【 ဆောင်းပါး 】“ အိမ်နီးချင်းနဲ့ နှစ် ၇၂ နှစ်တာ”

【 ဆောင်းပါး 】“ အိမ်နီးချင်းနဲ့ နှစ် ၇၂ နှစ်တာ” 

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်းက ယခု ၂၀၂၂ခုနှစ် ဇွန် ၈ ရက်တွင် နှစ်ပေါင်း ၇၂ နှစ်သို့ ရှိခဲ့ပြီဖြစ်သည်။ နှစ် ၇၀ ပြည့်ဖြစ်သည့် ၂၀၂၀ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ခရီးစဉ်မှာလည်း ယခုအခါ ၂ နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။  မြန်မာနိုင်ငံခရီးစဉ်အဖြစ် မလာရောက်မီ ဇန်နဝါရီလ ၁၆ ရက်ထုတ် အစိုးရပိုင် မြန်မာသတင်းစာများတွင် တရုတ် သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်ရေးသားသော တရုတ်–မြန်မာ ချစ်ကြည်ရေး ဆောင်းပါးတစ်ပုဒ်တွင် တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးတွင် စာမျက်နှာသစ် ရေးသားလိုကြောင်း ပြောကြားခဲ့သည်။

၁၉၅၀ခုနှစ်က စခဲ့သည့် ၇၂ နှစ်ကြာ ခေတ်သစ်တရုတ်ပြည်နှင့် သံတမန်ဆက်ဆံရေးမှာ နှစ်ဘက် နိုင်ငံများအကြား တစ်ခါတစ်ရံတွင် အနည်းငယ်ဝေးသွားသလို ရှိခဲ့သော်လည်း အများအားဖြင့် နိုင်ငံရေး၊စီးပွားရေးနှင့် ယဉ်ကျေးမှုတွင် နီးကပ်သည့်ဆက်ဆံရေးရှိခဲ့သည်က များသည်။ အထူးသဖြင့် ကမ္ဘာ့မျက်နှာစာတွင် တရုတ်နိုင်ငံ အင်အားကြီးထွားလာသည်နှင့်အမျှ တရုတ်နှင့်အိမ်နီးချင်းနိုင်ငံများ၏ မဟာဗျူဟာအရ အရေးပါလာမှုရှိသလို အင်အားကြီးနိုင်ငံများကြား အင်အားလွန်ဆွဲပွဲဂယက်ရိုက်မှုများလည်း သံတမန်ဆက်ဆံရေးတွင် အနည်းနှင့် အများဆိုသလို ရှိခဲ့သည်။

ခေတ်သစ်ကမ္ဘာတွင် စီးပွားရေးကို ဦးစားပေးလာသည်နှင့် အမျှ လူဦးရေတစ်ဘီလျံ ကျော်ရှိသည့် တရုတ်နိုင်ငံ၏ လူလတ်တန်းစားစျေးကွက်က  ကမ္ဘာ့နိုင်ငံကြီးများနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများအတွက် မက်မောစရာဖြစ်သည်။ ထိုစျေးကွက်ကြောင့်  တရုတ်နှင့်အနီးစပ်ဆုံးရှိသည့်  အိမ်နီးချင်းနိုင်ငံများအတွက်  ထိုစျေးကွက်ကို အမှီသဟဲပြုကာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ရသကဲ့သို့ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကြောင့်လည်း ဒေသတွင်းအခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်လာမှုကို တွေ့ရသည်။ ထိုသည်က အိမ်နီးချင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက  ဘေးနိုင်ငံများပါ အကျိုးဖြစ်ထွန်းလာစေခြင်းပင်ဖြစ်သည်။

နယ်နိမိတ်ကျယ်ပြန့်ကာ ထိစပ်သည့်နိုင်ငံများစွာရှိသည့် တရုတ်နိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးက လက်ရှိကာလတွင် အရေးပါလာသည့်အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့သည်။ ထိုအိမ်နီးချင်းနိုင်ငံများထဲ မြန်မာနိုင်ငံနှင့် ချစ်ကြည်မှုသမိုင်းကြောင်းက ရှည်ကြာခဲ့ပြီ ဖြစ်သည်။

