【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】အမေရိကန်ရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာအတက်အကျ

【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】အမေရိကန်ရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာအတက်အကျ

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေထဲမှာ အချို့က စိတ်ဝင်စားစရာကောင်းပြီး အချို့က စိုးရိမ်စရာ ကောင်းတဲ့ သတင်းအချို့ကို တွေ့ရပါတယ်။ ကိုဗစ်ကျန်းမာရေးကပ်ဘေးကို ရင်ဆိုင်နေရတဲ့ ကမ္ဘာအဖို့ မျောက် ကျောက်ရောဂါဆိုတဲ့ ရောဂါတစ်မျိုးကမ္ဘာ့ အနှံ့ကူးစက်လာနိုင်တဲ့ အနေအထားကို ရင်ဆိုင်နေရသလို တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုမြင့်တက်လာနေတာကိုလည်း ဒီတစ်ပတ်မှာတွေ့ရပါတယ်။ ဒါအပြင်  ရုရှားက ပြင်သစ်နဲ့ ဂျာမနီကို ယူကရိန်းစစ်လက်နက်ထောက်ပံ့ပေးမှုနဲ့ ပတ်သက်ပြီး သတိပေးခဲ့လို့ ယူကရိန်းစစ်မီးက ပိုပြင်းထန်လာစရာကလည်း ရှိနေပါသေးတယ်။ ဒီလိုအခြေအနေတွေကြောင့် ယခုတစ်ပတ်နိုင်ငံတကာအခြေအနေက စစ်ရေးနဲ့ ကျန်းမာရေး၊နိုင်ငံတကာအရေးမှာ သိပ်ကောင်းတဲ့ အနေအထားမဟုတ်ပါဘူး။

ဒီတစ်ပတ်မှာ နိုင်ငံရေးအရ စိတ်ဝင်စားစရာကောင်းတဲ့ တခြားသတင်းတွေလည်းရှိနေပါသေးတယ်။  ယူကရိန်းမှာ ဖမ်းမိတဲ့ ရုရှားတပ်ကြပ်ကို ယူကရိန်းတရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာ၊ ရုရှားက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် အမေရိကန်နိုင်ငံသား ၉၆၃ ဦးကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာ၊ အာဖဂန် မှာ တာလီဘန်တွေက အမျိုးသမီးရုပ်သံအစီအစဉ်တင်ဆက်သူတွေကို မျက်နှာဖုံး၀တ်ပြီးတင်ဆက်ဖို့ အမိန့်ထုတ်လိုက်တာ၊ ဟန်ဂေရီမှာ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတော်ဘေးအန္တရာယ်ကျရောက်နေပြီဆိုပြီး ထုတ်ပြန်ခဲ့တာ၊ ယူကရိန်းကို စစ်လက်နက်ထောက်ပံ့ပေးဖို့ နိုင်ငံ ၂၀ က ကမ်းလှမ်းထားတာ၊ အီရန်ထိပ်တန်းဗိုလ်မှူးကြီး လုပ်ကြံခံရမှုကြောင့် အစ္စရေးကိုလက်တုံ့ပြန်ဖို့ အီရန်ကြိမ်းဝါးခဲ့တာ၊ ရုရှားက ယူကရိန်းဆေးရုံတွေကို တိုက်ခိုက်ခဲ့လို့ WHO က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တာ၊ သီရိလင်္ကာမှာ ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ စတဲ့သတင်းတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေအနက် ကမ္ဘာ့အနှံ့ပြန့်နှံ့ဖို့ရှိနေတဲ့ မျောက်ကျောက်ရောဂါနဲ့ ဘိုင်ဒင်ရဲ့ အာရှ ခရီးစဉ်မှာ လျှပ်တပြက်မြင်လိုက်ရတဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာအတက်အကျသတင်းက ဒီတစ်ပတ်ရဲ့ ထိပ်တန်း သတင်းတွေပါဘဲ။ ဒီတစ်ပတ်မှာ အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ အာရှခရီးစဉ်ကြောင့် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရတာမို့ ဒီတစ်ပတ်မှာ အမေရိကန်သမ္မတရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာအတက်အကျကို ဘဲ အထူးကောက်နုတ်ဖော်ပြချင်ပါတယ်။

