【 ဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်ကြမည့် ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး

【 ဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်ကြမည့် ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေး

တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) ကို ပြီးခဲ့သော စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။
 
အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဝန်ကြီးအဆင့်များ၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၆၀ ကျော်မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြသလို မြန်မာနိုင်ငံမှလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
ထိုကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အက်ရှ်ဂါဘက်မြို့၌လည်းကောင်း၊ ဒုတိယအကြိမ် ဖိုရမ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ရက်မှ ၁၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့၌လည်းကောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြီးမှူး၍ ကျင်းပခဲ့ကြသည်။
 
ယခုတတိယအကြိမ် ဖိုရမ်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရေး အထောက်အကူပြုနိုင်ရန် အပြန်အလှန်ချိတ်ဆက်မှုမြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာသစ်များအသုံးပြုရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်ကျင်းပခဲ့သည်။ထိုဖိုရမ်နှင့်အတူ မျက်နှာစုံညီအစည်းအဝေး၊ ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာနိုင်ငံများမှ အကြီးအကဲများ တက်ရောက်ခဲ့သလို မြန်မာနိုင်ငံမှလည်း တာဝန်ရှိလူကြီးများနှင့်အတူ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများပါ တက်ရောက်ခဲ့ကြသည်။
 
ဖိုရမ်အစီအစဉ်များကို နေ့အလိုက် အစီအစဉ်များကျင်းပခဲ့သလို မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မဟာဗျူဟာမြောက် အချက်အချာနေရာ၌ တည်ရှိနေသလို တရုတ်နိုင်ငံက ဦးဆောင်ဦးရွက်ပြုနေသော Belt and Road Initiative(BRI) နှင့် မဲခေါင်-လန်ချန်း အစီအစဉ်များ၌လည်း မြန်မာနိုင်ငံက တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ထို့အပြင် ကုန်းရေနှစ်သွယ် စင်္ကြံထူထောင်ရေး၌ အဓိကအရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန်အတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အတွေ့အကြုံ အသိ ပညာများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၌လည်း ပါဝင်ဆောင်ရွက်နေလျက်ရှိသည်။
 
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကဆက်စပ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် သင့်လျော်ကောင်းမွန်သည့် ဝန်ဆောင်မှုလိုအပ်ချက်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊ စွမ်းအင်ပြုန်းတီးမှု၊ ကာဗွန်များပြားစွာထုတ်လွှတ်မှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခြင်းများလည်းရှိသည်။ထို့ကြောင့်ပင် ယာဉ်အန္တရာယ်/လမ်း အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက်ရှိသလို ဘက်စုံပို့ဆောင်ရေးစနစ်ကို အသုံးပြုရန် လိုအပ်ချက်များအတွက်လည်း အစိုးရပိုင်းက ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲအတည်ပြုထားပြီးဖြစ်သည်။
 
မြန်မာနိုင်ငံတွင် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း (National Transport Master Plan) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းများအရ လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းအပါအဝင် ထုတ်လုပ်သုံးစွဲမှုများအတွက် အမျိုးသားအဆင့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ မဟာဗျူ ဟာများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ရေကြောင်း၊ လေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင်လည်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) တို့က ချမှတ်သည့် နိုင်ငံတကာစံညွှန်းများနှင့်အညီ အကောင်အထည်ဖော်ကာ ဆောင်ရွက်နေလျက်ရှိသည်။
 
ကုန်းရေနှစ်သွယ် စင်္ကြံထူထောင်ရေးနှင့် စပ်လျဉ်းသည့် Comprehensive Transport Investment Promotion Conference တွင်လည်း အဓိကအရေးပါသည့် နိုင်ငံဖြစ်လာစေရန် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို အောင်မြင်စွာကျော်လွှားနိုင်ရန် ကြိုး ပမ်းဆောင်ရွက်လျက်ရှိသည်။ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ပို့ဆောင်ရေးကဏ္ဍ ဖြစ်ပေါ်လာစေရန် ဝန်ကြီးများအဆင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ပြုရေး စားပွဲဝိုင်းဆွေးနွေးပွဲ (Ministerial Roundtable on Building a Global Sustainable Transport Partnership) သို့လည်း နိုင်ငံ ၁၈ နိုင်ငံမှ ဝန်ကြီးများ၊ ကမ္ဘာ့ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၅ ခုတို့မှ အကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံမှလည်း တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။
 
ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲအတွင်း ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ပြုရေး မြှင့်တင်ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ အားလုံးပါဝင်မှုနှင့် တန်းတူညီမျှမှု (Inclusivity and Equality)၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)၊ ခံနိုင်ရည်ရှိမှုနှင့် လိုက်လျောညီထွေရှိမှု (Resiliency and Adaptability)၊ ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှု (Trust and Mutual Respect) တို့ကို အလေးထားသုံးသပ် ဆွေးနွေးကြပြီး နိုင်ငံများအနေဖြင့် တက်ကြွစွာ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လည်း မြန်မာနိုင်ငံဘက်မှ အကြံပြုတိုက်တွန်းကာ ပြောကြားထားသည်။
 
ထိုရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်မှု၊ ပူးပေါင်းပံ့ပိုးမှုနှင့် မျှဝေခံစားသည့် အလေ့အကျင့်များကို လိုက်နာရန် အရေးကြီးပြီး ယင်းဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် အရေးပါမှုကို အလေးပေးဖော်ပြထားလျက်ရှိသည်။ထိုအလေ့အကျင့်များကို လိုက်နာခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံသာယာ ဝပြောရေးကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ အထောက်အကူများ ဖြစ်စေမည်ဖြစ်သည်။
 
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှု မြှင့်တင်ရန်၊ အစိမ်းရောင် သယ်ယူပို့ဆောင်ရေး အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန်နှင့် ဘေးကင်းလုံခြုံသော၊ အဆင်ပြေ၊ ထိရောက်သော၊ အစိမ်းရောင်၊ ချွေတာရေး၊ အားလုံးပါဝင်ပြီး ခံနိုင်ရည်ရှိသော ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ကို ဖန်တီးရန်အတွက် စမတ်ကျသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အတူတကွပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ယင်းဖိုရမ်တွင် တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် He Lifeng က ပြောကြားထားသည်။
 
အရည်အသွေးမြင့်မားသော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ခြင်းမှာ အရေးကြီးသည့် အခြေအနေကိုလည်း မီးမောင်းထိုးကာ ပြသထားပြီး ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံ၏ ရှင်းလင်းပြတ်သားသော ကတိကဝတ်များကိုလည်း ယင်းဖိုရမ်အစည်းအဝေးသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားလျက်ရှိပေသည်။
 
တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၏ “ခက်ခဲသောဆက်သွယ်မှု” ကို မြှင့်တင်ရန်နှင့် စနစ်စည်းမျဉ်းများ “ပျော့ပျောင်းသော ဆက်သွယ်မှု” ကို မြှင့်တင်ရန်အတွက် အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိနေပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပဏာမအကောင်အထည်ဖော်မှု၊ UN 2030 စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးနှင့် လူသားမျိုးနွယ်အတွက် မျှဝေသည့် အနာဂတ်ရှိသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးတို့ကို အထောက်အကူပြုစေမည်ဖြစ်သည်။
 
ထိုဖိုရမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကလည်း ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. He Lifeng နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး H.E. Mr. Li Xiaopeng နှင့်လည်းကောင်း တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ဆောင်ရွက်ဆဲ စီမံကိန်းများနှင့် အနာဂတ်စီမံကိန်းများအတွက် အလေးထားပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ နှစ်ဘက်အမြင် ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
 
မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့ကလည်း ဖိုရမ်အစည်းအဝေးပြီး နောက် ညနေပိုင်းတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China Railway Group Co. Ltd ၏ ဌာနချုပ်သို့ သွားရောက်ပြီး ရထားပို့ဆောင်ရေးပြတိုက်သို့ လေ့လာ၍ မူဆယ်-မန္တလေး ရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာအပေါ် သုံးသပ်တွေ့ရှိချက်များကိုလည်းကောင်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။နောက်ရက်များတွင် China Railway ဌာနချုပ်သို့ သွားရောက်၍ တရုတ်နိုင်ငံအတွင်း ပြေးဆွဲလျက်ရှိသော ရထားများ၏ သွားလာမှုထိန်းချုပ်ရေးစနစ် (Centralized Traffic Control-CTC) ကို လေ့လာကြည့်ရှုမှုများဖြင့်လည်းကောင်း၊ China Communication Construction Co.Ltd နှင့်  China Harbour Engineering Co.Ltd တို့မှ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
 
လက်ရှိတွင် တရုတ်နိုင်ငံသည် “ပိုးလမ်းမ စီးပွားရေးခါးပတ်” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ” Belt and Road Initiative (BRI) ကို အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံမှ ဥရောပတိုက်အထိ အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်း ဒေသများနှင့် ရှရှားတို့မှ ဖြတ်သန်း၍ ကုန်စည်စီးဆင်းမှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ချိတ်ဆက်တိုးမြှင့်ရန် စီမံဆောင်ရွက်နေပြီး မြန်မာနိုင်ငံကလည်း ပထဝီလမ်းကြောင်းအရအရေးပါသော နေရာတွင် ရှိနေရာ နှစ်နိုင်ငံကြားတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများကိုလည်း အကောင်အထည်ဖော်နေလျက်ရှိသည်။
 
မြန်မာနိုင်ငံတွင်လည်း ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲကာ လုပ်ဆောင်နေသလို ပူးပေါင်းဆောင်ရွက်လာသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ စီမံကိန်းများကြောင့်လည်း နိုင်ငံ၏ ကုန်စည်စီးဆင်းမှုအပါအဝင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်၍ လူနေမှုဘ၀ ဖွံ့ဖြိုးရေးများအတွက်ပါ အထောက်အကူ ကောင်းများ ဖြစ်လာစေတော့မည်ဟု ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်