【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ကမ္ဘာ့အရေးများနှင့် တရုတ်အခန်းကဏ္ဍ

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ကမ္ဘာ့အရေးများနှင့် တရုတ်အခန်းကဏ္ဍ

          ယခုတစ်ပတ် ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေမှာ စစ်ပွဲသတင်းတွေ နိုင်ငံတကာတင်းမာမှုပိုဖြစ်လာတဲ့ သတင်းတွေနဲ့ စီးပွားရေးဆိုင်ရာသတင်းတွေက အတော်လေးကိုများခဲ့ပါတယ်။ ယူဂန်ဒါနိုင်ငံတွင် အီဘိုလာ​ကြောင့် ​သေဆုံးသူ ၁၉ဦးရှိလာသဖြင့် ခရိုင်နှစ်ခုကို ​လော့​ဒေါင်းချရာတာလို၊ တူရကီမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲလို့ သေဆုံးသူ ၄၀ ကျော်ထိရှိလာတာလို့၊ အင်ဒိုနီးရှားမှာ ယခုနှစ်အတွင်း ကလေးငယ်များ ကျောက်ကပ် ထိခိုက်ပြီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို  ကျန်းမာရေးအာဏာပိုင်တွေ စစ်ဆေးတော့မယ်ဆိုတာလို၊ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ကူးစက်ခံရသူ ၇၀,၀၀၀ ကျော်ရှိနေပြလို့ WHOက ထုတ်ပြန်ခဲ့တဲ့သတင်းလို့ သတင်းတွေလည်းရှိပါတယ်။  

            ဒါပေမယ့် ဒီလိုသတင်းတွေကို ယခုနှစ်စကတည်းက တောက်လျှောက် ဖုံးနေခဲ့တဲ့ ယူကရိန်းစစ် သတင်းတွေကြောင့် သတင်းအများစုကို အာရုံစိုက်မိဖို့ခက်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ ရဲ့ အကြိမ် ၂၀ မြောက်ညီလာခံကို စတင်ကျင်းပခဲ့ပါတယ်။ ဒီညီလာခံဟာ ယခုဆယ်စုနှစ်ပိုင်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံနေရာကို တက်လှမ်းလာနေတဲ့ နိုင်ငံရဲ့ ထိပ်ပိုင်းဆိုင်ရာ အစည်းအဝေးဖြစ်လို့ ကမ္ဘာ့တစ်ဝန်းကစောင့် ကြည့်နေရတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီညီလာခံမှာ  တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းတွေကို နိုင်ငံတကာက သုံးသပ်ခွဲခြမ်းစိတ်ဖျာပြီး လာမည့် ဆယ်စုနှစ်မှာ တရုတ်နိုင်ငံရဲ့လားရာ ကို သုံးသပ်နေလို့ ရှိနေတုန်းမှာ ရုရှားက ကိယက်ဗ့်ကို တနင်္လာနေ့ မနက်ကစပြီး ကာမီကာဇေဒရုန်းတွေနဲ့ တိုက် ခိုက်လို့ နိုင်ငံတကာ သတင်းစာမျက်နှာမှာ ယူကရိန်းစစ်ပွဲသတင်းတွေက ပြန်နေရာယူခဲ့ပါတယ်။

            ဒီတစ်ပတ်မှာလည်း ယူကရိန်းစစ်ပွဲသတင်းတွေနဲ့ ကမ္ဘာ့အရေးတွေမှာ အရေးပါလာတဲ့ တရုတ်ရဲ့အခန်း ကဏ္ဍကို အလေးထားသုံးသပ်ဖော်ပြချင်ပါတယ်။

ယူကရိန်းစစ် ဘယ်လို ဖြစ်လာနိုင်လဲ

            ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ကာဇက်စတန်နိုင်ငံ မြို့တော် အက်စတာနာ မှာ ပထမအကြိမ် ဗဟိုအာရှထိပ်သီးအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင် နစ္စတန် နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ သမ္မတများ တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးအပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ အပစ် ခတ်ရပ်စဲဖို့ လေသံစပစ်လာပါတယ်။