အာရှ-ပစိဖိတ် မဟာဗျူဟာ အတက်အကျ

ယခုသီတင်းပတ်မှာ ထူးထူးခြားခြားဖြစ်ခဲ့တာက ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ပါတယ်။  သတင်းထောက် တစ်ဦးမေးတာကို အမေရိကန် သမ္မတဘိုင်ဒင် ပြန်ဖြေခဲ့တာကနေစခဲ့တာပါ။ မေ ၂၀ ရက်က စခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အတွင်း ဖြစ်ခဲ့တာပါ။ အကျဉ်းချုံးရရင် တောင်ကိုရီးယားနဲ့ ဂျပန်ကိုလာရောက်တဲ့အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ အာရှပထမဆုံးခရီးစဉ်မှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ တရုတ်ပါဝင်တဲ့ ပစိဖိတ် ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(TPP) ကို ဖယ်ရှားမည့် အမေရိကန်ဦးဆောင်ပြီး အာရှ-ပစိဖိတ် နိုင်ငံ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF) ကို စတင်ကြေညာခဲ့တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

ဘိုင်ဒင်က အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ အမျိုးသမီးသတင်းထောက်တစ်ဦးမေးတဲ့ ယူကရိန်းအရေးနှင့် စပ်လျဉ်းပြီး ထိုင်ဝမ်မှာ အဲလိုမျိုးဖြစ်လာခဲ့ရင် ကာကွယ်ဖို့ စစ်ရေးအရ ပါဝင်ပတ်သက်ဖို့ရှိသလား မေးခဲ့ရာမှာ  ဘိုင်ဒင်က ပါဝင်ဖို့ ရှိသွားတယ်ဆိုပြီး ပြန်ဖြေခဲ့သလို ဒါဟာ ခိုင်မာတဲ့ ကတိကဝတ်ပဲဆိုပြီးပြောခဲ့တာပါ။ ယူကရိန်း အရေးမှာ အမေရိကန်က နောက်ကွယ်ကနေ လိုအပ်တဲ့ ထောက်ပို့လေးဘဲ လုပ်နေတာတောင် ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်တွေက မပြည့်ခဲ့တဲ့ အတွက် အမေရိကန်ရဲ့ အပြည်အ၀ဝင်ပါလာခဲ့ရင် ရုရှားဘယ်လိုအခြေအနေရှိနိုင်လဲလို့ နိုင်ငံတကာစစ်ရေးသုတေသီတွေက ခန့်မှန်းတွက်ချက်နေရတဲ့ အချိန်မှာ ဒီပြောဆိုမှုဟာ အာရှအခြေအနေအတွက် အတော်လေးကို သတိထားစရာကောင်းတဲ့ အဖြေဖြစ်ခဲ့ပါတယ်။   

ဝါဒဖြန့်မှုတွေအရ ရုရှားဘက်က ဘယ်လိုဘဲ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုကို ရပ်တည်နိုင်သည်ဖြစ်စေ၊ ဒွန်ဘတ်စ်လို့ ယူကရိန်းအရှေ့ပိုင်း ဒေသကို  စစ်ရေးအရ အောင်နိုင်သည်ဖြစ်စေ ရုရှားအနေအထားက အိမ်ကျယ် အဆင့်ထက်မပိုတော့ဘူးဆိုတာကို နိုင်ငံတကာက ခန့်မှန်းမိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီရက်ပိုင်းမှာ ဇီခရွန် လို အသံထက် ၉ ဆမြန်တဲ့ ဒုံးကျည်တွေ စမ်းသပ်ပြနေတာတွေက သင်္ကြန်အမြှောက်လို ခြိမ်းခြောက်တာထက်မပို တဲ့အနေအထားပါ။ ရုရှားက အပြင်းအထန်ခြိမ်းခြောက်နေပေမယ့် ယူကရိန်းကို စစ်လက်နက်ထောက်ပံ့တဲ့ နိုင်ငံ တွေ များလာတာ၊ နေတိုးအဖွဲ့ထဲဝင်ဖို့ နိုင်ငံတွေ ဆက်လုပ်နေတာတွေ အရှိန်မလျော့တာကို ကြည့်ရင် ရုရှားဟာ အမေရိကန်နဲ့နေတိုးအတွက် သိပ်ထိတ်လန့်စရာ နိုင်ငံတစ်ခုမဖြစ်တော့တာကိုတွေ့ရမှာပါ။ ဒီလို ခန့်မှန်းမှုတွေကို အတည်ပြုလိုက်တာက ဘိုင်ဒင်က မူလရည်မှန်း ချက်ဘက်ကို ပြန်သွားတဲ့အနေနဲ့ တရုတ်ကို ထိုင်ဝမ်နဲ့ ပတ်သက်လာရင် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှိတာကို ထုတ်ဖော်ပြောခဲ့တာပါဘဲ။