သမိုင်းကြောင်းကို ပြန်ကြည့်ပါက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှာ ကိုလိုနီလက်အောက်ခံနိုင်ငံများဘ၀နှင့် ဖြတ်သန်းခဲ့ရပုံတူသလို ပြည်တွင်းပဋိပက္ခကြုံရသည့် အခြေအနေကလည်း တူသည်။ သို့သော်တရုတ်နိုင်ငံက ပြည်တွင်းညီညွတ်မှုကို တည်ဆောက်နိုင်ပြီး ငတ်မွတ်နေသည့် သန်းပေါင်းရာနှင့်ချီသည့်  တရုတ်ပြည်သူများကို ဆင်းရဲမွဲတေမှုမှ လွတ်စေခဲ့သည်။ လွန်ခဲ့သည့် ၁၉၅၀ အချိန်နှင့် ယခုအချိန် ရာစုနှစ်ဝက်ကျော်အတွင်း တရုတ်၏ ပုံရိပ်နှင့် ယခုတရုတ်ပုံရိပ်မှာ ကမ္ဘာတွင် ပြောင်းလဲသွားသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မပြောင်းလဲသည်က တရုတ်-မြန်မာဆက်ဆံရေးပင်ဖြစ်သည်။ 

ခေတ်သစ် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို  ၁၉၅၀ ခုနှစ်မှ စကာ စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က တရုတ်ခေါင်းဆောင် မော်စီတုံးဦးဆောင်သည့် ကွန်မြူနစ်များက ချန်ကေရှိတ်ဦးဆောင်သည့် ကူမင်တန် အစိုးရကို တိုက်ထုတ်ပြီးနောက် တရုတ်နိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ် စတင်တည်ထောင်ခဲ့ရာ မြန်မာနိုင်ငံမှာ  ကွန်မြူနစ်မဟုတ်သော နိုင်ငံများထဲက ပထမဆုံးအသိအမှတ် ပြုသည့် နိုင်ငံဖြစ်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ သမ္မတမှာ စဝ်ရွှေသိုက်ဖြစ်ကာ ဝန်ကြီးချုပ်မှာ ဦးနု ဖြစ်သည်။ 

တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြားဆက်ဆံရေးတွင် ၁၉၅၄ခုနှစ်မှ စတင်နီးစပ်လာခဲ့သည်။ ၁၉၅၄ ခုနှစ် ဇွန်လတွင်  မြန်မာနိုင်ငံသို့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း ချစ်ကြည်ရေးခရီးလာရောက်ခဲ့ကာ အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပထမဆုံးကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့သည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် သွားရောက်ခဲ့သည့် ဝန်ကြီးချုပ်ဦးနု၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် ပေါက်ဖော်ဆက်ဆံရေးကို ပို၍အားကောင်းစေခဲ့သည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ မြန်မာဝန်ကြီးချုပ် ဦးနု၏  တရုတ် ပြည်သူ့သမ္မတ နိုင်ငံခရီးစဉ်တွင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုံးနှင့် ပထမဆုံး အကြိမ်တွေ့ဆုံခဲ့သည်။  ထိုခရီးစဉ်အပြီး တရုတ်နိုင်ငံ ကူမင်းမြို့တွင် မြန်မာကောင်စစ်ဝန်ရုံး၊ မြန်မာနိုင်ငံ လားရှိုးမြို့တွင် တရုတ်ကောင်စစ်ဝန်ရုံးတို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ရန်ကုန်မြို့နှင့် ကူမင်းမြို့အကြား လေကြောင်းသယ်ယူပို့ဆောင်မှု စတင်နိုင်ခဲ့ပြီး ပေကျင်းမြို့နှင့် ရန်ကုန်မြို့အကြား စာပို့နှင့် ကြေးနန်းဆက်သွယ်မှုကို အစပြုနိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်နောက်ပိုင်း ပေကျင်းနှင့် ရန်ကုန်အကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှု ကဏ္ဍတို့တွင် သိသိသာသာ မြင့်တက်ခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ ၁၉၅၄ခုနှစ် ပထမဆုံးခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး  ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်မကျူးကျော်ရေးစာချုပ် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကာ  ထိုအတိုင်းနှစ်နိုင်ငံစလုံးက အရေးစိုက်ကျင့်သုံးခဲ့သည်။ မြန်မာဝန်ကြီးချုပ်ဦးနုနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း တို့၏ ထိုပူးတွဲကြေညာချက်မှာ နောင်တွင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် အဖြစ် ထင်ရှားခဲ့သည်။ 

