【 ဆောင်းပါး 】 နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ကြမည်

【 ဆောင်းပါး 】 နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ကြမည်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ကာ ကြုံတွေ့လာသော လူကုန်ကူးမှုအပါအဝင် ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများအတွက် နှစ်နိုင်ငံ အတူပူးပေါင်းကာ လုပ်ဆောင်သွားရန် စီစဉ်ထားလျက်ရှိသည်။

ထိုသို့ပူးပေါင်းလုပ်ဆောင်ရန်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) တစ်ရပ်ကို နေပြည်တော်တွင် မကြာသေးခင်ကာလအတွင်းက ကျင်းပခဲ့ပြီးနောက် အစီအမံများချမှတ်ကာ ဆောင်ရွက်နေကြခြင်းလည်းဖြစ်သည်။

ယခု အောက်တိုဘာလအတွင်းတွင်လည်း မြန်မာ့မြောက်ပိုင်း၌ ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ ၇၀၀ ကျော်ကို တရုတ်နိုင်ငံဘက်သို့ ဘက်လွှဲပြောင်း ပေးအပ်ခဲ့သလို ဆက်သွယ်ရေးလိမ်လည်မှု ဖြစ်ရပ်များကို ပူးပေါင်းအဖွဲ့များဖြင့် တိုက်ဖျက်လုပ်ဆောင်ခဲ့ကြရာ လက်ရှိတွင် အောင်မြင်မှုများစွာလည်း ရရှိလာခဲ့သည်။

ထို ၇၀၀ ကျော်ကို နှစ်သုတ်ခွဲ၍ လွှဲပြောင်းပေးအပ်ရာတွင် ၄၉၇ ဦးကို ယူနန်ပြည်နယ်၊ လင်ဆန်းမြို့၊ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ၂၀၉ ဦးကို ဖူရ်မြို့၊ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သလို ယင်းအနက်တွင် ဝရမ်းပြေး ၂၆ ဦး ပါဝင်နေလျက်ရှိသည်။

ထို့အတူ စက်တင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုဖြစ်ပွားသည့် နေရာပေါင်း ၁၁ ခုကို ဖြိုခွင်းခဲ့ကြပြီး ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီးခဲ့ကြသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့လုံခြုံရေးဦးစီးဌာနတို့၏ အစီအမံဖြင့် ဆစ်ဆောင်ပနား ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံမှ သက်ဆိုင်ရာဒေသခံ ဥပဒေကျင့်သုံးရေးဌာနများနှင့် ပူးပေါင်းပြီး ဖြိုခွင်းလုပ်ဆောင်ခဲ့ကြခြင်းလည်းဖြစ်သည်။

ထိုဖမ်းဆီးထားသူ ၂၆၀ ကျော်အနက်တွင် တရုတ်နိုင်ငံသား ၁၈၆ ဦး၊ မြန်မာနိုင်ငံသား ၆၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦးနှင့် နောက်ကွယ်မှ ကြိုးကိုင်သူ ၂၁ ဦး၊ ဝရမ်းပြေး ၁၃ ဦး ပါဝင်ခဲ့သည်။

ဝရမ်းပြေးများအနက်တွင် တစ်ဦးမှာ လူသတ်မှုကျူးလွန်ခဲ့ပြီး ၁၉ နှစ်ကြာ ဝရမ်းပြေးနေသူဖြစ်သလို တရုတ်နိုင်ငံသား သံသယရှိသူများကို တရုတ်ရဲဘက်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ထို့အပြင် သြဂုတ်လအတွင်းကလည်း ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူနှစ်ဦးကို မြန်မာဘက်မှ တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ လောင်းကစားနှင့် လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်လည်းဖြစ်ခဲ့သလို ဆက်သွယ်ရေးလိမ်လည်သည့် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်နှိမ်နင်းရာတွင် အဓိကကျသူလည်းဖြစ်ခဲ့သည်။

ပြီးခဲ့သောဇွန်လအတွင်းကလည်း အလားတူ ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ခြောက်ဦးကို တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်ခဲ့ကြသေးသည်။

ထိုကဲ့သို့သော ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအပါအဝင် လူကုန်ကူးမှုများနှင့်ပတ်သက်၍လည်း တားဆီးနှိမ်နင်းရေးကိစ္စရပ်များကို နှစ်နိုင်ငံကြား၌ အတူပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အပြင် လန်ချန်း-မဲခေါင်ဒေသအတွင်း ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှုများ၊ အဓမ္မခိုင်းစေမှုများ အစရှိသည့် အမှုအခင်းများကို တိုက်ဖျက်ရေးလုပ်ငန်းများအတွက်ကိုလည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အတူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်၌ ကျင်းပခဲ့သည့် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) ၌ ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

ထို့အပြင် တရားမဝင် ဝင်/ထွက်သွားလာမှုများ၊ နှစ်နိုင်ငံအကြား သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူကုန်ကူးမှုများကို စုံစမ်းဖော်ထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းလုပ်ငန်းများနှင့် ကျူးလွန်သူ တရားခံများကို ဖမ်းဆီးခြင်းဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ အတူပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များကို ရေးဆွဲခဲ့ကြသည်။ထိုသို့သော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပြင် နှီးနွယ်နေသော အခြားအိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