ဘိုင်ဒင်ရဲ့ ဒီပြောဆိုချက်ကို အိမ်ဖြူတော်က ကာကွယ်ရန် အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဒီပြောဆိုမှုဟာ ဘယ်လောက်ထိတာသွားသလဲဆိုတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ သတင်းထောက်တွေဆီ အိမ်ဖြူတော်က အလျင်အမြန်ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်သမ္မတအနေနဲ့ ထိုင်ဝမ်အနေနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ စစ်ရေးနည်းလမ်းတွေ ပေးဖို့နဲ့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေပါ ကတိကဝတ်ကိုသာ ရည်ညွှန်းပြောတာဆိုပြီး ဖြစ်လာရင် အမေရိကန်က ဝင်ပါမယ့်ပုံစံမျိုး သမ္မတက ဆိုလိုပုံမရဘူးဆိုပြီး သမ္မတစကားကို ကာဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီသတင်းစာရှင်းလင်းပွဲမှာ  သတိထားစရာတစ်ခုဖြစ်တဲ့  ဂျပန်ရဲ့ ကာကွယ်ရေးကို အမေရိကန်က အာမခံခဲ့တာကိုကြည့်ရင် ဒါဟာ မတော်တဆဖြစ်ဖို့နည်းပြီး အမေရိကန်ရဲ့ချထားတဲ့ မူဝါဒကို ထုတ်ပြောလိုက်တဲ့ အနေအထားဖြစ်ဖို့ များပါတယ်။

တကယ်တော့ အာရှ-ပစိဖိတ်ဒေသဟာ အမေရိကန်မှာ ဘိုင်ဒင်တက်လာကတည်းက အရေးပါတဲ့ဒေသ အဖြစ် သတ်မှတ်ထားပြီးသားပါ။ ဒီခရီးစဉ်မတိုင်မီ အာဆီယံနိုင်ငံတွေကို  အိမ်ဖြူတော်မှာ တွေ့ဆုံပြီး အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးကျင်းပခဲ့ရာမှာ အနောက်အုပ်စုအတွင်း အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ အာဆီယံ ဒေသဟာ အရေးပါတဲ့ဒေသအဖြစ် အလေးထားတယ်ဆိုတာကို ပြောခဲ့တာရှိပါတယ်။ ဘိုင်ဒင်လက်ထက် မဟာဗျူဟာပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့တဲ့  တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ဝါရှင်တန်က မူဝါဒချမှတ်သူတွေဟာ နည်းဗျူဟာအရ လိုအပ်လာရင် အထိခိုက်ဆုံးရှုံးခံပြီး ကစားခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် အာဖဂန်လို ခက်ခက်ခဲခဲ ခြေကုပ်ယူထားတဲ့ နိုင်ငံကို လွယ်လွယ်နဲ့ လက်လွှတ်ခံခဲ့တာဆိုရင်  နိုင်ငံတကာအတွက် အံ့အားသင့်စရာပါ။ ဒါပေမယ့် လက်ရှိမှာ အာဖဂန်က ဘာသာရေးအစွန်းရောက်တွေ အားကောင်းလာနေတာအတွက် ရုရှားနဲ့ တရုတ် ခေါင်းခဲနေတာကို ကြည့်ရင် အာဖဂန်ကနေ လျင်လျင်မြန်မြန်ထွက်သွားခဲ့တဲ့ ရည်ရွယ်ချက်က ဒီလိုအတွက်လား ဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီလို ခန့်မှန်းရခက်တဲ့ အမေရိကန်အဖို့ ယူကရိန်းပြဿနာကြောင့် အချိန်ကာလတစ်ခုအထိ အာရှကနေ ဥရောပအရှေ့ဘက်ကို အာရုံစိုက်ရပေမယ် လက်ရှိမှာ နေတိုးဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဘက်က ရုရှား အပေါ် စီးပွားရေး၊နိုင်ငံရေးနဲ့ စစ်ရေးအရ ထိန်းလာနိုင်နေပြီကိုတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဘိုင်ဒင်ရဲ့ အာရှ-ပစိဖိတ်ခရီးစဉ်နဲ့အတူ တရုတ်ကို စီးပွားရေး၊စစ်ရေး၊နိုင်ငံရေးအရ ဖိအားပေးမယ့် အမေရိကန်ရဲ့ အာရှ-ပစိဖိတ် မဟာဗျူဟာက ပြန်စတင်လာပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ ဒီဒေသအပေါ်ထားတဲ့ မူဝါဒဘက် ပြန်ဇောင်းပေးလာတဲ့ အနေအထားပါ။ ထိုင်ဝမ်အရေးမှာ  ယူကရိန်းလို လက်ရှောင်တော့မှာ မဟုတ်ဘူးဆိုပြီး တိုက်ရိုက်သတင်းစကားပေးခဲ့တာ တခြားသော ရည်ရွယ်ချက်ဆိုတာထက် အမေရိကန်အနေနဲ့ ဒီဒေသမှာရှိနေတဲ့ တရုတ်ရဲ့ ဩဇာအာဏာကြီးထွားလာတာကို ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတာကို အချက်ပြတာဖြစ်ဖို့များ နေပါတယ်။