            မီဒီယာတွေကို ပူတင်က သူ့ကို တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်တွေက ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နှင့် တွေ့ဆုံဆွေးနွေးရေး စတင်ရန် လိုအပ်တယ်လို့ အမြဲတမ်းပြောဆိုကြောင်း ပြောခဲ့ပါတယ်။ ဒီသတင်းကို ရုရှားအစိုးရအာဘော်ဖြစ်တဲ့ Tass သတင်းဌာနက ဖော်ပြခဲ့တဲ့အတွက် ပူတင်အနေနဲ့ လက်ရှိစစ်ရေးနိမ့်ပါးလာမှုကိုရပ်တန့်ဖို့ ပေကျင်းနှင့် နယူးဒေလီတို့ကြားဝင်ဆောင်ရွက်မယ့် အပစ်ခတ်ရပ်စဲရေး လိုချင်နေပြီလားဆိုတာ သုံးသပ်မှုတွေ ထွက်လာခဲ့ပါတယ်။

            ဒီသတင်းနဲ့အတူ မရှေးမနှောင်းထွက်လာတာက Meduzaလို့ခေါ်တဲ့ ကရင်မလင်နဲ့ နီးစပ်တဲ့ သတင်းဌာနက  ထွက်လာတဲ့ သတင်းပါဘဲ။ အဲဒီသတင်းက  ပူတင်ဟာ နည်းဗျူဟာသစ်အဖြစ် အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ စိတ်ကူးမြင့်တက်နေတယ်ဆိုပြီး ထိုစိတ်ကူးကလည်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ဆင်နွှဲမည့် ထိုးစစ်အသစ်အတွက် ပြင်ဆင်ဖို့ အချိန်ရရန် ယာယီအပစ်အခတ်ရပ်စဲရေးကို အသုံးပြုဖို့  မျှော်လင့်ထားတယ်ဆိုတဲ့သတင်းပါဘဲ။

            ဒီအတွက် ယူကရိန်းနှင့် ရုရှားစစ်ဘက်များအကြား သက်ဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံများ၏ ထိပ်တန်းခေါင်းဆောင်များ မပါဝင်စေဘဲ ဆောင်ရွက်နိုင်ဖို့ ပူတင်ကမျှော်လင့်ထားပြီး ဒီသဘောတူညီချက်ထဲမှာ သိမ်းထားတဲ့ နယ်မြေ ၄ ခုကို ဆက်ထိန်းချုပ်ထားလိုပြီး ခရိုင်းမီးယားအကြောင်းကို လုံး၀မဆွေးနွေးဘူးလို့ ဆိုပါတယ်။ ဒါဟာ ရုရှားအနေနဲ့ စစ်ပမ်းလာလို ခေတ္တအနားတောင်းတဲ့ အနေအထားဖြစ်ပြီး ဒီနည်းက အရှေ့ အ လယ်ပိုင်းဒေသမှာ အာရပ်နိုင်ငံတွေသုံးနေကျနည်းဖြစ်နေတာကိုတွေ့ရပါတယ်။

            ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် ရုရှားအာဏာပိုင်တွေဟာ ခါဆန် ဒေသရဲ့ သိမ်း ပိုက်ထားတဲ့ နယ်မြေရဲ့ အနည်းဆုံး အစိတ်အပိုင်းကနေ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ အသင့်ရှိနေတယ်လို့ဆိုပါ တယ်။ လက်ရှိမှာ ရုရှားတပ်တွေဟာ ခါဆန်ဒေသကနေ ဆုတ်ခွာနေရတာမို့လို့ စေ့စပ်ဆွေးနွေးရေးစခဲ့ရင် စတဲ့ အချိန်မှာရှိနေတဲ့ နေရာမှာ တပ်တွေ ရပ်ထားရမှာမို့လို့ ဒါဟာ ရုရှားဘက်က အသာရမယ့် ဆွေးနွေးမှုပါဘဲ။ ဒါပေမယ့် ဇီလင်စကီးက ယူကရိန်းနယ်မြေ ၄ ခုကို သိမ်းယူပြီးနောက်ပိုင်း ရုရှားနဲ့ မဆွေးနွေးဘူး။ ပူတင် ရုရှား ခေါင်းဆောင်ဖြစ်နေသရွေ့ မဆွေးနွေးဘူးလို့ ဆိုထားတဲ့အတွက် ဒီလို အပေါ်စီးဆန်တဲ့ ဆွေးနွေးမှုကို တရုတ်နဲ့ အိန္ဒိယ ဖိအားကို ယူပြီး ယူကရိန်းကို ဆွေးနွေးဖို့ ပူတင်က ကြံနေတာပါ။ ဒီသတင်းထဲမှာ ရုရှားတပ်တွေ ထိန်း ချုပ်ဖို့ ခက်လာတဲ့ ခါဆန်ဒေသကနေ တပ်ဖွဲ့တွေ ဆုတ်ခွာပေးပြီး ယူကရိန်းနဲ့ ချစ်ကြည်ရေးအတွက် အပေးအယူ တစ်ခုအနေနဲ့ လုပ်လာနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

