【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】တတိယကမ္ဘာစစ်အတွက် ပြင်ကြပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】တတိယကမ္ဘာစစ်အတွက် ပြင်ကြပြီလား

ယခုတစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေကိုကြည့်ရင် ပဋိပက္ခတွေ၊ သဘာ၀ဘေးသတင်းတွေ၊ ကပ် ဘေးသတင်းတွေများနေတာကိုတွေ့ရပါတယ်။ ဥရောပမှာဆိုရင် ယူကရိန်းစစ်ပွဲဟာ ရပ်တန့်လို့ မရနိုင်အောင် ဖြစ်နေပြီး ပိုပြီးပြင်းထန်လာနိုင်နေတာကိုလည်း တွေ့ရပါတယ်။ စစ်ပွဲကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ ဥရောပမှာ အပူချိန်မြင့်တက်နေလို့ တောမီးလောင်တာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ တောမီးက စပိန်၊ ဂျာမနီ နဲ့ဥရောပ အနောက်ပိုင်းမှာ ပြင်းထန်နေပါတယ်။ဒီတစ်ပတ်မှာ ဥရောပရဲ့ နေရာဒေသတချို့မှာ နေ့အပူချိန် ၃၀ ဒီဂရီ ဆဲစီးယက်စ်ထိ ရှိလာခဲ့ပါတယ်။ ဒီလိုဥရောပမှာ တောမီးလောင်နေပေမယ့် တောင်အာရှဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာ မုတ်သုံမိုးကြောင့် ရေကြီးမှုတွေ အဆိုးရွားဆုံးဖြစ်နေလို့ လူသန်းနဲ့ချီပြီးရေဘေးဒုက္ခကြုံနေရတာ ရှိပါတယ်။ ကပ်ဘေးတစ်မျိုးဖြစ်တဲ့ ငလျင်ကလည်း နေ့စဉ်နီးပါးလှုပ်ခတ်နေတယ်ဆိုပေမယ့် ဒီတစ်ပတ်မှာ ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်တစ်ခု ဇွန် ၂၀ ရက် မနက်ပိုင်းကလှုပ်ခတ်ခဲ့ပြီး ယခုသတင်းသုံးသပ်ချက်ရေးတဲ့ အချိန်အထိ အသေအပျောက်သတင်းမသိရသေးပါဘူး။

နိုင်ငံရေးသတင်းတွေကိုကြည့်ရင် ဖိလစ်ပိုင်မှာ သမ္မတဒူတာတေးရဲ့သမီးဖြစ်သူ ဒုသမ္မတအဖြစ် ဇွန် ၁၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့တာ၊ ပြင်သစ်ပါလီမန်ရွေးကောက်ပွဲမှာ သမ္မတမက်ခရွန် အမတ်နေရာအများစုကို ဆုံးရှုံးခဲ့ရတာ၊ သီရိလင်္ကာမှာ လောင်စာဆီပြတ်လပ်မှုကြောင့် ဆီဖြန့်ဖြူးတဲ့နေရာမှာ အဓိကရုဏ်းဖြစ်လို့ ပစ်ခတ် ထိန်းသိမ်းခဲ့ရတာ ၊တရုတ်က တင်သွင်းလာတဲ့ကုန်စည်တွေအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ခွန် လျော့ချဖို့ အမေရိကန်က စဉ်းစားနေတာ၊  အိန္ဒိယမှာ စစ်သားစုဆောင်းရေးအစီအစဉ်ကြောင့် အဓိကရုဏ်းတွေ ဖြစ်နေတာ စတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။ သတင်းတွေအားလုံးက တစ်ခုနဲ့ တစ်ခုအဆက်အစပ်မရှိဘူးဆိုပေမယ့် သေချာကြည့်ရင် တစ်ခုဆီကို ဦးတည်ပြနေတာကိုတွေ့ရပါတယ်။ ဒါက ကမ္ဘာ့ဟာ ပိုပြီးကျပ်တည်းခက်ထန်မယ့် အခြေအနေ တစ်ခုကို ဦးတည်နေပြီဆိုတာပါပဲ။