မကြာသေးမီကာလအတွင်းကလည်း တရုတ်-ထိုင်း-မြန်မာ-လာအို ၄ နိုင်ငံ ရဲတပ်ဖွဲ့များက အတူပူးပေါင်းကာ လောင်းကစားနှင့် လိမ်လည်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့ကြသည်။ထိုအစီအစဉ်တွင် ဒေသတွင်း ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များနှင့် အွန်လိုင်းလောင်းကစားပြစ်မှု ကျူးလွန်မှုများကို တင်းကျပ်စွာ တိုက်ဖျက်ခြင်းများဖြင့်လည်းကောင်း၊ လူကုန်ကူး ခြင်း၊ ပြန်ပေးဆွဲ ထိန်းချုပ်ထားခြင်း စသည့် ပြစ်မှုများကိုလည်း ထိရောက်သည့် တိုက်ဖျက်နှိမ်နင်းမှုလုပ်ငန်းများဖြင့်လည်းကောင်း လုပ်ဆောင်သွားရန် ရည်ရွယ်၍ ဆွေးနွေးမှုများပြုလုပ်ကာ စီစဉ်ခဲ့ကြသည်။

လူကုန်ကူးမှုဖြစ်ရပ်များသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားမှုများပြားလေ့ရှိပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် အခြေပြုကာ ဖြစ်ပွားမှုများလေ့ရှိတတ်သည်။မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့ခဲ့သော လူကုန်ကူးမှုဆိုင်ရာ ဖြစ်ရပ်များတွင် သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် လူကုန်ကူးမှု ၂၃၉ မှု ဖြစ်ပွားခဲ့ပြီး ၂၀၂၀ အတွင်းတွင် အမှုပေါင်း ၃၅၀ ကျော် ဖြစ်ပွားခဲ့သည်။ထိုလူကုန်ကူးမှုဆိုင်ရာ အချက်အလက်များတွင် လူကုန်ကူးခံရသူများမှာ အသက်အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်နေခြင်းကြောင့် လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များမှာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်လာနိုင်ကြောင်းကို ညွှန်းဆိုပြနေလျက်ရှိသည်။

လူကုန်ကူးမှုဖြစ်ပွားစေသည့် အကြောင်းအရင်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရင်းဖြင့် ကျွန်ပြု အမြတ်ထုတ်ခံရခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရခြင်းအပါအဝင် အခြားကာမကိစ္စရပ်ဆိုင်ရာ တစ်မျိုးမျိုးကို ကျူးလွန်ခံရခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထုတ်ယူဖယ်ရှားခံရခြင်း စသည်ဖြင့် ဖြစ်ပွားမှုများခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁၃၁ မှု၊ ၂၀၁၇ ခုနှစ်တွင် ၂၂၅ မှု၊ ၂၀၁၈ ခုနှစ် ၂၀၆ မှုနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းများအရ ၁၈ မှု စသည်ဖြင့် ဖော်ထုတ်နိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ထားသော စာရင်းများ၌ ဖော်ပြထားလျက်ရှိသည်။

လူကုန်ကူးသူများသည် နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်ကာ ဖြစ်ပွားလေ့ရှိသောကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်လျက်ရှိသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် ယင်းကဲ့သို့သော ဆိုးရွားလှသည့် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းကို ကမ္ဘာတစ်ဝန်း၌လည်း အသိအမှတ်ပြုထားကြသည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိရာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို တားဆီးနှိမ်နင်း တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းများက ထိရောက်သည့် အခြေအနေမျိုး ရရှိလာစေမည်ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာ တတိယပတ်အတွင်းကလည်း တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ်၊ လဲ့ယွင်းဂန် (Lianyungang) မြို့၊ Lianyung New City Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (The 2023 Conference of Global Public Security Cooperation Forum) တွင် နိုင်ငံပေါင်း ၅၀ ကျော်နှင့်အတူ မြန်မာနိုင်ငံမှလည်း တက်ရောက်ခဲ့ကြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးလူးဆက်ဆံ သွားလာနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ နှစ်နိုင်ငံ နယ်စပ်မှ တရားမဝင် ဝင်/ထွက်မှု မရှိစေရေးအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုနှင့် Online Game ကဲ့သို့သော လောင်းကစားမှုများ မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ တရုတ်-မြန်မာ-ထိုင်း-လာအို စသည်ဖြင့် လေးနိုင်ငံ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးလိမ်လည်မှုများကို ထိရောက်စွာဖော်ထုတ် ဖမ်းဆီးနေမှုများကိုလည်းကောင်း၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၌ အောင်မြင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသလို ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဖြင့် နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလာမှုများနှင့်အတူ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတွင် အတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများကြားတွင် များစွာအကျိုးဖြစ်ထွန်းစေတော့မည့်အကြောင်းကို ရေးသားလိုက်ရပါတော့သည်။

ဧပရယ်လ်