【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】အမေရိကန်-တရုတ်၏ ပြင်းထန်သော ရှန်ဂရီလာအခင်း အကျင်း

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】အမေရိကန်-တရုတ်၏ ပြင်းထန်သော ရှန်ဂရီလာအခင်းအကျင်း

ယခုရက်သတ္တပတ်နိုင်ငံတကာသတင်းတွေထဲမှာ  သေနတ်ကိုင် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေးအတွက် အမေရိကန်မြို့ကြီးတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားတဲ့သတင်းတွေ၊ အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုကို တုန့်ပြန်တဲ့ မူဘောင် တရပ်ကို အမေရိကန်အထက်လွှတ်တော်က သဘောတူခဲ့တဲ့သတင်းတွေ၊ အိန္ဒိယမှာ အာဏာရပါတီရဲ့ တာဝန်ရှိသူ ၂ ဦးက တမန်တော်မိုဟာမက်အကြောင်း ထိပါးပြောဆိုခဲ့လို့ နိုင်ငံအရှေ့ပိုင်းမှာ ဟိန္ဒူနဲ့ မူဆလင် ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ခဲ့ရာမှာ ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့တဲ့ သတင်းတွေ၊ ဘိုလီးဗီးယားနိုင်ငံ သမ္မတ ဟောင်း Jeanine Anez ကို ၂၀၁၉ ခုနှစ်တုန်းက အာဏာသိမ်းယူမှုနဲ့ ထောင်ဒဏ် (၁၀) နှစ် အပြစ်ပေး လိုက် တဲ့ သတင်းတွေ၊ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းဆိပ်ကမ်းမြို့မှာ ကာလဝမ်းရောဂါ အန္တရာယ်နဲ့ကြုံတွေ့ နေရတဲ့သတင်းတွေ၊ ရုရှားတို့ရဲ့ ကျူးကျော်စစ်ကို ယူကရိန်းတို့ ခုခံတိုက်ခိုက်နေချိန်မှာ ယူကရိန်းကို EU ဥရောပ သမဂ္ဂ အဖွဲ့ဝင်လောင်းအဖြစ် လက်ခံ သတ်မှတ်ပေးဖို့ EU အဖွဲ့ဝင်တွေကို ဥရောပပါလီမန်ဥက္ကဋ္ဌကတိုက်တွန်း လိုက်တဲ့သတင်းတွေ စတဲ့ စိတ်ဝင်စား စရာသတင်းအချို့လည်းရှိခဲ့ပါတယ်။

ဒီသတင်းတွေထဲမှာ စင်ကာပူမှာလုပ်ခဲ့တဲ့  ရှန်ဂရီလာဒိုင်ယာလော့ဂ်သတင်းတွေနဲ့ ရုရှားသမ္မတပူတင်ရဲ့ သူကိုယ်သူ ၁၈ ရာစု ရုရှား ဧကရာဇ် ပီတာသဂရိတ်နှင့် နိုင်းယှဉ်ပြီး ပြောခဲ့တဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။ ဒီသ တင်း နှစ်ပုဒ်ထဲမှာ ရှန်ဂရီလာဒိုင်ယာလော့ဂ်က  ဒီတစ်ပတ်မှာ စိတ်ဝင်စားဖို့ ကောင်းတာမို့ နောင်မှာမြင်ရလာ နိုင်တဲ့ ကမ္ဘာ့နိုင်ငံ ရေးအခြေအနေ တစေ့တစောင်းဖြသစ်တဲ့ ဒီအကြောင်းအရာကို   ဒီတစ်ပတ်မှာ အထူးပြု ဖော်ပြချင်ပါတယ်။

