【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】အာရှစစ်ရေးတည်ဆောက်မှု သတိထားစရာ

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】အာရှစစ်ရေးတည်ဆောက်မှု သတိထားစရာ

နိုင်ငံတကာမှာ ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အာရှက ဂျပန်နိုင်ငံမှာ နောက် တက်လာတဲ့ ဖူမီအိုကီရှီဒါရဲ့ နိုင်ငံတကာခရီးစဉ်တွေက စိတ်ဝင်စားဖို့ ကောင်းနေတဲ့ပါတယ်။ အစဉ်အလာအရ ကာကွယ်ရေးအတွက်သာ ကန့်သတ်စစ်အင်အားထားရှိခွင့်ရတဲ့ ဂျပန်ကာကွယ်ရေးတပ်အတွက် ဘတ်ဂျတ်လျာ ထားမှုဟာ ဝန်ကြီးချုပ်ကီရှီဒါလက်ထက်မှာ သတ်မှတ်ထားမှုထက်ကျော်လွန်သွားခဲ့ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာ စစ်အပြီး ပထမဆုံးပါဘဲ။

            တခြားသော အာရှနိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုရီးယားဆိုရင်လည်း သမ္မတသစ် ယွန်းဆော့ယိုးလက်ထက် မှာ မူဝါဒတွေက ယခင်သမ္မတဟောင်းမွန်ဂျေအင်းကနဲ့ မတူဘဲ ပြောင်းလဲသွားတာကိုတွေ့ရသလို နူကလီးယား လက်နက်နဲ့ မကြာခဏဆိုသလို ခြိမ်းခြောက်လေ့ရှိတဲ့ မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ သဘောထားရှိနေတာ ကိုတွေ့ရပါတယ်။ ဩစတြေးလျဆိုရင်လည်း စကော့မော်ရစ်ဆန်နေရာ တက်လာတဲ့ အန်သိုနီအယ်လ်ဘာနိစ်က လည်း စစ်ရေးကို ပိုမိုအားကိုးသည့်ဟန်ရှိသည်။ ထို့ကြောင့် အမေရိကန်ဦးဆောင်သည့် အာရှနေတိုးဟု အမည် ပြောင် ပေးခံထားရသည့် ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်ပါဝင်သော AUKUS အဖွဲ့နှင့် အိန္ဒိယ၊ဂျပန်၊ ဩစတြေး လျ ၊အမေရိကန်စသည့် လေးနိုင်ငံပါဝင်သည့် QUAD အဖွဲ့၏ လှုပ်ရှားမှုများမှာ ဘိုင်ဒင်၏ အာရှနှစ်နိုင်ငံခရီးစဉ် အပြီး ပို၍ သွက်လက်လာနေသည်ကို တွေ့ရသည်။

            ယခုတစ်ပတ်တွင် မြောက်ကိုရီးယား၏ အဆက်မပြတ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြိမ်းခြောက်မှုနှင့် ထင် ရာစိုင်းလုပ်ပြနေသည့် ရုရှား၏ အခြေအနေ၊  ထိုင်ဝမ်နှင့် ဆက်ဆံမှုပြဿနာကြောင့် တရုတ်နှင့် အမေရိကန် အ ကြား တင်းမာမှု စသည်တို့က စိတ်ဝင်စားစရာ အခြေအနေသို့ ရောက်လာခဲ့သည်။ထိုအခြေအနေက အာရှစစ်ရေး တည်ဆောက်မှုကိုဘယ်လောက်ထိ သက်ရောက်လာနိုင်သလဲဆိုသည်ကို ဆန်းစစ်စရာ အခြေအနေဖြစ်နေရာ ယခုတစ်ပတ်တွင်  အာရှစစ်ရေးဆိုင်ရာ ပြောင်းလဲမှုများကို အထူးဖော်ပြလိုပါသည်။

