【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 သဘာ၀ဘေး ၊ စစ်မက်ဘေး နှင့် ယနေ့ကမ္ဘာ

【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】 သဘာ၀ဘေး ၊ စစ်မက်ဘေး နှင့် ယနေ့ကမ္ဘာ

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေကို ကြည့်ရင် သဘာ၀ဘေးသတင်းတွေ၊ စစ်မက်ဆိုင်ရာသတင်းတွေ ၊ နိုင်ငံရေးမတည်မငြိမ်မှုသတင်းတွေ၊ ကျန်းမာရေးဆိုင်ရာသတင်းတွေနဲ့ ပြည့်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေမှာ သီရိလင်္ကာမှာဆိုရင် သီရိလင်္ကာသမ္မတအဖြစ်ခန့်အပ်ခံရတဲ့ ရီနေးလ်ဝခ်ကွန်ဆင်း နေးလ်ကို ဆန္ဒပြသူတွေက ကန့်ကွက်နေတာတွေ၊ အမေရိကန်သမ္မတဘိုင်ဒင် ကိုဗစ်ကူးစက်မှုကနေ ပျောက်ကင်း လာတဲ့ သတင်းတွေ၊ တရုတ်နိုင်ငံက အမြဲတမ်းအာကာသစခန်းရဲ့ ဒုတိယထိန်းချုပ်ရေးစခန်းကို လွှတ်တင်လိုက်တဲ့ သတင်းတွေ၊ ယူကရိန်းမှာ အမေရိကန်က ဇီဝလက်နက်တွေ ထုတ်လုပ်နေတယ်လို့ မြောက်ကိုရီးယားက ရုရှား စွပ်စွဲသလို လိုက်စွပ်စွဲမှုပြုတာတွေ၊ မျောက်ကျောက်ရောဂါ အလျင်အမြန် ပျံ့ပွားကူးစက်နေလို့ ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်ဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ်က သတ်မှတ်လိုက်တာ၊ ထိုင်းမှာ ယခုတစ်ပတ်ထဲပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို မဲခွဲပွဲမှာ ဝန်ကြီးချုပ်ကိုဆန့်ကျင်တဲ့အဆို ရှုံးနိမ့်ခဲ့တာ၊ ဆယ်စုနှစ်ကြာ ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယား ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကို တောင်ကိုရီးယားမှာ ကြည့်ရှုခွင့်ပေးတော့မယ့်သတင်းတွေ၊ ဖိလစ်ပိုင်တက္ကသိုလ်တစ်ခုမှာ သေနတ်သမားတစ်ဦးပစ်ခတ်မှုကြောင့် မြို့တော်ဝန်ဟောင်းအပါအဝင် လူ၃ ဦးသေဆုံးခဲ့တာ၊ မြေထဲပင်လယ်ထဲ မျောပါနေတဲ့ ငါးဖမ်းသင်္ဘော တစင်းပေါ်မှာ ပြည့်ညပ်တင်လာတဲ့ဒုက္ခသည် ၆၇၄ ဦးကို အီတလီသင်္ဘောတွေက ကယ်ဆယ်ခဲ့တာစတဲ့သတင်းတွေလည်း ဖြစ်ပျက်ခဲ့တာရှိခဲ့ပါတယ်။

ဒီသတင်းတွေအပြင်  ဒီတစ်ပတ်မှာ သတိထားမိတဲ့သတင်းတွေက သဘာ၀ဘေးနဲ့ ကျန်းမာရေး ကပ်ဘေးသတင်းတွေ၊ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေကို ယူကရိန်းဘက်က ပြန်ထိုးစစ်စတင်လာတဲ့ သတင်းတွေကို ထူးထူးခြားခြားတွေ့ရပါတယ်။

