင်နှိုက်မယ့်နိုင်ငံတွေ နောက်ထပ်ရှိလာဖို့များနေသလို ဗင်နီဇွဲလား၊ အီရန်လို့ ရုရှားမဟာမိတ်တွေကလည်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့ ဒီစွမ်းအင်အကျပ်အတည်းကို အသုံးချဖို့ ပြင်နေတဲ့အတွက် ရုရှားရေနံနဲ့ သဘာ၀ဓာတ်ငွေ့စျေးကွက်က ပျက်စီးဖို့များနေပါတယ်။

ရှေ့လျှောက် ယူကရိန်းကိုဖျက်ဆီးခဲ့ပြီး အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ ရုရှားရဲ့ နိုင်ငံရေး၊စစ်ရေးနဲ့ စီးပွားရေးကျဆုံးမှုတွေကို ဆက်တိုက်မြင်ရဖွယ်ရှိနေပြီး  ထွက်ပေါက်ပိတ်နေတဲ့ရုရှားမှာ ခေါင်းဆောင် အပြောင်းအလဲဖြစ်လာမလား၊ဒါမှမဟုတ် နျူကလီးယားစစ်နဲ့ စစ်ဘောင်ချဲ့ပြီး တတိယကမ္ဘာစစ်ဆီ အနောက်နိုင်ငံတွေကို ပူတင်ရအောင်ခေါ်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မင်းထက်