            အက်စတာနာမှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင်က တပ်သားသုံးသိန်းစုဆောင်းတဲ့အပေါ်  မျှော် မှန်းတဲ့အရေအတွက် ပြည့်တော့မယ်လို့ပြောခဲ့ပြီး နေတိုး စစ်မဟာမိတ်အဖွဲ့နဲ့ ရုရှားတို့ကြား စစ်ရေးအရ ထိပ်တိုက် တွေ့ခဲ့ရင်  ကမ္ဘာ့လုံးဆိုင်ရာ ကပ်ဘေးကြီးကို ဦးတည်သွားနိုင်တယ်ဆိုပြီး နေတိုးကို ခြိမ်းခြောက်ခဲ့ပါတယ်။ ရုရှားအနေ နဲ့ မကြာခဏဆိုသလို အမေရိကန်နဲ့ နေတိုးအဖွဲ့ရဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့နေတာတွေကို  ဟန့်တားနိုင်ဖို့ ခြိမ်းခြောက်နေပေမယ့် ဘာမှာ အရေးအရာလုပ် တုံပြန်တာမခံရပါဘူး။ အဲဒီအစား ထောက်ပံ့မှုက ပိုအားကောင်းလာ နေတာကိုတွေ့ရပါတယ်။  

            မကြာသေးခင်က ယူကရိန်းနိုင်ငံတစ်ဝန်းကို လေကြောင်းကနေ မစ်ဇိုင်းတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ယူကရိန်းဘက် က အရပ်သားတွေ ထိခိုက်သေဆုံးပြီးနောက်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ  နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အ မေရိကန်၊ဗြိတိန်နိုင်ငံတွေက ထောက်ပံ့ဖို့ ကတိပြုခဲ့သလို စတင်လည်း ထောက်ပံ့ပေးနေပြီဖြစ်တာကိုတွေ့ရပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် အားချင်းခေါ်တဲ့ နေတိုးအစည်းအဝေးမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်ရေးလေ့ကျင်ပေးဖို့ အစီအစဉ်ပါလာသလို ယူကရိန်းကိုရေရှည်စစ်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့ဖို့ ပါ ကတိပြုမှုတွေရှိလာခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက် ခုတ်ရာတခြားရှရာတလွဲ ဖြစ်လာတဲ့ အနေအထားပါ။