သဘာ၀ဘေး ပြင်းထန်ဖို့ စလာနေပြီလား

ယခုတစ်ပတ်နိုင်ငံတကာမှာ သဘာ၀ဘေးဆိုင်ရာသတင်းတွေ အတော်လေးကိုများခဲ့ပါတယ်။ ဥရောပမှာ ဆိုရင် သမိုင်းတစ်လျှောက်အမြင့်ဆုံး အပူချိန်ကျရောက်နေပြီး သတင်းတွေမှာ လူစည်ကားရာပန်းခြံတွေမှာရေပန်းတွေအောက် အများပြည်သူတွေ ရေချိုးနေကြတာကို တွေ့ရပါတယ်။ အပူချိန်မြင့်တက်လာမှုဟာ ၄၀ ဒီဂရီကျော် လာတဲ့အတွက် တောမီးလောင်မှုတွေ အရှိန်ကောင်းနေတာကိုတွေ့ရပါတယ်။ ဗြိတိန်မှာတော့ အပူလှိုင်းဖြတ်လို့  စံတင်ချိန် နေ့အပူချိန်တွေဖြစ်ပေါ်ပြီး အပူအိုက်ဆုံးနေ့တွေနဲ့ ကြုံတွေ့နေရသလို စပိန်မှာတော့ တောမီးဟာ  ဂါလ် လီစီယာ မြောက်ပိုင်းဒေသနဲ့ ကက်စ်တီလ် အလယ်ပိုင်းဒေသကို ကူးစက်လောင်ကျွမ်းနေခဲ့ပါတယ်။ ပြင်သစ် တောင်ပိုင်း ဂျွီရွန်ဒီ ဒေသဆိုရင် အဆိုးဆုံး တောမီးဖြစ်စဉ်နဲ့ ရင်ဆိုင်နေရပြီး သစ်တောဧရိယာ ဧက ၃သောင်းခွဲ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ 

အပူလှိုင်းမကျရောက်ခင်ကတည်းက ဥရောပမှာရှိတဲ့ တချို့နေရာတွေမှာ အပူချိန်က မြင့်တက်နေတာပါ။ အီတလီမှာဆိုရင် အပူချိန်တွေ မြင့်တက်ခဲ့လို့ အဲလ်ပ်စ်တောင်တန်းမှာ ရေခဲရေခဲမြစ်တွေ ပြိုကျပြီး လူအနည်းဆုံး ၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒီလအစောပိုင်းက ဖြစ်ခဲ့ပါတယ်။ ယခုလို အပူလှိုင်းကျရောက်တဲ့အခါ ပေါ်တူဂီ ပင်မကုန်းမြေရဲ့ ၉၅ ရာခိုင်နှုန်းဟာ အစွန်းရောက်မိုးခေါင်မှုကို ကြုံခဲ့ရပါတယ်။ ဒီလို အပူလှိုင်းကျရောက်တာတွေ၊ တောမီးလောင်နေတာတွေဟာ ဥရောပတစ်ခုတည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ အမေရိကန်မှာဆိုရင်  ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးတွေ အကြီးအကျယ်လောင်ကျွမ်းနေတာမှာ နာမည်ကျော် ယိုဆဲမတီး အမျိုးသားဥယျာဉ်နားအထိ အလျင်အမြန် ကူးစက်လာလို့ အရေးပေါ် အခြေအနေထုတ်ပြန်ထားရပါတယ်။ အာရှက အီရတ်မှာဆိုရင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေလို့ လူတွေ ဒုက္ခရောက်နေပါတယ်။

ဒီလို အပူလှိုင်းတွေကျနေလို့ ဒုက္ခရောက်သလို ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလို့ အာရှဘက်မှာ လူအသေအပျောက်တွေရှိခဲ့ပါတယ်။ တရုတ်မှာဆိုရင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက်ရေကြီးလို့  နိုင်ငံအနောက်တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ လူအသေအပျောက် ရှိခဲ့တာတွေရှိခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ဩစတြေးလျမှာ ရေကြီးခဲ့ပါတယ်။ တရုတ်အနောက်တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာဆိုရင် လျှပ်တပြက် ရေကြီးလို့ အနည်းဆုံး လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး၊ ထောင်နဲ့ချီကာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။

ဒီလို အပူလှိုင်းတွေ ကျရောက်၊ ရေကြီးတာတွေတင် ဖြစ်ပျက်နေတာမဟုတ်ပါဘူး။ ဒီတစ်ပတ်မှာ ဂျပန်မှာ နှစ်၇၀ ကျော်ကြာ  မပေါက်ကွဲခဲ့တဲ့ မီးတောင်တစ်လုံးပေါက်ကွဲခဲ့လို့ ဒေသခံတွေကို အလျင်အမြန်ရွှေ့ပြောင်း ပေးခဲ့ရပါသေးတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်းစုမှာရှိတဲ့ ဆာကူရာဂျီမာလို့ခေါ်တဲ့ မီးတောင်ဟောင်း တစ်လုံးပေါက်ကွဲခဲ့တာပါ။  