အမေရိကန်နှင့် တရုတ် ၏ ပြင်းထန်သော အားပြိုင်မှု

စင်ကာပူမှာ ကျင်းပ တဲ့ အာရှလုံခြုံရေးညီလာခံက နှစ်စဉ်ကျင်းပလေ့ရှိရာမှာ ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးက နိုင်ငံတကာအာရုံစိုက်မှုများခဲ့ပါတယ်။ အထူးသဖြင့် ယခုနှစ်မှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူး ကျော်မှုကြောင့် လုံခြုံရေးကိစ္စက နိုင်ငံတကာအာရုံစိုက်စရာအခင်းအကျင်းဖြစ်လာခဲ့ပါတယ်။ဇွန် ၁၀ ရက်ကနေ ၁၂ ရက် အထိ ကျင်းပခဲ့တဲ့ အဆိုပါ ဒိုင်ယာလောဂ့်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေး ဝန် ကြီးအပါအဝင် အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့နိုင်ငံတွေ အတော်များများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအစည်း အဝေးမှာ အဓိကအကြောင်းအရာက ယူကရိန်းအရေးဖြစ်ပေမယ် အစည်းအဝေးပြင်ပမှာ အမေရိကန်ကာကွယ် ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံပြီး ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး၊ မြောက်ကိုရီးယားနဲ့ ယူ က ရိန်းစစ်ပွဲအပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ပင်တဂွန်ကထုတ်ပြန်ခဲပါတယ်။

နိုင်ငံတကာမဟာဗြူဟာလေ့လာရေးအဖွဲ့ IISS က စီစဉ်ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-La Dialogue ဟာ ဒေသတွင်းမတည်မငြိမ်မှုတွေ ဖြစ်နေတဲ့ အာရှ-ပစိဖိတ်ဒေသမှာ တင်းမာမှုတွေကို ကိုင်တွယ် ဖြေရှင်းနေရတဲ့ နောက်ကွယ်က ဦးဆောင်နေသူတွေ မျက်နှာချင်းဆိုင်တွေ့ဆုံကြတာဖြစ်လို့ သဘောထား ချင်း မတိုက်ဆိုင်ကြတာကို ထင်ထင်ရှားရှားတွေ့မြင်ရသလို ကိုယ်လိုရာမရတဲ့အခါ ခြိမ်းခြောက်မှုတွေ ၊သတိပေးမှုတွေ ဖောဖောသီသီတွေ့ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  

ဒီဆွေးနွေးပွဲမှာ ထိပ်တိုက်တွေ့စရာဟာ ယခင်နှစ်များလိုဘဲ တရုတ်နိုင်ငံနဲ့ သာ အမေရိကန်က ထိပ်တိုက် တွေ့ခဲ့တာပါ။ ဇွန် ၁၀ ရက်အစည်းအဝေးအစမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က တရုတ်ရဲ့ ရန်လိုမူတွေကနေ အာရှနိုင်ငံတွေကို ကာကွယ်ပေးမယ်လို့ ကတိပေးလိုက်လို့ အစည်းအဝေးမစခင် တရုတ် ကာ ကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံမှုမှာ ဘာတွေ ဖြစ်ခဲ့သလဲ ၊ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ အများသိချင်စရာဖြစ်လာ ခဲ့ပါတယ်။

အော်စတင်နှင့် ဝေဖန်ဂီ

အစည်းအဝေးမှာ လွိုက်အော်စတင်က  အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးက အမေရိကန်ရဲ့ စစ်ရေး မျက်နှာ စာ ဦးစားပေးဖြစ်တယ်၊ ဒီဒေသဟာ အမေရိကန် မဟာဗျုဟာတစ်ခုလုံးရဲ့ အသက်သွေး ကြော လည်း ဖြစ်တယ်လို့  အာရှလုံခြုံရေးထိပ်သီးပွဲတက်လာတဲ့ ၄၂ နိုင်ငံက ဝန်ကြီးတွေနဲ့ အရာရှိတွေကို ပြောခဲ့ ပါတယ်။