            ယခုတစ်ပတ်ကျင်းပတဲ့ IMF အစည်းအဝေးမှာ ရုရှားကိုယ်စားလှယ်ကို အဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ် တည်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အီးယူက လူဇင်ဘတ်မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်း စစ်သားထောင်ပေါင်းများစွာကို လေ့ကျင့်ပေးပြီး လက်နက် ဝယ်ယူရေးအတွက် ယူရိုသန်း ၅၀၀ ပတ်ဝန်းကျင်ကူညီမည့်အစီအစဉ်ရှိတာကိုပြောခဲ့ပါတယ်။  အမေရိကန်က လည်း ယူကရိန်းနိုင်ငံတစ်ဝန်းကို ရုရှားက ပြင်းထန်သော ဒုံးကျည်တိုက်ခိုက်မှုများလုပ်ခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာဘဲ ဟိုင်းမားဒုံးကျည်စနစ်အတွက် နောက်ထပ်ခဲယမ်းများပါဝင်တဲ့ အမေရိကန်ဒေါ်လာ ၇၂၅ သန်းတန် ကြေးရှိ တဲ့ စစ်ရေးအကူအညီပေးမယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။ ဒီထောက်ပံ့မှုမှာ ရန်သူ၏ ရေဒါတပ်ဆင်ထား သော ဝေဟင်ကာကွယ်ရေးစနစ်ကို ရှာဖွေပြီး ချေမှုန်းသော ဒုံးကျည်ဖြစ်တဲ့ HARMs ဟုခေါ်သည့် ရန်သူရေဒီယို လှိုင်းကို ထောက်လှမ်းခြေမှုန်းသည့် ဒုံးကျည်တွေပါဝင်တယ်လို့ ဆိုပါတယ်။  ဗြိတိန်သည် ဟောင်ဝဇ္ဇာအမြောက် ၁၈ ခုကိုလည်းကောင်း၊ ဒရုန်းများပေးပို့မယ်ဆိုသလို ဂျာမနီနှင့် ပြင်သစ်တို့ကလည်း ယူကရိန်းထံ ဝေဟင်ကာ ကွယ်ရေးစနစ်များ အသီးသီးထောက်ပံ့ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဂျာမနီဆိုရင် IRIS - T ဝေဟင် ကာ ကွယ်ရေးစနစ် လေးမျိုးထဲက ပထမအမျိုးအစားကို ပေးပို့ခဲ့ပြီးဆိုပါတယ်။

            ဒီလိုလက်နက်အင်အားကောင်းလာသလို စိတ်ဓာတ်ပိုင်းပါ အားကောင်းနေတဲ့ ယူကရိန်းတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကို ရုရှားတပ်တွေ မခံနိုင်ဘဲ ဒရောသောပါးဆုတ်ခွာနေရတာကနေ ပူတင်ဘက်က ဆွေးနွေးဖို့ လေသံတွေ စလာနေတာပါ။ဒါပေမယ့် ရုရှားဘက်က တနင်္လာနေ့မှာ ကာမိကာဇေလို့ခေါ်တဲ့ အသေခံဒရုန်း တွေ သုံးပြီး ကိယက်ဗ့်မြိုု့ကိုတိုက်ခဲ့ပါတယ်။ ဒါဟာ ပူတင်အနေနဲ့ တစ်ဘက်က စေ့စပ်ဆွေးနွေးတဲ့ လေသံ ပစ်နေပြီးတစ်ဘက်က အရပ်သားပစ်မှတ်တွေကို ပစ်ခတ်နေတဲ့ ဆိုးဝါးလွန်းတဲ့ လုပ်ရပ်ပါဘဲ။

            အမေရိကန်နဲ့ နေတိုးအဖွဲ့ကတော့ ရုရှားရဲ့ အရပ်သားပစ်မှတ်တွေကိုပါမချန် ပစ်မှတ်ထားတိုက်ခိုက် တတ်တာကို ပြင်ဆင်ဖို့ မဟာမိတ်နိုင်ငံတွေကို လေကြောင်းကာကွယ်ရေးစနစ်တွေ အမြန်တည်ဆောက်ဖို့ တွန်းအားပေးနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာ ယူကရိန်းစစ်ဆင်နွဲနေတဲ့ ရုရှားဘက်မှာ အထိနာနေတာမို့ ဒရုန်းတွေ မစ်ဇိုင်းတွေ သုံးပြီး ကိယက်ဗ့်ရဲ့ အရပ်ဘက် ပစ်မှတ်တွေကို ရုရှားက ပိုပစ်ခတ်လာတာကို တွေ့နေ ရပါတယ်။ ဒါပေမယ့် ဒါဟာလည်း အချိန်ကာလတစ်ခုရောက်ရင် ယူကရိန်းက ခုခံကာကွယ်နိုင်သွားမှာမို့ ရုရှားအနေနဲ့ စစ်ပွဲကို အရှုံးနဲ့ အဆုံးမသတ်ရဖို့ ပူတင် ဘာတွေ အကြံထုတ်ဦးမလဲ၊ ဘယ်လောက် အရပ်သား တွေ သေကြေဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တရုတ်၏ အရေးပါလာမှု

