【 ဆောင်းပါး 】မြန်မာအွန်လိုင်းစျေးကွက် အားထားရသော တရုတ်ထုတ်ကုန်များ

【 ဆောင်းပါး 】မြန်မာအွန်လိုင်းစျေးကွက် အားထားရသော တရုတ်ထုတ်ကုန်များ

မြန်မာနိုင်ငံမှာ အွန်လိုင်းရောင်းဝယ်မှုတွေဟာ အခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက အွန်လိုင်းရောင်းဝယ်မှုဆိုတာဟာ လူအနည်းစုသာ လုပ်ဆောင်ခဲ့ကြသလို သိပ်ပြီးတွင်ကျယ်မှုမရှိလှတဲ့ အနေအထားကနေ ကိုဗစ်ကာလမှအစပြုလို့ တွင်ကျယ်လာတဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့တာပါ။

အဲဒီလို အွန်လိုင်းရောင်းဝယ်မှုတွေထဲမှာ အဝတ်အထည်နဲ့အသုံးအဆောင်တွေ၊ အစားအသောက်တွေ အများဆုံးပါဝင်ပြီး လက်ရှိအချိန်အထိပင် Live လွှင့်ရောင်းချရင်း ဝင်ငွေအများအပြားကိုဖန်တီးလာနိုင်တဲ့အထိ တွင်ကျယ်လာခဲ့သလို မိုဘိုင်းဖုန်းသုံးစွဲတဲ့ လူတိုင်းလိုလိုကြားမှာ ရေပန်းစားလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

အွန်လိုင်းရောင်းဝယ်မှုတွေမှာ လုပ်ဆောင်ကြတဲ့ ပစ္စည်းတွေထဲ အများစုဟာ အိမ်နီးချင်းဖြစ်တဲ့ တရုတ် နိုင်ငံကနေ နယ်စပ် လမ်းကြောင်းမှ တင်သွင်းလာကြပြီး အချို့မှာတော့ ပင်လယ်ရေကြောင်းကနေ ကုန်သေတ္တာတွေနဲ့ တင်သွင်းလာကြတာပါ။ ဒါဟာလည်း တရုတ်ထုတ်ကုန်တွေဟာ ဝယ်သူနှစ်သက်စေမယ့် အရောင်အသွေး ဒီဇိုင်းတွေအပြင် စိတ်ဝင်စားစရာ စွဲဆောင် မှုရှိနေတာ၊ ဝယ်သူတိုင်းလက်လှမ်းမီနိုင်တဲ့ အခြေအနေတွေဖြစ်နေတာ၊ အသုံးဝင်မှုများပြားစေတဲ့ ပစ္စည်းမျိုးတွေဖြစ်နေတာ စတဲ့အချက်တွေကြောင့်လည်း သုံးစွဲသူတွေကြားမှာ တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းရောင်းဝယ်မှုရဲ့ စျေးကွက်ထဲမှာ အချို့သော ဝိသမဆန်စွာ လုပ်ကိုင်ကြတဲ့သူတွေကြောင့်လည်း လိမ်ညာမှုတွေ ဖြစ်လာပြီး ဖွံ့ဖြိုးလာမယ့် အွန်လိုင်းရောင်းဝယ်မှုရဲ့အနာဂတ်ကို အဟန့်အတားဖြစ်အောင် လုပ်ဆောင်သလို အခြေအနေတွေကလည်း ရှိနေပါတယ်။ လိမ်ညာတာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်ကြတဲ့အထဲမှာ ကုန်ပစ္စည်းမပေးဘဲ ငွေကြိုတင်လွှဲခိုင်းပြီး ယူဆောင်သွားတာမျိုးတွေ၊ အမှန်တကယ် အခိုင်အမာလုပ်ကိုင်နေတဲ့ လုပ်ငန်းနဲ့ပုံစံတူ တုပကာ လုပ်ဆောင်ရင်း လိမ်လည်တာတွေ၊ ဝယ်သူရဲ့ လက်ထဲရောက်တဲ့အချိန်မှာ သဘောတူ ရောင်းချလိုက်တဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေးအတိုင်း မဟုတ်ဘဲ အရည်အသွေးနိမ့်တဲ့ပစ္စည်းမျိုးနဲ့ တမင်လွဲမှားကာပေးတာတွေ၊ လူကြိုက်နည်းပြီး မရောင်းရတဲ့ ပစ္စည်းတွေကို ပေးတာတွေ စတဲ့ နည်းလမ်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ လိမ်လည်လာကြတာဖြစ်ပါတယ်။