ဒီခရီးစဉ်မှာ ဘိုင်ဒင်ပြောခဲ့တာတစ်ခုရှိပါတယ်။ ဒါက အာရှဒေသဟာ ဒီမိုကရေစီနိုင်ငံများနဲ့ အာဏာရှင် နိုင်ငံများအကြား အားပြိုင်နေတဲ့ အဓိက စစ်မြေပြင် တစ်ခုဆိုတာကို အလေးအနက်ထားပြောခဲ့တာပါ။ ယခုအာရှကို လာတဲ့အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ ခရီးစဉ်ကို အသေအချာ ပြန်ကြည့်မယ်ဆိုရင် QUAD ထိပ်သီးအစည်းအဝေးတက်ဖို့ထက် ပိုအရေးကြီးတဲ့ အကြောင်းရာတစ်ခုပါလာခဲ့ပါတယ်။ ဒါက “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF)”ပါ။

“အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF)”ဟာ ထရမ့်လက်ထက်မှာ နုတ်ထွက်ခဲ့တဲ့ ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(TPP)လိုမျိုးပါဘဲ။ ဒါကြောင့် အမေရိကန်မှာ TPP-2.0 အဖြစ် ပြောနေဆိုနေကြတာပါ။ ဒါပေမယ့် ဝါရှင်တန်ကတော့ ဒါဟာ TPP ကို အဆင့်မြှင့်ထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။  လက်ရှိမှာ TPP ကနေဖြစ်လာတဲ့ တရုတ်ဦးဆောင်တဲ့ ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော် သဘောတူညီချက် (CPTPP ) ဟာ အားကောင်းနေပြီး ဒေသတွင်းမှာ အလုပ်ဖြစ်နေပါတယ်။ ဒါနဲ့ RECPကို ဆက်စပ်လိုက်တဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအတော်များများကို တရုတ်က လက်လှမ်းမှီသလို ဖြစ်နေလို့ အမေရိကန်စတင်ဖော်ဆောင်မယ့် တရုတ်မပါဝင်တဲ့ “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF)”ဟာ တရုတ်ကို ဒီဒေသကုန်သွယ်မှုကနေ ဖယ်ထုတ်တာဖြစ်လို့ တရုတ်အတွက် လက်မခံနိုင်စရာပါ။

ဒါကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယိက ဘိုင်ဒင်ရဲ့ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခဲ့တာပါ။ မေ ၂၂ ရက် တရုတ်နိုင်ငံပိုင် မီဒီယာကနေ ဝမ်ယိက အမေရိကန်ရဲ့ အာရှဒေသဆိုင်ရာ မဟာဗျူဟာက ကျဆုံးနေပြီလို့ ပြောခဲ့တာပါ။ ဒါပေမယ့် ဘိုင်ဒင်ကတော့ သူ့ရဲ့ဒီအာရှခရီးစဉ်ဟာ  ဒီဒေသတစ်ဝန်း အမေရိကန်ရဲ့ကုန်သွယ်ရေးနဲ့ စစ်ရေးအရ ဩဇာလွှမ်းမိုးမှုကို ဆက်ထိန်းထားလိုတဲ့ အခိုင်အမာဆုံးဖြတ်ထားတဲ့ ဆန္ဒကို ပြတဲ့ ခရီးစဉ်အဖြစ် ယူဆထားတာပါ။ ဒါကြောင့်မို့ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်မှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုမှုက တမင်သက်သက်ရည်ရွယ်တာ ဖြစ်ဖို့ အတော်လေးများပါတယ်။ ဒါကြောင့်‌ ကိုဗစ်ကာလအရှိန်လျော့ချိန်မှာ ပြန်ပေါ်ထွက်လာတဲ့ အမေရိကန်-တရုတ်တင်းမာမှုက ဒီတစ်ခါ ထရမ့်လက်ထက်ကထက် ပိုပြင်းထန်လာဖို့ ကို များနေပါတယ်။