ဒီတစ်ပတ်မှာ သတင်းအချို့က ထိတ်လန့်စရာပါ။ ဒါက နေတိုးလို့ခေါ်တဲ့ မြောက်အတ္တလန္တိတ်မဟာမိတ် စာချုပ်အဖွဲ့(NATO) အတွင်းရေးမှူးချုပ် စတိုလန်ဘတ်ချ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့က ယူကရိန်းစစ်ပွဲကြာရှည်နိုင်ချေရှိနေလို့ ပြင်ဆင်ထားဖို့ ပြောခဲ့တာနဲ့  ဗြိတိန်စစ်ဦးစီးချုပ်အသစ်က ဥရောပမှာ ဗြိတိန်တပ်ဖွဲ့ဝင်တွေ နောက်တစ်ကြိမ် စစ်ပွဲဆင်နွဲဖို့ ပြင်ဆင်ဖို့ ပြောခဲ့တာတွေပါ။ ဒီသတင်းတွေက အာရုံစိုက်သတိပြုစရာဖြစ်သလို လူတိုင်း တွေးနေတဲ့ တတိယကမ္ဘာ့စစ်ဆိုတာဟာ နီးမှန်းမသိနီးလာနေပြီလားဆိုတဲ့ စိတ်အာရုံကို ထင်မြင်မိစေတဲ့ အထိပါဘဲ။ ဒီတစ်ပတ်မှာ တခြားသောအကြောင်းအရာတွေရှိပေမယ့် ယူကရိန်းစစ်ပွဲကနေ ဥရောပစစ်ပွဲအထိ ကျယ်ပြန့်လာမလား၊ကမ္ဘာ့စစ်အထိ ဖြစ်လာနိုင်ချေရှိနေပြီလားဆိုတာ ကောက်နုတ်ဖော်ပြချင်ပါတယ်။   

ယူကရိန်းစစ်ပွဲလက်ရှိအခြေအနေ

ဖေဖေါ်ဝါရီ ၂၀ ရက်ကနေစတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲဟာ ယခုဆိုရင် ၅ လထဲရောက်လာနေပါပြီ။ စစ်ပွဲကြောင့် ယူကရိန်းကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ကလည်း ၇.၇ သန်းအထိ  ကြောက်ခမန်းလိလိ တိုးပွားလာနေသလို သေဆုံးသူအရေအတွက်ကလည်း လေးထောင်နီးပါး ရှိနေပါပြီ။ ဒီအရေအတွက် စာရင်းက ကောက်ယူလို့ရနိုင်သလောက်ဘဲဖြစ်ပြီး  တကယ်က ဒီထက်များနိုင်တယ်လို့ ကုလကိုယ်တိုင်နဲ့ ယူကရိန်းအာဏာပိုင်တွေက ပြောခဲ့တာရှိပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဆိုရင် ယူကရိန်းကို စစ်ရေးအကူအညီ တိုးပေးနိုင်‌ရေး ဆွေးနွေးဖို့အတွက်အစည်းအဝေးတစ်ရပ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဦးဆောင်ပြီး  နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင် ငံတွေနဲ့ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒီအစည်းအဝေးကို ဘရပ်ဆဲလ်မြို့ နေတိုး ဌာနချုပ်မှာ ကျင်းပနေတဲ့ နေတိုး ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ဆက်နွယ်ပြီး သီးခြားဆွေးနွေးတာဖြစ်ပြီး အင်တာနက်ကနေတစ်ဆင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ဆွေးနွေးတဲ့ ကိစ္စကတော့ ယူကရိန်းကတောင်းဆိုထားတဲ့ လက်နက်ကြီးတွေ ထောက်ပံ့ပေးဖို့ ပါ။လက်ရှိမှာ ယူကရိန်းကို အမေရိကန်၊ဗြိတိန် ၊ဂျာမနီ၊ပြင်သစ်နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက စစ်လက်နက်တွေ ထောက်ပံ့ပေးနေတာပါ။ဒါပေမယ့် ရုရှားက ဒွန်ဘက်စ်ဒေသက ဆီဗာရိုဒိုးနက်စ် မြို့မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ထိုးစစ်ဆင်ခဲ့တဲ့အတွက် ယူကရိန်းတပ်တွေ အထိနာခဲ့ရလို့ အနောက်နိုင်ငံတွေကနေ လက်နက်ကြီးရဖို့က အရေးပါလာပါတယ်။

