【 ဆောင်းပါး 】စပါး နှင့် ဘဲ - တွဲစပ်ကာ စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး

【 ဆောင်းပါး 】စပါး နှင့် ဘဲ - တွဲစပ်ကာ စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး

တရုတ်နိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းက ကျဲ့ကျန်းပြည်နယ်ရှိ ဖိန်ကျယ်ရွာတွင် စပါးနှင့်ဘဲ ပေါင်းစပ်စိုက်ပျိုးမွေးမြူရေးစနစ်ကို ကျင့်သုံးလာခြင်းကြောင့် စီးပွားရေးအကျိုးအမြတ်များ ပိုရလာသည်ဟု သိရသည်။

လူဦး‌ရေ ၆၄ သန်းကျော် နေထိုင်သော ကျဲ့ကျန်းပြည်နယ်သည် တရုတ်နိုင်ငံ၏ ရှစ်ခုမြောက် လူဦးရေအများဆုံးနေထိုင်ရာ ပြည်နယ်လေးတစ်ခုဖြစ်သည်။ ဖိန်ကျယ်ရွာတွင် ဆန်စပါးစိုက်ပျိုးမြေဧရိယာတစ်သောင်းကျော် ရှိသည်။ ကျေးရွာရှိ စိုက်ပျိုးရေးတာဝန်ခံများက လယ်သမားများအား စပါးနှင့်ဘဲ ပေါင်းစပ်စိုက်ပျိုးမွေးမြူရန် လမ်းညွှန်ထားသည်။

ဆန်စပါးစိုက်ပျိုးခြင်းမှလည်း ဝင်ငွေရ၊ ဘဲမွေးမြူရေးမှလည်း ဝင်ငွေရသည့်အပြင် Organic မြေဩဇာများကိုလည်း များစွာပံ့ပိုးပေးနိုင်ခြင်းကြောင့် လယ်ယာမြေတွင် နယ်ပယ်စုံဘက်စုံသုံးအဖြစ် အကောင်အထည်ဖော်ပြီး ကျေးလက်ဒေသစီးပွားရေးကို ပိုမိုဖြစ်ထွန်းစေသည်ဟု သိရသည်။ 

အလားတူ စပါးစိုက်ခင်းများတွင် ငါးမွေးမြူရေးနှင့်တွဲဖက်လုပ်ဆောင်ခြင်းကို  မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့အပါအဝင် အာရှနိုင်ငံများမှာ တွင်ကျယ်စွာ ကျင့်သုံးကြပါသည်။

ယခုအခါတွင် ဘဲမွေးမြူရေးလုပ်ငန်းများ၌ မွေးမြူရေးအစာဈေးနှုန်းများ ကြီးမြင့်လာသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။ ယင်းအခြေ အနေများကြောင့် ဘဲမွေးမြူရေးများ လျှော့ချလာသည့် အခြေအနေရှိလာသည်။ အလားတူ လယ်ယာလုပ်ငန်းများတွင်လည်း သွင်းအားစု‌နှုန်း ထားများ မြင့်တက်လာခြင်း၏ စိန်ခေါ်မှုကို တောင်သူလယ်သမားများ ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ဘဲမွေးမြူရေးလုပ်ငန်းများ အများဆုံး ဖြစ်သကဲသို့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကလည်း အများဆုံးထွက်ရှိရာ ဒေသများပင်ဖြစ်ပါသည်။ ယခုအခါ တစ်ပိုင်တနိုင် ဘဲမွေးမြူသူ နည်းပါးသွားပြီး စီးပွားဖြစ် ဘဲမွေးမြူရေးလုပ်ငန်းများသာ တွင်ကျယ်လာပါသည်။ စားသုံးသူ ဈေးကွက်တွင် ကြက်ဥဈေးထက် ဘဲဥဈေးက ပို၍မြင့်မားနေသည်။