ဂျပန်၏အပြောင်းအလဲ

            ဂျပန်ဝန်ကြီးချုပ်ဆူဂါနေရာကို ဆက်ခံခဲ့တဲ့ ဖူမီအိုကီရှီဒါရဲ့လက်ထက်မှာ ဂျပန်ကို နိုင်ငံခြားရေးမူဝါဒ အသစ်၊ စစ်ရေးမူဝါဒအသစ်ပုံစံမျိုးနဲ့ လွန့်လူးလာသည်ကိုတွေ့ရသည်။ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့သည့်ဂျပန် အတွက် စစ်နိုင်သည့်နိုင်ငံတွေ ရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ ဂျပန်၏ကာကွယ်ရေးအင်အားဖွဲ့စည်းပုံမှာ အကန့် အသတ်ရှိသည်။ သို့သော် ဝန်ကြီးချုပ်သစ် ဖူမီအိုကီရှီဒါလက်ထက်တွင် အတော်လေးကို ပြောင်းလဲ သွားခဲ့သည်။ ။ လက်ရှိတွင် ဂျပန်က လေယာဉ်တင်သင်္ဘောနီးပါးတည်ဆောက်ထားသည့်Izumo နှင့် Kaga တို့ကို အထပ်နှစ်ထက်ပြန်ထည့်ကာ လေယာဉ်တင်သင်္ဘော ဖြစ်ရန် ပြန်ပြင်ဆင်နေပြီ ဖြစ်သည်။ လက်ရှိ၌တရုတ်တွင် လေယာဉ်တင်သင်္ဘောတစ်စင်းသာရှိပြီး နောက်တစ်စင်းမှာ တည်ဆောက်နေဆဲအခြေအနေသာ ဖြစ်သည်။

            တရုတ်၏စစ်ရေးအင်အားကြီးမားလာသည်ကို အဆက်မပြတ်ထောက်ပြနေသည့် အနောက်အုပ်စုအတွက် ဒေသတွင်းရှိ ဂျပန်၏စစ်အင်အားအခြေအနေက  ဗြိတိန်၊ ဂျာမနီနှင့် အီတလီတို့ထက် ကျော်လွန်နေသည်ကို မသိ ကျိုးကျွံပြုထားခဲ့သည်။ ဂျပန်တွင် Aegis ဒုံးကျည်တိုက်ခိုက်ရေးစနစ် ရှစ်ခုနှင့် ရေငုပ်သင်္ဘော အစီး ၂၀ အပါအဝင် ဖျက်သင်္ဘော ၄၈ စင်း၊ စစ်လေ ယာဉ် ၉၀၀ ကျော်ရှိနေသည်။ ဆက်၍လည်း အမေရိကန်မှ F-35B 42 စင်းအပါ အဝင် F-35 အမျိုးအစား ၁၄၇ စင်းကို ဝယ်ယူနေခဲ့သည်။ လက်ရှိတွင် ဂျပန်မှာ  အမေရိကန်နိုင်ငံပြင်ပတွင် အမေရိ ကန်ကိုယ်ပျောက်တိုက်လေယာဉ် အများဆုံး အသုံးပြုသည့်နိုင်ငံ ဖြစ်သည်။

            ဂျပန်၏ကာကွယ်ရေးဘတ်ဂျက်မှာ ၂၀၂၁-၂၀၂၂ တွင် အမေရိကန်ဒေါ်လာ ၅၄.၁ ဘီလီယံရှိပြီး မကြာ သေးမီက ဝါရှင်တန်၏ ပိုမိုသုံးစွဲပေးရန် တောင်းဆိုမှုကို ရင်ဆိုင်ခဲ့ရသည်။ လာမည့်ဘဏ္ဍာရေးနှစ်တွင် လက်ရှိ ထက် နှစ်ဆသုံးမည်ဖြစ်သည်။ထိုပမာဏမှာ ဂျပန်ဂျီဒီဘီ၏ နှစ်ရာခိုင်နူန်းဖြစ်သည်။ မကြာသေးမီက ဂျပန်ပိုင် နက်ပင်လယ်နှင့် ဝေဟင်ပိုင်နက်တစ်ဝိုက် ဒုံးကျည်ကာကွယ်ရေးနှင့် ကင်းထောက်လှုပ်ရှားမှုအတွက် အရှိန်မြှင့်ရန် ပထမအဆင့်အနေဖြင့် ယန်း ၇၇၀ ဘီလီယံ (ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ) အပိုဘတ်ဂျက်ကို အတည် ပြုခဲ့သည်။

            ဂျပန်ဝန်ကြီးချုပ်သစ်၏ နိုင်ငံခြားရေးရာမူဝါဒကို ကြည့်ပါက ယခင်ဝန်ကြီးချုပ်များထက်ပိုပြီး မူဝါဒပြတ် သည်ကို တွေ့ရသည်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါလက်ထက်တွင် အမေရိကန်သမ္မတ ဘိုင်ဒင်၏ ပထမဆုံး အာရှ ဒေသ ခရီးစဉ်နှင့်အတူ QUAD အစည်းအ‌ဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ ဘိုင်ဒင်၏ အဆိုပါ ခရီးစဉ် တွင် ထိုင်ဝမ်နှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်သစ်၏ တရုတ်အပေါ် ပြောကြားမှုများက ဒေသတွင်း အင်အားကြီး တရုတ်နှင့် ဂျပန်အကြား နဂိုရှိနေသည့် ဆက်ဆံရေးတင်းမာမှုကို အရှိန်မြင့်စေခဲ့သည်။