ဒီလို ရာသီဥတု ကမောက်ကမဖြစ်နေတာတွေ၊သဘာ၀ဘေးတွေ ဆက်တိုက်ဖြစ်နေတာတွေ ၊ကူးစက်ရောဂါတွေ တစ်မျိုးပြီး တစ်မျိုးပေါ်နေတာတွေဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ သက်ဆိုင်နေပါတယ်။ အပူလှိုင်း ကျရောက်နေတာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မိုးလေဝသအေဂျင်စီအကြီးအကဲကတော့  ဒီလိုဖြစ်စဉ်တွေဟာ  ၂၀၆၀ ခုနှစ်တွေအထိ ဆက်လက် ဖြစ်ပေါ်နေမယ်ဆိုပြီး ခန့်မှန်းခဲ့ပါတယ်။ ဒီလို အစွန်းရောက် အပူချိန်မြင့်မားတဲ့ ရာသီဥတုက လူသားတွေရဲ့ ကျန်းမာရေးအပြင် လယ်ယာကဏ္ဍအပေါ် အနုတ်လက္ခဏာသက်ရောက်မှုများ ရှိလာနိုင်မှာဖြစ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုဆိုးရွားစေမယ်လို့  သတိပေးခဲ့တာလည်းရှိခဲ့ပါတယ်။

ဖယ်ကျဉ်ခံ ရုရှားအခြေအနေ

ဥရောပမှာ ရုရှားကျူးကျော်စစ်ကို အပြင်းအထန် ခုခံနေရချိန်မှာ ယူကရိန်းသမ္မတကတော် အိုလေနာဇီလင်စကီးက သူ့နိုင်ငံကို လက်နက်အကူအညီဆက်ပေးဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ပြောခဲ့ပါတယ်။ အမေရိကန် လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောကြားရာမှာ သမ္မတကတော် ဇီလင်စကီးက  ရုရှားကျူးကျော်စစ်ကြောင့် သေကြေထိခိုက်သူတွေရဲ့ ပုံတွေကိုပြသပြီး ရုရှားရဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုပေးအပ်ဖို့လည်း စိတ်ခံစားချက်အပြည့်နဲ့ တောင်းခံခဲ့ပါတယ်။

ယူကရိန်းသမ္မတကတော်ရဲ့ အမေရိကန်ခရီးစဉ်က အများကြီးထိရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ကာလ အတွင်းမှာဘဲ အမေရိကန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း(၂၇၀)ဖိုး ပေးပို့ခဲ့သလို တိုက်လေယာဉ်တွေ ပို့ပေးဖို့အထိ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ အမေရိကန်ဘက်က ယူကရိန်းအတွက် ဒရုန်းတွေအပါအဝင် စစ်ရေးကူညီထောက်ပံ့တာတွေ ပိုမိုလုပ်ဆောင်သွားဖို့အပြင် တိုက်လေယာဉ်တွေ ပေးပို့နိုင်ရေး ကနဦး လေ့လာမှုတွေကို စတင်ခဲ့တယ်ဆိုပါတယ်။ ယူကရိန်းကို အမေရိကန်က လက်နက်ထောက်ပံ့နေတာမှာ အမေရိကန်ဒေါ်လာ (၈ ဒဿမ ၂)ဘီလီယံထိရှိနေပါပြီ။ပြီးခဲ့တဲ့ မေလမှာ အမေရိကန်က ယူကရိန်းကို စီးပွားရေး နဲ့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၄၀)ဘီလီယံအထိ အကူအညီပေးဖို့ လွှတ်တော်မှာ အတည်ပြုထားတာပါ။

ယူကရိန်းကို အမေရိကန်တွင် လက်နက်ထောက်ပံ့မှုတိုးမြှင့်ခဲ့တာ မဟုတ်ပါဘူး။ ဗြိတိန်ကလည်း  အမေရိကန်က အဆင့်မြင့် HIMARS ရော့ကက်ဒုံးစနစ်အပါအဝင် လက်နက်ကြီးတွေ ထပ်ပေးမယ်လို့ ပြောပြီးနောက်ရက်မှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းကို လက်နက်ကြီးနဲ့ တင့်ကားဖျက်လက်နက်ထောင်ချီ ပေးပို့ကူညီသွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီလိုပြောတာဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းအရှေ့ဘက် ဒွန်ဘက်စ်ဒေသကိုကျော်ပြီး နိုင်ငံတောင်ပိုင်းအထိပါ သိမ်းယူဖို့ ဆန္ဒရှိကြောင်း ပြောအပြီးမှာ ဒီလိုလက်နက် ထောက်ပံ့မှုတွေ တိုးလာတာပါ။