တရုတ်-မြန်မာနှစ်နိုင်ငံကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှာ ၁၉၅၄ ခုနှစ် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏ ချစ်ကြည်ရေးခရီးစဉ်များအပေါ် အခြေတည်ခဲ့သည့်အပြင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌမော်စီတုံးနှင့် ဝန်ကြီးချုပ်နု တို့အကြား ပထမဆုံးတွေ့ဆုံဆွေးနွေးမှုကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အခြေခံအုတ်မြစ်ကောင်းကို ချမှတ်နိုင်ခဲ့သည်။

၁၉၅၆ခုနှစ် ဒီဇင်ဘာတွင်  တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးထပ်မံလာ ရောက်ခဲ့သလို ၁၉၆၀ ခုနှစ်ဧပြီ၊ ၁၉၆၁ခုနှစ် ဇန်နဝါရီ၊ ၁၉၆၄ဖေဖေါ်ဝါရီနှင့်  ဇူလိုင်၊ ၁၉၆၅ ခုနှစ် ဧပြီလတို့တွင်လည်း လာရောက်ခဲ့သည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် ၁၉၅၄ မှ ၁၉၆၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၈ ကြိမ် လာရောက်လည်ပတ်ခဲ့သည်။

တရုတ်နှင့် မြန်မာ အကြားဆက်ဆံရေးမှာ ခက်ခဲခဲ့သည့်အချိန်များလည်းရှိခဲ့သည်။ ၁၉၆၆ ခုနှစ် ဧပြီလ တရုတ်သမ္မတ လူရှောက်ချီ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်ပြီးနောက်  ၁၉၆၇ ခုနှစ်တွင် တရုတ်-မြန်မာ အရေးအခင်းဖြစ်သောအခါ နှစ်နိုင်ငံဆက်ဆံရေး ယာယီ ပြတ်တောက်သွားခဲ့သည်။ သို့သော် ၁၉၇၀ ခုနှစ် များတွင် နှစ်နိုင်ငံ ပြန်လည်ထိတွေ့ဆက်ဆံမှုများရှိလာခဲ့သည်။ ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ တရုတ် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်လာရောက်ခဲ့ပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးမှာ ပြန်လည်နွေးထွေး လာခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံအကြား အပြန်အလှန်နိုင်ငံခေါင်းဆောင်များခရီးစဉ်မှာ ၁၉၈၀ နောက်ပိုင်းတွင် လည်းရှိခဲ့သည်။ တရုတ်ဘက် တရုတ်သမ္မတလီရှန်နင့်(၁၉၈၅-မတ်) ၊ဝန်ကြီးချုပ် လီပင်း(၁၉၉၄-ဒီဇင်ဘာ) တရုတ်သမ္မတ ကျန်ဇီမင်း(၂၀၀၁-ဒီဇင်ဘာ)၊ဒုသမ္မတ ရှီကျင့်ဖျင်(၂၀၀၉-ဒီဇင်ဘာ)၊တရုတ်ဝန်ကြီးချုပ် လီခချန် (၂၀၁၄ - နိုဝင်ဘာ) ၊ တရုတ်သမ္မတရှီကျင့်ဖျင်(၂၀၂၀-ဇန်နဝါရီ)တို့ လာရောက်ခဲ့သည်။