အဲဒီလို ဝိသမဆန်တဲ့သူတွေက သူတို့အတွက် အကျိုးအမြတ်အမျိုးမျိုးရအောင် လုပ်ဆောင်တဲ့ လိမ်ညာမှုတွေကြောင့် ကုန်ပစ္စည်း အရည်အသွေးအပေါ်စိုးရိမ်စရာအခြေအနေတွေ၊ ရောင်းဝယ်ငွေပေးချေမှုအပေါ် စိုးရိမ်စရာတွေဟာ ရောင်းသူနဲ့ ဝယ်သူကြားမှာ သတိထားလုပ်ကိုင်နေရတဲ့ အခြေအနေတွေကို ဖြစ်ကြပေမယ့် မှန်မှန်ကန်ကန် လုပ်ကိုင်နေတဲ့ သူတွေရဲ့ အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းတွေကြောင့်လည်း လက်ရှိအချိန်အထိ အားထားစရာအခြေအနေမျိုး ဖြစ်နေပါတယ်။

“တချို့က အမြတ်ကိုတအားလိုချင်တော့ ကိုယ်ရင်းနှီးထားတဲ့ ကုန်ကျစရိတ်ထက်ကို အဆအများကြီး အမြတ်လိုချင်ကြတယ်၊ အဲဒီတော့ဘာဖြစ်လဲဆိုတော့ အရည်အသွေးကိုမကြည့်တော့ဘူး၊ ဘယ်ဟာသက်သာလဲ စျေးသက်သာတဲ့ဟာကိုပဲ ရွေးပြီးလုပ်ကိုင်တယ်၊ တကယ်တမ်း တရုတ်ပစ္စည်းတွေထဲမှာ အရည်အသွေးကောင်းတာတွေ အများကြီးရှိပါတယ်၊ အဲဒီလို အရည်အသွေးကောင်းတာကို မသွင်းဘဲနဲ့ အရည်အသွေးအနိမ့်ဆုံးဟာကိုမှ ရှာဝယ်သွင်းပြီး ရောင်းဝယ်တာက ကုန်ပစ္စည်းအပေါ် ဝယ်သူသံသယဖြစ်စေတာပါ၊ ဥပမာပြောရင် ငွေ ၁၀၀ ရင်းလို့ အရင်းအပြင် အမြတ် ၅၀ လောက်ပြန်ရရင် ကျေနပ်ကြပေါ့၊ အခုဟာက ၁၀၀ ရင်းလို့ ၃၀၀ လောက် အမြတ်လိုချင်တော့ မလိုလားအပ်တာဖြစ်ကုန်ရော”လို့လည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အွန်လိုင်းလက်လီလက္ကား ရောင်းချနေသူတစ်ဦးက ပြောပါတယ်။

အွန်လိုင်းကနေ ရောင်းချသူတွေထဲ အရည်အသွေးကို အဓိကထားဝယ်ယူပြီး အွန်လိုင်းစျေးကွက်မှာ ပြန်ရောင်းကြတဲ့ တရုတ်ထုတ်ကုန်တွေဟာတော့ နှစ်ရှည်သုံးစွဲ နိုင်တဲ့ အခြေအနေတွေရှိနေသလို ဝင်ငွေနည်းပါးတဲ့ ဆင်ခြေဖုံးဒေသမှ လက်လုပ်လက်စားများအတွက်ပါ လက်လှမ်းမီအောင် အသုံးပြုနိုင်တဲ့ အခြေအနေကောင်းတွေရှိနေတာပါ။

အွန်လိုင်းစျေးကွက်ထဲ အစားအသောက်ကအစပြုလို့ အဝတ်အထည်၊ အသုံးအဆောင်တွေ၊ တန်ဖိုးကြီး လက်ဝတ်ရတနာ ပစ္စည်းတွေအထိ အသီးသီးရောင်းချတာရှိကြသလို မှန်ကန်တဲ့ ရောင်းဝယ်သူတွေကြားမှာ နှစ်နိုင်ငံကုန်သည်တွေရဲ့ ချိတ်ဆက်လုပ်ဆောင် ရောင်းဝယ်မှုတွေဟာ အားကောင်းလာနေဆဲဖြစ်ပါတယ်။

ပြည်တွင်းမှာရောင်းချနေတဲ့ အွန်လိုင်းရောင်းဝယ်မှုတွေမှာ သုံးစွဲတဲ့ကုန်ပစ္စည်းတွေကို တရုတ်ကနေသွင်းတဲ့အခါ ကိုဗစ်သတ်မှတ်ချက်တွေနဲ့ မြန်မာဘက်ဆိပ်ကမ်းကနေ ကုန်အသွင်းအထုတ် သတ်မှတ်မူဝါဒ အချို့ကြောင့်လည်း ကုန်ပစ္စည်းရောက်တာ တစ်ခါတစ်ရံ ကြာမြင့်တတ်တာမျိုးကြုံပေမယ့် အခက်အခဲကတော့ သိပ်အများကြီးမရှိလှပါဘူး။ ပြည်တွင်းကတင်သွင်း သူတွေဟာလည်း တစ်ဖက်နိုင်ငံက မှန်ကန်တဲ့ ကုန်သည်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုကြောင့် လွယ်လင့်တကူ ရောင်းဝယ် နိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့သလို အွန်လိုင်းရောင်းဝယ်မှုစျေးကွက်ထဲမှာ လက်ရှိအချိန်အထိ အသုံးဝင်ကာ တွင်ကျယ်နေဆဲဖြစ်ပါတယ်။