တရုတ်ကာကွယ် ရေးဝန်ကြီးတက်ရောက်တဲ့ အစည်းအဝေးမှာ အော်စတင်က ထိုင်ဝမ်အပါအဝင် အာရှ နိုင်ငံ တွေအပေါ် တရုတ်ရဲ့ ပိုမိုရန်လိုလာနေတာကို ဆန့်ကျင် ကာကွယ်ပေး အစီအစဉ်ကို ချပြခဲ့သလို တရုတ်ရဲ့ ရန် လိုမူကို စိုးရိမ်ကြတဲ့ အာရှ နိုင်ငံတွေအားလုံး တညီတညွတ်ထဲ ရင်ဆိုင်ဖို့ အစီအစဉ် အသေး စိတ်ကိုလည်း ရှင်း ပြခဲ့ပြီး မဟာမိတ်ဖွဲ့မူနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မူအပြင်၊ ရုရှားကိုစီးပွား ရေးအရ ပေါင်း ဒဏ်ခတ်တာ မျိုးပါ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုလို ပြောနေတာက ထိပ်တိုက်တွေ့ဖို့ ဒါမှမဟုတ် ပဋိပက္ခဖြစ်လာဖို့၊ စစ်အေးတိုက်ပွဲ ဖော်ဖို့ မဟုတ်ဘူး၊ အာရှရဲ့နေတိုးသဘော မဟာမိတ် ဆန့်ကျင်ဖက်အုပ်စုကြီးတွေ ဖော်ဆောင်ဖို့လည်း မဟုတ်ဘူး လို့ အော်စတင်က ပြောခဲ့တာကိုတွေ့ရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ အဆိုပါပွဲမှာ အာရှဒေသတွင်းက အဓိက မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ သြစတျေးလျက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ၃ ပွင့်ဆိုင်တွေ့တာအပြင် တောင်ကိုရီးယား၊ဂျပန်ကာကွယ် ရေးဝန်ကြီးတွေနဲ့ ၃ ပွင့်ဆိုင်တွေ့ခဲ့လို့ ရှန်ဂရီလာဒိုင်ယာလော့ဂ်ဟာ စိတ်ဝင်စားမှုမြင့်မားစရာဖြစ်ခဲ့ပါတယ်။ အထူး သဖြင့် လတ်တလောတင်းမာမှုရှိနေတဲ့ ဂျပန်၊ဩစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ သီးသန့်တွေ့ဆုံမှုဟာ တရုတ်အတွက် သတိကြီးစေခဲ့ပါတယ်။ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမတိုင်ခင် မှာ အမေရိ ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေကို ဖန်တီးနေ တယ်လို့ ပြောခဲ့တာဟာ တရုတ်အတွက် ပြင်းထန်စွာဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။ ဒီအတွက် အမေရိကန်ပြည် ထောင်စုဟာ အာရှပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို အတင်းအဓမ္မရယူပြီး၊ တရုတ်အစိုးရနဲ့ ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်ဆိုပြီး တရုတ်ကာကွယ်ရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အော် စတင်ရဲ့ စွပ်စွဲချက်တွေကိုလည်း  ပယ်ချခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဝေဖန်ဂီက အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေနဲ့အတူ နိုင်ငံစုံပါဝင်တဲ့ အကျိုးတူဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်နေတယ်ဆိုပြီး ပြောခဲ့တာဟာ တရုတ် နိုင်ငံကို ချောင်ထဲကို တွန်းပို့ဖို့ ကြိုးစားတာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

နောက်ဆုံးသတိပေးမှုလား

ရှန်ဂရီလာဒိုင်ယာလော့ဂ် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေ နေ့မှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဂီက မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းထဲမှာ ဝေက အမေရိကန်အနေနဲ့ တရုတ်ကို ချောင်ပိတ်မိအောင်လုပ် ဆောင် နေပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားရတာဖြစ် တယ်လို့ ပြောခဲ့ ပြီး အမေရိကန်ဘက်ကို အချက် ၄ ချက်တောင်းဆိုခဲ့ပါတယ်။ ဒီ ၄ချက်ထဲမှာ အမေရိကန်အနေနဲ့ တရုတ် ပြည်အပေါ် မဟုတ်မှန် စွပ်စွဲပြောဆိုတာတွေနဲ့ တရုတ်ပြည်ကို အထီးကျန်အောင် ဝိုင်းပတ်ပိတ်ဆို့တာတွေ မလုပ်ဖို့၊ ဒါ့အပြင် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာတွေ မလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။