            တရုတ်အနေဖြင့် အစောပိုင်းကတည်းက ဂျပန်၏စစ်ရေးဘတ်ဂျက်တိုးမြင့်လာမှုအပေါ် စိုးရိမ်မှုရှိနေခဲ့ သည်။ မတ်လအတွင်းပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယူ ကရိန်း အကျပ်အတည်းကို အရင်းပြုပြီး စစ်အင်အား တိုးချဲ့တာမျိုး ရှောင်ရှားဖို့ တရုတ်ဘက်က သတိပေး ခဲ့တာရှိခဲ့သည်။ ထိုသို့ သတိပေးရခြင်းမှာ မစ္စတာကီရှီဒါက ၎င်းတာဝန်ယူပြီးနောက် ရုရှားတို့ တရားမဝင် သိမ်းယူထားတဲ့ တောင်ပိုင်း ကူရိုင်လ်ကျွန်းစုဟာ ဂျပန်ရဲ့ မွေးရာပါ နယ်မြေဖြစ်တယ်လို့ပြောခဲ့ပြီး ရုရှားနှင့် တရုတ်၊မြောက်ကိုရီးယားအန္တရာယ်ကို အကြောင်းပြကာ ဝါရှင်တန်နဲ့ နျူကလီးယား မျှဝေအသုံးပြုရေး သဘောတူညီချက်ဖော်ဆောင်ဖို့ တောင်းဆိုခဲ့‌ကလည်း ရှိနေခဲ့သည်။

            ကီရှီဒါလက်ထက် အမေရိကန်နှင့် ပိုနီးကပ်လာကာ အာရှကိုယ်စားပြုတစ်နေရာကို ရရန်ကြိုးစား လာနေသည်ကိုတွေ့ရသည်။ မကြာသေးမီက ကုလလုံခြုံရေးကောင်စီ ပြန် လည်ပြင်ဆင်ဖွဲ့စည်းရန်အတွက် အသံထွက်လာရာတွင် အမေရိကန်နှင့် အနောက်အုပ်စုအားပေးမှုဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နေရာတစ်နေရာကို ရယူရန်အထိဖြစ်လာသည်။ ထို့အခြေအနေများ ကြောင့် အာရှ-ပစိဖိတ်ဒေသတွင် အင် အားကြီးလာသည့် တရုတ်ကို အင်အားမျှခြေထိန်းရန် အမေရိကန်က အဓိက စင်တင်လာမှုမှာ တရုတ်နှင့် အစဉ်အလာပြိုင်ဘက် ဂျပန်ဖြစ်သွားသည်ကိုတွေ့ရမည်ဖြစ်သည်။

            မကြာသေးမီရက်က သတင်းတစ်ပုဒ်တွင် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရန် ဂျပန်ဝန်ကြီးချုပ်စီစဉ်နေကြောင်း သတင်းများထွက်လာခဲ့သည်။လတ်တလောတွင်လည်း မြောက် ကိုရီးယားက ဂျပန်အရှေ့ပင်လယ်သို့ တစ်ရက်တည်း တာတိုပစ်ဒုံးကျည် ၈ စင်း စမ်းသပ်ပစ်ခတ်ခဲ့သဖြင့် ရန်စမှုအဖြစ် ဂျပန်ဘက်က ရှုတ်ချခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နူကလီးယား စမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရသည်။ထိုသို့သောအနေအထားများကြောင့် ယူကရိန်းကို ရုရှားကျူးကျော်သည့်ဖြစ်စေ မကျူးကျော်သည့်ဖြစ်စေ အာရှတွင် ဂျပန်ကို စစ်ရေးတည် ဆောက်မှု သေချာပေါက်ခွင့်ပြုပေးမည် အနေအထားမျိုးဖြစ်လာနေသည်။  