ဘဲများသည် စပါးခင်းတွင် မလိုအပ်သည့်ပေါင်းပင်များနှင့် ပိုးကောင်များကို အစာအဖြစ်စားသုံးကြသည်။ စပါးခင်းများတွင် ဘဲမွေးမြူရေးလုပ်ငန်းများကို တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကျယ်ပြန့်စွာ ကျင့်သုံးလျက်ရှိသည်။ ထိုကဲ့သို့ ပေါင်းစပ်စိုက်ပျိုးမွေးမြူခြင်းကို Organic နည်းပညာအဖြစ် အသိအမှတ်ပြုထားသည်။

မြန်မာနိုင်ငံမှာ ကျေးလက်တောင်သူအများစုက စပါးခင်များတွင် ဘဲမွေးမြူပါက စပါးခင်းပျက်စီးစေသည်ဟု အမြင်အချို့ရှိသည်။ ထို့ကြောင့် လယ်ကွင်းထဲ ဘဲများဝင်လျှင် အလျော်တောင်းကြသည်ဟုလည်း သိရသည်။

ဘဲများသည် ပိုးကောင်မွှားလေးများနှင့် ခရု၊ဂဏန်း၊တီကောင်များကို ရှာဖွေစားသောက်ခြင်း၊ လယ်ထဲက ရေမှော်များကို စားသုံးခြင်း၊  စပါးခင်းတွင် ကျရောက်သည့် ဖျက်ပိုးများကို စားသုံးသည် ။ ထို့ပြင် စားကျက်အစာအဖြစ် မြက်၊ ပေါင်းပင်တို့ကို စားသုံးသဖြင့် စပါးခင်းထဲ ပေါင်းပင်များကို ဖယ်ရှားရှင်လင်းပြီးသား ဖြစ်သည်ဟုသိရသည်။ စပါးပင်အခြေရှိ အပုပ်အရိအရွှဲများကို ဘဲများက နှုတ်သီးဖြင့် ဖယ်ရှားပြီး အစာရှာသည့်အ တွက် စပါးပင်ခြေသန့်ရှင်းစေပြီး အပင်အမြစ်များဆီ လေဝင်လေထွက်ပိုကောင်းစေသည်ဟု စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။

ထို့ပြင် ဘဲများသည် စပါးခင်းတစ်ခင်းလုံးကို ခြေထောက်များဖြင့်ယက်ကာ အဆက်မပြတ် ကူးခက်သည့်အတွက် စပါးပင်များ အောက်ဆီဂျင်အပြည့်အဝရရှိစေပြီး  ဘဲချေးများက မြေဩဇာကို ဖြစ်စေသည်ဟု သိရပါသည်။

စပါးခင်းများတွင် ဘဲမွေးမြူရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင်လည်း လုပ်ကိုင်ကြသူ အနည်းငယ်ရှိပါသည်။ ထိုင်းနိုင်ငံရှိ နာ့ခုံပထုံဒေသတွင်လည်း စပါးစိုက်ပျိုးရေးနှင့် တွဲဖက်၍ ပုစွန်မွေးမြူရေးနှင့်ဘဲမွေးမြူရေးကို ရိုးရာလုပ်ငန်းတစ်ခုအနေဖြင့် တွဲဖက်လုပ်ကိုင်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍမှ  ၂ ဒသမ ၅ ရာခိုင်နှုန်း၊ သားငါးကဏ္ဍ မှ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်အောင်မြင်ရန် ဆောင်ရွက်မည်ဟု လျာထားပါသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်ရှိ ဖိန်ကျယ်ရွာကကဲ့သို့ မြန်မာနိုင်ငံမှ စပါးခင်းများတွင် ဘဲမွေးမြူးရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်အသုံးချလာနိုင်လျှင် စပါးအထွက်နှုန်းများလည်း ကောင်းလာနိုင်မည်ဖြစ်ပြီး ဓာတ်မြေဩဇာ ပေါင်းသတ်ဆေးအစရှိသည့် သွင်းအားစုများကိုလည်း လျှော့ချနိုင်ကာ သဘာဝအတိုင်း Organic စိုက်ပျိုးရေးကိုလည်း တစ်ပါ တည်း ရရှိစေမည်ဖြစ်ပါသည်။

အမွန်