ရုရှားတပ်တွေအဖို့ ယူကရိန်းကို ပြင်းပြင်းထန်ထန်စစ်ဆင်နွဲနေတယ်ဆိုပေမယ့် အောက်ခြေမှာ မြို့တစ်မြို့သိမ်းဖို့တောင် မလွယ်တဲ့ အနေထားပါ။ ယူကရိန်းတပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန်ခုခံနေတဲ့အတွက် ရုရှားတပ်တွေလည်းအထိနာနေပါတယ်။ အခြေအနေက ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာပြင်မှာ မတိုးသာမဆုတ်သာ အခြေအနေပါ။ အနောက်နိုင်ငံတွေဘက်က စစ်ရေးသုံးသပ်မှုတွေအရဆိုရင် ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မဟာဗျူဟာအားဖြင့် ရုရှားတပ်တွေ ရှုံးနိမ့်နေပြီး ကြီးကြီးမားမားအထိနာနေကာ ရုရှားစစ်တပ်အင်အားရဲ့ လေးပုံတစ်ပုံလောက် ပြုန်းတီးသွားပြီလို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ရဲ့ သုံးသပ်ချက် အရဆိုရင် ရုရှားတပ်တွေဟာ ယူကရိန်းမှာ အသေးအဖွဲ့အောင်မြင်မှုတွေအတွက် ရုရှားနိုင်ငံရဲ့ စစ်အင်အားလေးပုံတစ်ပုံကို အသုံးပြုပြီး သေတာ ဒဏ်ရာရတာ ငါးသောင်းလောက်ရှိကာ ရုရှားစစ်သားများနှင့် နည်းပညာမြင့် ဒုံးကျည်များ ကုန်ခမ်းခဲ့ရတယ်ဆိုပါတယ်။

ယူကရိန်းဘက်က ထုတ်ပြန်ချက်အရ ဆိုရင် စစ်ပွဲအတွင်းမှာ ရုရှားဘက်က တပ်ဖွဲ့ဝင် ၃၃၈၀၀ ဦးကို သတ်ဖြတ်နိုင်ပြီး တင့်ကား ၁၄၇၇ စင်းနဲ့ စစ်ယာဉ် ၃၅၈၈ စင်းကိုဖျက်ဆီးပစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့တာ တွေ့ ရပါတယ်။ လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်းခွဲထွက်ဒေသက  ဆီဗာရိုဒိုးနက်စ် မြို့မှာ အပြင်းအထန်တိုက်ပွဲ ဖြစ်နေပြီး မြို့ရဲ့ ၈၀ ရာခိုင်နှုန်းအထိ ရုရှားတပ်တွေ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမြို့က ဓာတုဗေဒစက်ရုံထဲမှာ  အရပ်သားတွေပိတ်မိနေသလို ပစ်ခတ်နေလို့မြို့ထဲကနေ ထွက်မရဖြစ်နေတဲ့ အရပ်သား ၁၂၀၀၀ လည်းရှိနေပါတယ်။ ဒီအရပ်သားတွေကို ရုရှားက သူသိမ်းပိုက်ထားတဲ့မြို့တွေဘက် ဓားစာခံအဖြစ် ခေါ် ထုတ်ဖို့ လုပ်နေသလို ယူကရိန်းတပ်တွေက ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