တရုတ်-မြန်မာ ဆက်ဆံရေးမှာ အတက်အကျ၊ အတိုးအဆုတ်များရှိလင့်ကစား ဝန်ကြီးချုပ်ဦးနု ဦးဆောင်၊ ကမကထပြုခဲ့သည့် ပေါက်ဖော်သံတမန်ဆက်ဆံရေးသည် ယနေ့ထက်တိုင် အသက်ဝင်နေဆဲ၊ အား ကောင်းနေဆဲ ပင်ဖြစ်သည်။ ၂၀၂၀ခုနှစ် ဇန်နဝါရီတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း ထိုစဉ်က မြန်မာအစိုးရခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး သမ္မတရှီကျင့်ဖိန်က မိမိတို့ နှစ်နိုင်ငံအနေဖြင့် အချင်းချင်းပူးပေါင်းကြိုးပမ်းအားထုတ်မှုကြောင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ခေတ်သစ် တစ်ခုဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ယခုခရီးစဉ်အောင်မြင်မှုရှိမည် ကို အခိုင်အမာယုံကြည်ကြောင်း ပြောခဲ့သည်။

၁၉ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်သည့် ထိုခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်  ဤခရီးစဉ်တွင် အောက်ပါသတင်းစကားသုံးခုကို ပေးပို့နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ ပထမအချက်မှာ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့် နိုင်ငံ၏ ကိုယ်ပိုင်အနေအထားများနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ လျှောက်လှမ်းနေပါကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေးကို တွန်းအားသစ်နှင့် တက်ကြွမှုအသစ် ဖြည့်တင်းပေးမည့် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ခိုင်မာသောအုတ်မြစ်နှင့် ပူးတွဲအားထုတ်မှုများကို အကျိုးခံစားရလျက် ရှိကြောင်း၊ တတိယအချက်မှာမူ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ခြင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှု (BRI) ချိန်ညှိရေးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု  မဟာဗျူဟာများ အရှိန်မြှင့်တင်ခြင်းများအားဖြင့် နှစ်နိုင်ငံပြည်သူများထံ အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးသွားရန် ဖြစ်ကြောင်း ပြောခဲ့ကာ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ လက်တွဲကာ အစဉ်အလာရှိထားသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး ရှေ့ဆက်ရေးလုပ်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတစ်ခု ရေးဆွဲရန်၊ တရုတ်-မြန်မာဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခု ဖွင့်လှစ်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က " တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၌ 'တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း' ဟူသော တူညီသည့်ဆိုရိုးစကား ရှိပါသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် သမိုင်းဝင် စမှတ်သစ်မှစ၍ ကျွန်တော်တို့သည် မြန်မာမိတ်ဆွေများနှင့်အတူ လက်တွဲကြိုးပမ်း၍ ပိုမိုရင်းနှီးသည့် အေးအတူ ပူအမျှ တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးကာ နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံစဉ်သစ်များကို ဆက်လက်ပုံဖော်သွားမည် ဖြစ်ပါသည်" ဟု မြန်မာသတင်း စာတွင် ရေးသားခဲ့သည်ကို တွေ့ရသည်။

နိုင်ငံရေးမတည်မငြိမ်၊ ပြဿနာများနှင့် ပဋိပက္ခများရှုပ်ထွေးနေသည့် ယခုကာလကိုကျော်လွန်ကာ ပြန် လည်အေးချမ်းလာပြီး ပြည်သူများလိုလားသည့်ဆန္ဒပြန်လည် ပြည့်စုံလာသည့်အချိန်ကာလသို့ ရောက်သည့်အခါ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာသတင်းစာတွင် ရေးခဲ့သည့် ဆောင်းပါးထဲကလို ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံစဉ်သစ်များကို ဆက်လက်ပုံဖော်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

လင်းသစ်အောင်