တရုတ်ကို ဦးတည်ထားတဲ့ QUAD အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးမှုကို ကြည့်ရင်လည်း ဆွေးနွေးမှုတွေက ဖြစ်ပြီး နဲ့ မဖြစ်သေးတဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အရေးတွေကိုသာ ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ မေ ၂၄ ရက်က တိုကျိုမှာလုပ်တဲ့  QUAD ထိပ်သီးအစည်းအဝေးမှာဆိုရင်  QUAD ခေါင်းဆောင်တွေဟာ  အင်ဒို-ပစိဖိတ်ဒေသ ပွင့်လင်း လွတ်လပ်မှုရှိရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွေမှာ အတူလုပ်ဆောင်ဖို့  ကတိပြုခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အမေရိကန်သမ္မတဘိုင်ဒင်က ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ဥရောပအရေးကိစ္စ သက်သက်မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ်ပြောခဲ့သလို ဂျပန်ဝန်ကြီးချုပ်ကလည်း အာရှဒေသမှာ အဲဒီလို အလားတူဖြစ်စဉ်မျိုး လုံး၀အဖြစ်မခံဘူးသဘောမျိုးပြောခဲ့ပါတယ်။ ဂျပန်ဟာ လက်ရှိမှာ ဒုတိယကမ္ဘာ့စစ်ဖြစ်ပြီးကတည်းက ကိုင်စွဲခဲ့တဲ့ မူဝါဒကို စွန့်လွှတ်ပြီး စစ်ရေးပြန်တည်ဆောက်နေတဲ့ နိုင်ငံပါ။ ရုရှား၊တရုတ်တို့နဲ့ စစ်ရေးဆိုင်ရာ တင်းမာမှုရှိနေတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီနိုင်ငံက ထိုင်ဝမ်ကိစ္စကိုရည်ညွှန်းပြီး လုံးဝလက်သင့်မခံဘူးလို့ ပြောခဲ့တာကိုကြည့်ရင် ဒေသတွင်းမှာ မကြာခင် စစ်ရေးတင်းမာမှုတွေ၊တည်ဆောက်မှုတွေနဲ့ လာဖို့ များနေပါတယ်။

တရုတ်ဘက်က အမေရိကန်ဘက်က ဒီလို အာရှ-ပစိဖိတ်မဟာဗျူဟာပြန်လည်စတင်လာတာကို ပြန်တုံ့ပြန်ခဲ့ပါတယ်။ ဘိုင်ဒင်က ထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ စကားကိုထုတ်ပြောချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သလို အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးလို အဓိကအကျိုးစီးပွားတွေပါဝင်တဲ့ကိစ္စရပ်တွေမှာ အပေးအယူ(ဒါမှမဟုတ်)အလျော့ပေးဖို့ နေရာမရှိဘူးဆိုပြီး ပြောခဲ့ပါတယ်။ဒါအပြင် ဝမ်ယိက အမေရိကန်ဟာ ထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်အရေးကို အသုံးချပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ QUAD ဆွေးနွေးလုပ်စဉ်မှာ တရုတ်နဲ့ ရုရှားတိုက်လေယာဉ်တွေ ဂျပန်လေပိုင်နက်နားကပ်လာလို့ ဂျပန်ဘက်က ကန့်ကွက်ခဲ့ရသလို  ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်ကအပြန် နာရီပိုင်းအတွင်း မြောက်ကိုရီးယားက IBMလို့ တိုက်ချင်းပစ် ဒုံးကျည်သုံးစင်းပစ်ခတ်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။  

မေ ၂၅ ရက်မှာတော့ အမေရိကန်ရဲ့ တရုတ်မပါဝင်တဲ့ “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF)”ဟာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးရန်ရည်ရွယ်ပြီး ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်ရန် လက် နက်တစ်ခု အဖြစ် ဖန်တီးခြင်းဘဲဆိုပြီး တရုတ်ဘက်ကပြောခဲ့ပါတယ်။ မေ ၂၆ ရက်မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက လက်ရှိတည်ရှိနေတဲ့ ကမ္ဘာ့အခင်းအကျင်း Global Order ကို ဆက်လက် တည်တန့်အောင် ထိန်းထားနိုင်ဖို့အတွက် တရုတ်နဲ့ အပြင်းအထန်ပြိုင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း စစ်အေးတိုက်ပွဲကိုတော့ ဆင်နွှဲမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာအခြေအနေတွေက ပိုပြီးတင်းမာလာမယ့် သဘောရှိနေပါတယ်။ ဘိုင်ဒင်အနေနဲ့ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF)ကို သုံးပြီး ထရမ့်လက်ထက်က မပြီးသေးတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဆက်ကစားဖို့ ပြင်နေပြီလားဆိုတာ တွေးဆစရာပါဘဲ။   

မင်းထက်