သံတမန်ရေးရာ ကျဆုံးမှု

ယူကရိန်းကို ကျူးကျော်မှုကို ရုရှားက အထူးစစ်ဆင်ရေးဆိုပြီး သုံးနှုန်းခဲ့ပေမယ့် နိုင်ငံတကာမှာတော့ ရုရှားကျူးကျော်မှုအဖြစ်သာ မြင်ထားပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ ခေတ်သစ်မှာ မရှိသင့်တောတဲ့ ဗိုလ်ကျအနိုင်ကျင့်မှုပါ။ ဒါကြောင့်လည်း နိုင်ငံ ၅၀ လောက် ပါဝင်တဲ့ ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေး အုပ်စုလို့ သိကြတဲ့အဖွဲ့က ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ အမြဲလုံးပမ်းကြိုးစားနေတာကို တွေ့ရပါတယ်။ ဒီထဲမှာ ရုရှားပတ်လည်က နိုင်ငံတွေလည်း ပါဝင်လာနေပါတယ်။ မကြာသေးခင်ဖြစ်တဲ့ ဇွန် ၁၇ ရက်က ပြောခဲ့တဲ့ ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် တိုနီရာဒါကင်ကဆိုရင် ယူကရိန်းစစ်ကြောင့် ရုရှား ကြီးကြီးမားမား အထိနာနေကာ နေတိုးမဟာမိတ်အဖွဲ့အားကောင်းလာတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ယူကရိန်းကို အချိန်တိုအတွင်း သိမ်းယူနိုင်မယ်ထင်ထားတဲ့ ရုရှားသမ္မတပူတင်အဖို့ ရုရှားနယ်စပ်နားက ယူကရိန်းခွဲထွက်ဒေသတွေလောက်ကိုသာ ရည်မှန်းချက်ထားနေရတာဟာ အနောက်နိုင်ငံတွေရဲ့ လက်နက် ထောက်ပံ့မှုတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေကြောင့်ပါဘဲ။ အနောက်အုပ်စုနဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေ လက်နက်ထောက်ပံ့မှုကြောင့် ယူကရိန်းကို ထင်သလို လုပ်ခွင့်မသာတဲ့ ပူတင်ဟာ အခွင့်သာရင် သာသလို လက်နက် ထောက်ပံ့တဲ့နိုင်ငံတွေကို ခြိမ်းခြောက်လေ့ရှိပါတယ်။

ဒီတစ်ပတ်ထဲမှာလည်း ကိယက်ဗ့်ကို ဥရောပထိပ်တန်း ၃ နိုင်ငံကခေါင်းဆောင်တွေ သွားရောက်နေတဲ့အချိန်မှာ  ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က “အဲဒီသုံးနိုင်ငံက ခေါင်းဆောင်တွေနဲ့ ရိုမေးနီးယားသမ္မတတို့ဟာ ယူကရိန်းကို ထောက်ပံ့ရုံသာမက ယူကရိန်းကို လက်နက်တွေ နောက်ထပ် ထောက်ပံ့ဦးမယ်လို့လည်း ကျွန်တော်မျှော်လင့်ထားပါတယ်၊ ဒီလို ထောက်ပံ့နေတာက ယူကရိန်းနိုင်ငံကို နောက်ထပ်ထိခိုက်စေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာကို တွေ့ရပါတယ်။

ဒီရက်သတ္တပတ်ထဲမှာ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ်အို လက်ဖ် ရှောဇ်နှင့် အီတလီဝန်ကြီးချုပ်မာရီယိုဒရာဂီတို့ ကိယက်ဗ့်က ရထားနဲ့သွားပြီး ယူကရိန်းသမ္မတဇီလင်စကီးကို သွားအားပေးခဲ့ရာမှာ ရိုမေးနီးယားခေါင်းဆောင်လည်းပါဝင်ခဲ့ပါတယ်။ သတင်းထောက်တွေက ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ ပြင်သစ်သမ္မတမက်ခရွန်က ဥရောပဟာ စည်းလုံးညီညွတ်မှုရှိတယ်ဆိုတဲ့ သတင်းစကားပါးဖို့ဖြစ်ပါတယ် ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ ဒီခရီးစဉ်က ရုရှားကို အတော်လေး နာလိုခံခက်ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် အနောက်နိုင်ငံလက်နက်ထောက်ပံ့မှုတွေက ရုရှားတပ်တွေကိုအထိနာစေသလို ယခုခရီးစဉ်မှာ ဂျာမနီဝန်ကြီးချုပ်အိုလက်ဖ်ရှောဇ်က ယူကရိန်းကို ကမ္ဘာ့အဆင့်မီလက်နက်များပေးမယ်ဆိုပြီး ကတိပြုခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့်‌လက်နက်ထဲမှာ သံချပ်ကာတင်ယာဉ် ဟောင်ဝဇ္ဇာအမြောက်မှသည် ဒုံးအတွဲလိုက်ပစ်နိုင်တဲ့ ပြောင်းအဆင့်ဆင့်တွဲ ဒုံးလွှတ်စင်အထိသာမက မြို့ကြီးများကို ရုရှားတိုက်ခိုက်မှုများမှ အကာအကွယ် ပေးနိုင်စွမ်းရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထိပါဝင်လို့ ရုရှားအတွက် တကယ့်ထိခိုက်မှုပါဘဲ။ ဒါကြောင့်လည်း ရုရှားအတော်လေးကို မခံချိမခံသာဖြစ်နေတာပါ။ ဒါပေမယ့် ဘယ်နိုင်ငံမှ ရုရှား ခြိမ်းခြောက်မှုကို ဂရုမစိုက်တဲ့အပြင် ကိယက်ဗ့်ကိုဥရောပခေါင်းဆောင်တွေ ဥဒဟို သွားလာပြနေတာဟာ ရုရှားရဲ့ကြီးမားတဲ့  သံတမန်ရေးရာ ကျရှုံးမှုပါဘဲ။