လက်နက်ထောက်ပံ့မှုတွေက ယူကရိန်းရဲ့ ကာကွယ်ရေးအခြေအ‌နေကို ထူးထူးခြားခြားအားကောင်းစေခဲ့ပါတယ်။ ယခုတစ်ပတ်သတင်းများမှာတွင် ယူကရိန်းတပ်များက ရုရှားလက်အောက်ကျရောက်သွားသည့် ပထမဆုံးအပိုင်းဖြစ်သော ခါဆန်အိုဘလတ်စ်ဒေသကို တန်ပြန်ထိုးစစ်စတင်နေသည့် သတင်းများကို တွေ့ရပါတယ်။ ယူကရိန်းသမ္မတဇယ်လန်းစကီးက  ယူကရိန်းတပ်တွေ ထိုဒေသမှာ တဆင့်ချင်း ရှေ့သို့တက်လာနေတယ်လို့ ပြောခဲ့ပါတယ်။ ထိုအတောအတွင်း ယူကရိန်းသီးနှံအဓိကတင်ပို့သည့်ဆိပ်ကမ်းဖြစ်တဲ့  အိုဒက်ဆာဆိပ်ကမ်းကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။ အစောပိုင်းက ဒီတိုက်ခိုက်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက ငြင်းခဲ့ပေမယ့် သံတမန်ရေးအရ နိုင်ငံတကာက ဖယ်ကျဉ်ခံရလို့ အာဖရိကနိုင်ငံတွေဘက် သံတမန်ဆွယ်ခရီးဆင်းတဲ့အနေနဲ့ အီဂျစ်ကို ရောက်တဲ့အခါမှာ ဒီစကားကို ပြောင်းပြီး အိုဒက်ဆာဆိပ်ကမ်းရှိ အမေရိကန်လက်နက်ထောက်ပံ့သည့် သင်္ဘောကို ပစ်ခတ်ခဲ့တယ်ဆိုပြီး ယုတ္တိယုတ္တာမရှိ ပြောခဲ့ပါတယ်။ ဒီဆိပ်ကမ်းမှာ ရုရှားတပ်တွေ ပိတ်ဆို့ထားလို့ ဘာသင်္ဘောမျှ ဝင်မရဖြစ်နေတာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ တူရကီနှင့် ကုလအတွင်းရေးမှူးချုပ်တို့ ကြားဝင်ပြီး ယူကရိန်းမှာပိတ်နေသည့် သီးနှံများ ကမ္ဘာ့သို့ တင်ပို့ရေး သဘောတူညီချက်ရယူခဲ့လို့ သင်္ဘောတွေ ပြန်ထွက်လို့ရခဲ့တာပါ။

လက်ရှိမှာ ရုရှားနဲ့ အနောက်အုပ်စုကြားတင်းမာမှုက ညှိနိုင်းမရအောင် ဖြစ်နေပြီး ရုရှားက ဥရောပ နိုင်ငံတွေမှာ ဆောင်းတွင်းကာလ အိမ်တွေကို အနွေးဓာတ်ပေးဖို့၊ လျှပ်စစ်ဓာတ်အားထုတ်ယူဖို့နဲ့ စက်ရုံအလုပ်ရုံတွေလည်ပတ်ဖို့သုံးနေကြတဲ့ သဘာဝဓာတ်ငွေ့ကို ဖြတ်တောက်နိုင်ခြေရှိနေတဲ့အတွက် အီးယူနိုင်ငံတွေက ကြိုတင်ပြင်ဆင်နေကြပါတယ်။ စွမ်းအင်ကို လက်နက်သဖွယ် အသုံးချနေတဲ့ ရုရှားက အီးယူကို အကျပ်ကိုင်နေတာဖြစ်လို့ ဒီပြဿနာဟာ ဒီထက်ပိုကြီးမားလာဖွယ်ရှိနေပါတယ်။ ယူကရိန်းစစ်ရေးမှာထင်သလောက် မဖြစ်မြောက်လာရင် ရုရှားအနေနဲ့ အီးယူကို စွမ်းအင်ဖြတ်ချတာတွေ လုပ်လာနိုင်တဲ့အတွက် ဥရောပစီးပွားရေး ပြိုလဲလာနိုင်တာတွေ ဖြစ်လာနိုင်မလားဆိုတာ စိတ်လှုပ်ရှားစရာဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာ သတင်းသုံးသပ်မှုကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်