အဓိက သတိထားမိစရာဖြစ်ခဲ့တာက ထိုင်ဝမ်နဲ့ ပတ်သက်ပြီးပြောခဲ့တာပါ။ ဝေဖန်ဂီက “ကျွန်တော်တို့ ဘာပဲပေးဆပ်ရပေးဆပ်ရ တိုက်ပွဲဝင်သွားပါမယ်။ အဆုံးထိတိုက်ပွဲဝင်သွားပါမယ်။ သူတို့ရဲ့ ပိုင်နက်နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ တရုတ်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စွမ်းရည်နဲ့ စိတ်ပိုင်းဖြတ်မှုကို ဘယ်သူကမှ လျှော့မ တွက် သင့်ပါဘူး။ ထိုင်ဝမ်ကိုတရုတ်ကနေခွဲထုတ်ဖို့ လုပ်သူတွေအတွက်လည်း အဆုံးသတ်လှမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ရှန်ဂရီလာဒိုယာလော့ဂ်ဟာ ဒေသတွင်းမှာရှိနေတဲ့ အင်အားကြီးနိုင်ငံတွေအခင်းအကျင်းပြိုင်ဆိုင်မှုကနေ စကားလုံးတိုက်ပွဲ၊ဒီကနေ မြေပြင်အထိ ဆင်းလာနိုင်တဲ့အထိမရောက်ခင် သတိပေးမှုအနေအထားထိဖြစ်လာ နေ တာကိုတွေ့ရပါတယ်။ အထူးသဖြင့် ရုရှားရဲ့ လက်ရဲဇက်ရဲနိုင်တဲ့ ကျူးကျော်စစ်ကြောင့် အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအုပ်စုတွေက အာရှဒေသမှာ အလားတူဖြစ်လာနိုင်မှုကို စိုးရိမ်ကြီးနေတာကို ဒီပွဲမှာတွေ့ရပါတယ်။ ဒီပွဲမှာ တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်နဲ့တရုတ်ဆက်ဆံရေးဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေတယ်ဆိုပြီး ပြောခဲ့တာကလည်း ထူးခြားမှုပါဘဲ။

ဒီပွဲဖွင့်ပွဲနေကတည်းက  ယူကရိန်းမှာ ယနေ့ဖြစ်နေတဲ့ ပဋိပက္ခများသည် အရှေ့အာရှမှာ မနက်ဖြန်မှာ ဖြစ်ပွားလာနိုင်တယ်ဆိုပြီး  ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်ကိုဦးတည်ပြီး ပြောသလို  တရုတ်က ထိုင်ဝမ်အရေးအတွက် ကိုယ်ပိုင်အစီအစဉ်ရေးဆွဲဖို့ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တာကို စောင့်ကြည့်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဂျပန်ဟာ လက်ရှိဖြစ်နေတဲ့ ယူကရိန်းပြဿနာကြောင့် နှစ်ပေါင်းများ စွာ တစ်ဆို့နေတဲ့ ကာကွယ်ရေးဘတ်ဂျက်က ဂျပန်ဂျီဒီပီရဲ့တစ်ရာခိုင်နူန်းကိုမကျော်ရတဲ့ တားမြစ်မှုကို ကျော်ခွင့် ရခဲ့သလို ရန်ပြုနိုင်တဲ့ ပြည်ပက အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခွင့်ပါရသွားခဲ့လို့ ဂျပန်ရဲ့ စစ်ရေးတည် ဆောက်မှုက ယခုနှစ်ပိုင်းအတွင်းရုတ်ခြည်းမြင့်တက်လာဖို့ အလားအလာမြင့်တက်နေပါတယ်။ဂျပန်ဟာ အစဉ် အလာအရ တရုတ်နဲ့ပြိုင်ဘက်ဖြစ်နေလို့ ဒီလို စစ်ရေးတည်ဆောက်မှုဟာ ရေရှည်မှာ တရုတ်အတွက် စိုးရိမ်စရာ အခြေအနေပါ။ ဒါကြောင့်လည်း တရုတ်ဘက်က စောစောစီးစီး ထိုင်ဝမ်နဲ့ ပတ်သက်လာရင် အဆုံးစွန်ထိ ရင်ဆိုင် မယ်ဆိုတာဟာ အပြောထက် တကယ်လုပ်မယ်အနေအထားဖြစ်ဖို့များပါတယ်။