ဒီဥရောပခေါင်းဆောင်တွေလိုဘဲ ဗြိတိန်ဝန်ကြီးချုပ်က သူတို့လာရောက်ပြီး နောက်တစ်နေ့မှာ ကိယက်ဗ့် ကို လာရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းပြည်သူတွေနဲ့ ဗြိတိန်ကရပ်တည်နေကြောင်းရှင်းလင်းစွာ ပြသဖို့ဆိုတာကို ပြောခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဂျွန်ဆင်က ယူကရိန်းတပ်ဖွဲ့ဝင်တစ်သောင်းစီ သုံးလကြာလေ့ကျင့်ပေးမယ့် အစီအစဉ်ကိုကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။  ဥရောပခေါင်းဆောင်တွေရဲ့ ကိယက်ဗ်ခရီးစဉ် ဟာ ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ပြုမပြု အကြိုတိုင်ပင်ကြတာပါ။ အီးယူထဲ ယူကရိန်း ဝင်ရောက်ခွင့်ရမယ်ဆိုရင် ဒါဟာ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်နဲ့ ဥရောပအသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက်လာမှု အပေါ် တုံ့ပြန်ဖြေရှင်းဖို့ပဲ ပထမဆုံးခြေလှမ်းဖြစ်လာမှာပါ။ ရုရှားကတော့ ယူကရိန်းရဲ့အီးယူ ဝင်ခွင့်အပေါ် အရှက်ပြေသဘောတူပါတယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။ 

လက်ရှိအခြေအနေ

ဇွန် ၁၉ ရက်မှာ ဗြိတိန်စစ်ဦးစီးချုပ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီး ဆာပက်ထရစ်ဆန်းဒါးစ်က သူရဲ့တပ်တွေကို ဥရောပမှာ နောက်တစ်ကြိမ်ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက်အသင့်ပြင်ဖို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ ဒါဟာ ကိယက်ဗ့်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ပြောခဲ့တဲ့ စကားအပြီး ထွက်ပေါ်လာခဲ့တာပါ။ ကိယက်ဗ့်ကို သွားပြီးနောက် လန်ဒန်ဆန်းဒေးတိုင်းမ်စ် သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးပို့ခဲ့ရာမှာ ဂျွန်ဆင်က ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ အဆင့်သစ်တစ်ခုကို ရောက်လာနေပြီလို့ဆိုပြီး တကယ်လို့ ဒီကျူးကျော်မှုသာ အောင်မြင်ခဲ့ရင် ယူကရိန်းမှာဘဲ ရုရှားဟာရပ်နေမှာမဟုတ်လို့ ကိုယ်ကိုယ်ကိုယ် အင်အားတောင့်အောင် လုပ်ထားဖို့ လိုနေပြီဆိုပြီးပြောခဲ့တာပါ။

ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို ပြန်နောက်ကြောင်းလိုက်ကြည့်မယ်ဆိုရင် မကြာသေးခင်က ကမ္ဘာအခင်းအကျင်းတွေက ပြောင်းလဲလာပါတယ်။ ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဖုန်းဆက် ဆွေးနွေးပြီးနောက် အမေရိကန်နဲ့တရုတ်အကြားတင်းမာမှုကလည်း မြင့်တက်လာနေပါတယ်။ ဇွန် ၁၇ ရက်မှာ တရုတ်ဘက်က တတိယမြောက် လေယာဉ်တင်သင်္ဘောကို ရေချပြခဲ့ပြီးနောက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ၊အာရှနိုင်ငံတွေက တရုတ်စစ်အင်အားအပေါ် ပိုပြီးအာရုံစိုက်လာကြပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှား၏ အချုပ်အခြာအာဏာ၊လုံခြုံမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက ထောက်ခံအားပေးသွားမယ်လို့ ဇွန် ၁၅ ရက်မှာ  ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဖုန်းဆက် အခိုင်အမာ ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယူကရိန်းပဋိပက္ခမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဘက်မှ ရပ်တည်မည့်နိုင်ငံများဟာ သမိုင်းမှာ မှားယွင်းသည့်ဘက်၌ ရပ်တည်ခဲ့သည့်နိုင်ငံများဖြစ်လာလိမ့်မည်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့ပါတယ်။

မကြာခင်က ပင်လယ်နက်ဒေသတွင်းရှိ ရုရှားရေတပ်တွဲ သင်္ဘောတစ်စင်းကို ဟာပွန်းအမျိုးအစား သင်္ဘောဖျက် ဒုံးကျည်နှစ်စင်းနဲ့ ဇွန် ၁၇ ရက်မှာ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်ဆိုပါတယ်။ ဒီ ဟာပွန်း သင်္ဘော ဖျက်ဒုံးကျည်စနစ်ဟာ ဒိန်းမတ်နိုင်ငံထံကနေ ပေးပို့ထားတာဖြစ်လို့ ဇွန် ၁၇ ရက် နံနက်ပိုင်းမှာဘဲ ရုရှားစစ် သင်္ဘောတစ်စင်းက ဒိန်းမတ်ရေပြင်ပိုင်နက်ကို နာရီအနည်းငယ်ခြား၍ နှစ်ကြိမ်တိုင်တိုင် ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ယူကရိန်းစစ်ဟာ ယူကရိန်းပြင်ပကိုရောက်လာဖို့ အနည်းငယ်သာလိုနေပြီး ရုရှားကို ကူနိုင်တဲ့ တရုတ်ကို အမေရိကန်က ဖဲ့ထုတ်နေတဲ့ အနေအထားမြင်နေရပါတယ်။  ယူကရိန်းစစ်ကနေ ဥရောပစစ်ဖြစ်လာနိုင်တဲ့ အနေအထား အလွန်ကိုများနေပြီး ရုရှားရဲ့လုပ်နိုင်စွမ်းကို နေတိုးကသိနေပြီ ဖြစ်လို့ မကြာခင်မှာ ထိပ်တိုက်တွေ့မှုတွေ မြင်ရဖို့ များနေပါတယ်။

နေတိုးအကြီးအကဲ စတိုလန်ဘာချ်က ယူကရိန်းစစ်ပွဲက နှစ်နဲ့ချီပြီးကြာမြင့်နိုင်တယ်လို့ ပြင်ဆင်ထားဖို့လိုတယ်လို့ပြောခဲ့ကာ ယူကရိန်းကို ထောက်ပံ့ကူညီတာကို လျှော့ချလိုက်လို့ မရဘူးလို့ပြောခဲ့ပါတယ်။ ဒါဘာကိုဆိုလိုသလဲ။ စစ်ပွဲဟာ ယူကရိန်းမှာဘဲ နှစ်နဲ့ချီပြီး ကြာမှာလား၊ ဥရောပမှာလားဆိုတာ ဝေခွဲရခက်ပါတယ်။ သေချာတာ နှစ်ဘက်လုံးက မကြာခင်မီးကုန်ယမ်းကုန်ဆင်နွဲဖို့ ပြင်ဆင်နေကြတဲ့ သဘောကို တွေ့နေရပါတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ်နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့် လိုက်ချင်ပါတယ်။

မင်းထက်