“ကျွန်တော်ဆိုရင် တရုတ်ဖုန်းပဲကိုင်တာ Key Pad ဟန်းဆက် ကတည်းက ကိုင်လာတာ၊ အခုလည်း Touch Screen ဖုန်းတွေ ဖြစ်လာလည်း တရုတ်ဖုန်းပဲ ကိုင်ဖြစ်တယ်၊ ရိုရိုသေသေနဲ့ကိုင်တွယ်ရင် အကြာကြီးသုံးစွဲလို့ရပါတယ်”လို့လည်း တရုတ်ထုတ်ကုန်တွေကို နှစ်သက်စွာ အသုံးပြုနေသူတစ်ဦးက ပြောပါတယ်။

သာမန်ထုတ်ကုန်တွေထက် စျေးသက်သာတဲ့အပြင် ဆန်းသစ်တဲ့ဒီဇိုင်းတွေကြောင့်လည်း နှစ်သက်‌ပြီး စွဲစွဲမြဲမြဲ အသုံးပြုသူတွေ အခိုင်အမာရှိနေကြသလို အဲ့ဒီလိုစွဲမြဲစွာသုံးစွဲနိုင်ဖို့ဟာလည်း တင်သွင်းသူ၊ ရောင်းချသူတွေရဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှု အပေါ်မှာလည်း မူတည်နေပါသေးတယ်။ မုန့်ပဲသွားရည်စာတွေထဲမှာလည်း ဝိသမဆန်တဲ့ တင်သွင်းရောင်းဝယ်မှုတွေက  မမှန်မကန် လုပ်ဆောင်ကြတဲ့ ဖြစ်ရပ်တွေကြောင့်လည်း အမှန်တကယ် အရာသာရှိပြီး အရည်အသွေးကောင်းတဲ့ တရုတ်ထုတ် ဘီစကွတ်တွေ၊ ဂျယ်လီတွေ၊ ကွတ်ကီးတွေ အပါအဝင် စားသောက်လို့ကောင်းတဲ့ မုန့်မျိုးစုံကို နာမည်ဖျက်စေသလို အခြေအနေမျိုး ဖြစ်လာစေခဲ့ပါတယ်။

သို့သော်လည်း အရည်အသွေး၊ ထုတ်ကုန်နဲ့ စျေးကွက်အခြေအနေမှန်ကို သိကြတဲ့ နှစ်ဘက်ကုန်သည်တွေရဲ့ ချိတ်ဆက်မှု အားကောင်းလာတာတွေကြောင့် ပြည်တွင်းစျေးကွက်ထဲမှာ အရည်အသွေးကိုအဓိကထား ထုတ်လုပ်လာတဲ့ တရုတ်ထုတ်ကုန် ပစ္စည်းတွေဟာ အခိုင်အမာနေရာရလာခဲ့ပါတယ်။

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာအဖြစ် တင်စားရလောက်အောင် ခေတ်မီတဲ့ဆက်သွယ်ရေးနည်းပညာတွေဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာတာနဲ့အတူ အွန်လိုင်းရောင်းဝယ်မှုတွေဟာ အသုံးပြုသူတွေရဲ့ကြားမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြဦးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းမွန်တဲ့ထုတ်လုပ်မှုကျင့်စဉ်နဲ့အညီ ထုတ်လုပ်ထားတဲ့ ကုန်စည်တွေလာလည်း အနာဂတ် လူ့အဖွဲ့အစည်းအတွက် လိုအပ်ချက်တွေရှိနေဦးမှာပါပဲ။

ကိုယ်ကျိုးသာကြည့်ပြီး ဝိသမဆန်စွာ လုပ်ကိုင်သူအချို့ရှိကြပေမယ့် စားသုံးသူအပေါ် စေတနာထားပြီး တင်သွင်းလုပ်ကိုင် နေတဲ့ သူတွေနဲ့ ထုတ်လုပ်မှုအပိုင်းမှာ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေဟာလည်း စျေးကွက်ထဲ တွင်ကျယ်လို့ လာဦးမှာ မလွဲမသွေပါပဲ။ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေနဲ့အတူ နှစ်ဘက်ကုန်သည်တွေရဲ့ ချိတ်ဆက်မှုတွေ ပိုမိုအားကောင်းလာပြီး သုံးစွဲသူတွေရဲ့ကြားမှာ မှန်ကန်စွာလုပ်ဆောင်တတ်တဲ့ အွန်လိုင်း ရောင်းဝယ်သူတွေကြောင့်လည်း တရုတ်ထုတ်ကုန်တွေရဲ့အနာဂတ်အလားအလာဟာ စားသုံးသူများကြား ပိုမိုပြီးအသုံးဝင်အားထားရဦးမယ့် အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ ရေးသားဖော်ပြလိုက်ရပါတယ်။

ဧပရယ်လ်