ဘာကြောင့်လည်းဆို မကြာခင်က ထိုင်ဝမ်ဝန်ကြီးချုပ်ကနေ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တံခါးပိတ် မထား လိုဘဲ၊ စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်ဆိုပြီး ပြောခဲ့လို့ပါဘဲ။   ဒါဟာ တရုတ်ကာကွယ်ရေးဝန်ကြီးက ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပေါင်းစည်းရေးကို ကြိုးပမ်းဆောင်ရွက်နေပေမယ့် တခြားနည်းလမ်းတွေကိုလည်း ရွေးချယ် စရာ နည်းလမ်းတွေအဖြစ် ဆက်ပြီးတော့ ထားထားတယ်လို့ပြောအပြီးမှာ ဖြစ်ခဲ့တာမို့ တရုတ်ကာကွယ်ရေး ဝန်ကြီးရဲ့ စကားကို သတိထားနေတဲ့ အနေအထားပါဘဲ။

နောက်ဆုံးဖြစ်လာနိုင်မှု

ရှန်ဂရီလာဒိုင်ယာလော့ဂ်ဟာ အာရှ-ပစိဖိတ်ဒေသမှာ ဖြစ်နေတဲ့ ရှင်းမရတဲ့ နိုင်ငံရေးနဲ့ ဒေသတွင်းတင်း မာမှု ပြဿနာတွေဟာ ဘယ်ကိုဦးတည်နေပြီလဲဆိုတာကို ပြက်ပြက်ထင်ထင်မြင်ခဲ့ရပါတယ်။ တရုတ်အနေနဲ့ ဒီပွဲမှာ အမေရိကန်ဘက်ကို ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းဖွင့်ပေးတာကိုတွေ့ရသလို ထိပ်တိုက်ရင်ဆိုင်မယ် ဆိုရင်လည်း အဆုံးထိရင်ဆိုင်သွားမယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

အမေရိကန်ဘက်ကတော့ အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ မဟာမိတ်တွေကို တရုတ်ရဲ့ စစ်အင်အားကြီး ထွား လာမှုကို အကြောင်းပြုပြီး သူရဲ့လောင်းရိပ်ထဲ ဆွဲထည့်တာကို အလျော့ပေးဖို့ ရှိဟန်မတူပါဘူး။ အထူးသဖြင့် ထိုင် ဝမ်ပြဿနာဟာ ကြီးထွားလာဖို့ များနေပါတယ်။ တရုတ်နဲ့ အမေရိကန်အကြားတင်းမာမှုဟာ လျော့ပါးလာဖို့ မမြင် ဘဲ တခြားကဏ္ဍတွေဖြစ်တဲ့ စီးပွားရေးနဲ့ အာကာသရေးရာတွေမှာပါ ထိပ်တိုက်တွေ့ဖို့ အလားအလာမြင့် လာနေပါ တယ်။  

တစ်ဘက်က ဥရောပမှာဖြစ်နေတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုဟာ မကြာသေးခင်က သမ္မတပူတင်ရဲ့ သိမ်းပိုက်နယ်မြေတွေကို ရုရှားနယ်နိမိတ်ထဲ ထည့်သွင်းမယ့် သဘောမျိုးပြောခဲ့တာကြောင့်လည်း လက်ရှိအခြေအနေမှာ တစ်ဘက်နဲ့ တစ်ဘက် အယုံအကြည်မရှိသလို လက်ဦးမှုရယူတာနဲ့ အုပ်စုလိုက် ဖယ်ကျဉ် တာတွေကြောင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေက ဆက်ပြီးရှုပ်ထွေးလာနိုင်နေတဲ့ အခြေအနေပါ။ ရှုပ်ထွေးနေတဲ့ လက်ရှိ ကမ္ဘာ့အခြေအနေဟာ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရပါဦးမယ်။

မင်းထက်