            လက်ရှိမှာ နိုင်ငံတကာ စောင့်ကြည့်ခံရမှုအများဆုံးရှိနေတာက ကျင်းပနေဆဲ  တရုတ်ကွန်မြူနစ်ပါတီညီလာခံဘဲ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကို တွက်ချက်မှုမှားပြီး ဝင်တိုက်ခဲ့တဲ့ ရုရှားအဖို့ လက်ရှိမှာ အင်အားကြီးနိုင်ငံအဆင့်ကနေ လျောကျဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် အမေရိကန်နဲ့ အင်အားချိန်ခွင့်လျှာ ညှိလာတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ တရုတ်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုက ကမ္ဘာ့အတွက် အရေးပါလာနေပါတယ်။

            ဒီတစ်ပတ်တနင်္ဂနွေက ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီညီလာခံမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က နိုင်ငံတကာမူဝါဒ နဲ့ပတ်သက်ပြီး ဗိုလ်ကျလွှမ်းမိုးမှုကို လက်မခံတဲ့အတွက် ကိုယ်တိုင်လည်း အိမ်နီးချင်း အပါအဝင် အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် ဗိုလ်ကျအနိုင်ကျင့်သွားမှာ မဟုတ်ဘူးလို့ပြောခဲ့သလို တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေးအပါအဝင် အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး စီးပွားရေးအရဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ကို ပြောခဲ့တာတွေ့ရပါတယ်။

            အနောက်အုပ်စုနဲ့ အမြဲထိပ်တိုက်တွေ့နေတဲ့ ထိုင်ဝမ်အရေးကိစ္စမှာ ရှီက ထိုင်ဝမ်ပြဿနာဖြေရှင်းရေး ဟာ တရုတ်နိုင်ငံရဲ့ကိစ္စဖြစ်ပြီး တရုတ်ကပဲဖြေရှင်းရမယ်လို့ ပြောခဲ့သလို ခေတ်သစ်မှာ ထိုင်ဝမ်ပြဿနာ ဖြေရှင်း ရေးအတွက် မူဝါဒတွေ အကောင်အထည်ဖေါ်ပြီး အမျိုးသားပြန်လည်ပေါင်းစည်းရေးကို မဆုတ်မနစ်လုပ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါအပြင် ရှီက  တရုတ်နိုင်ငံဟာ  ကမ္ဘာ့အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲ တိုးတက်ရေးမှာ တက်ကြွသော အခန်းမှ ပါဝင်နေတယ်လို့ဆိုပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ဆုပ်ကိုင်ပြီး နိုင်ငံတကာဆက်ဆံရေးမှာ  ဒီမိုကရေစီကိုအားပေးကာ ကမ္ဘာ့စီမံအုပ်ချုပ်မှုကို ပိုမိုမျှတ ညီမျှအောင်လုပ်ဆောင်နေကြောင်း ပြောခဲ့ပါတယ်။

            ရှီက ကမ္ဘာဟာ အရေးပါတဲ့ သမိုင်းလမ်းဆုံလမ်းခွရောက်နေပြီး အနာဂတ်လမ်းကြောင်းကို ကမ္ဘာ့ပြည်သူ အားလုံးက ဆုံးဖြတ်ရမှာဖြစ်ကြောင်းပြောခဲ့တာကိုတွေ့ရပါတယ်။ ရှီရဲ့ မိန့်ခွန်းကို သရုပ်ခွဲသူတွေက အကောင်း ဘက်က ရှုမြင်ကြပြီး ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးအတွက် အားကောင်းစေတယ်လို့ ယူဆကြပါတယ်။ ယူကရိန်း စစ်ကြောင့် အင်အားကြီးနိုင်ငံတွေရဲ့ ကျူးကျော်လာနိုင်မှုကို စိုးရိမ်နေတဲ့ နိုင်ငံငယ်တွေအဖို့လည်း ရှီကျင့်ဖျင်ရဲ့မိန့်ခွန်းက အဖြေတစ်ခုကိုပေးခဲ့တာတွေ့ရပါတယ်။ဒါဟာ မတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာ့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုဆိုတာ တင်ပြရင်း ယခုတစ်ပတ်နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်