စစ်ရေးလေ့ကျင်မှုနှင့် တင်းမာမှုလက်ယပ်ခေါ်နေမှု

            မကြာမီက အမေရိကန်က ဦးဆောင်ပြီး  နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင်သည့် ရေကြောင်းစစ်ရေး လေ့ကျင့်မှု ကို ကြေညာခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံတကာအာရုံစိုက်စရာ စစ်ရေးအခင်းအကျင်းသစ်ဖြစ်နေသည်။  အထူးသဖြင့် တရုတ်နိုင်ငံအတွက် ထိုစစ်ရေးလေ့ကျင့်မှုက သတိထားစောင့်ကြည့်စရာ ဖြစ်သည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင်  တရုတ်ကို အင်အားဟန်ချက်ထိန်းရန် ဦးတည်ကာ ဖွဲ့ထားသည့် QUAD အဖွဲ့ဝင် ၄ နိုင်ငံစလုံး ပါဝင်သလို တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသည့် ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူ စသည့် ၅ နိုင်ငံတို့ ပါဝင်သည်။ထိုသည်က စစ်ရေးလေ့ကျင်မှု ဦးတည်ရာမှာ တရုတ်ကို ဖြစ်နေသည်။ ဟိုနိုလူလူနှင့်  ဆန်ဒီယေဂိုတွင် ဇွန်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်နေ့အထိ နှစ်လကြာ စစ်ရေးလေ့ကျင်မှုထဲ ရေငုပ်သင်္ဘော ၄ စင်း၊ စစ်သင်္ဘော ၃၈ စင်း၊ လေယာဉ် ၁၇၀ ကျော် နှင့် မြေပြင်တပ်ဖွဲ့ ၉ ခုအပါအဝင် ရေတပ်သား ၂၅,၀၀၀ ခန့် ပါဝင်မည်ဖြစ်သဖြင့် ထိုစစ်ရေးလေ့ကျင့်မှုက ကမ္ဘာ့အကြီးဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဖြစ်လာမည့်ဖြစ်ရာ အင် အားကြီးနိုင်ငံများအကြား တင်းမာမှုပို၍ မြင့်တက်လာစရာသာရှိတော့သည်။

            တရုတ်ကို ကန့်သတ်ရန် မကြာမီက အင်ဒို-ပစိဖိတ်မူဘောင်ကို ချမှတ်ခဲ့သည့် အမေရိကန်က ယခုစစ်ရေး လေ့ကျင့်မှုကိုလည်း “လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသကို သေချာစေရန်” အတွက်ဆိုသည်။ ထိုမတိုင်မီက မေ ၂၈ ရက်တွင် တရုတ်က တောင်တရုတ်ပင်လယ်၌ ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သလို မေ ၃၀ ရက် တွင် ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်ထဲသို့ တရုတ်စစ်လေယာဉ် အစင်း ၃၀ ဝင်ရောက်လာမှု ဖြစ်ခဲ့ သည်။  မေ ၃၁ ရက်တွင် ဖိလစ်ပိုင်အစိုးရက  ဖိလစ်ပိုင် ပင်လယ်ရေကြောင်း သုတေသန သင်္ဘော တစ်စင်း ကို တရုတ်ကမ်းခြေ စောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းက ဖိလစ်ပိုင်နိုင်ငံပိုင် ရေပြင်နယ်နိမိတ်အတွင်း အနှောင့် အယှက်ပေးခဲ့သဖြင့် တရုတ်၏ ထိပ်သီးသံတမန်တစ်ဦးကို ဆင့်ခေါ်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

ဇွန် ၁ရက်တွင် တရုတ်အစိုးရ ကန့်ကွက်မှုကို စိန်ခေါ်ကာ အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ် ရေး အစီအစဉ်ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ထို့ပြင် အမေရိကန်က ဇွန် ၂ ရက်တွင် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ရာသီအလိုက် ငါးဖမ်းခွင့်ပိတ်ပင်သည့် တရုတ်၏ ကြေညာချက်ကို ဝေဖန်သည့် ဖိလစ်ပိုင်ဘက်က ထောက်ခံကြောင်းပြခဲ့သည်။ ဇွန် ၂ ရက်တွင် လေးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်  အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးပါဝင်သော ၃ ရက်ကြာ အမေ ရိ ကန် -တောင်ကိုရီးယားပူးတွဲစစ်ရေး လေ့ကျင့်မှုကို စတင်ခဲ့ပြီး  လေ့ကျင့်မှုအပြီး ဇွန် ၅ ရက်တွင် မြောက်ကိုရီးယားက တစ်ရက်တည်း ဂျပန်အရှေ့ပင်လယ်သို့ တာတိုပစ် ပဲ့ထိန်းတပ် ဒုံးကျည် (၈) စင်းကို ပစ်လွှတ်ခဲ့သည်။

ထိုအခြေအနေများကို ကြည့်ပါက ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေမှာ တခဏတွင်း အမြင့်ဆုံးထိ ရောက်နိုင်သလို မမျှော်လင့်ဘဲ စစ်ဖြစ်နိုင်သည့်အထိ ဖြစ်သည်။ အမေရိကန်ထောက်လှမ်းရေးက ၎င်း၏ ထောက် လှမ်းရေးသုံးသပ်မှုများကို ပြန်သုံးသပ်မည်ဟု မကြာသေးခင်က ဆိုထားသည်။ အထူးသဖြင့် ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်တပ်အပေါ် ပိုတွက်ချက်ထားမှုကြောင့် ဆိုသည်။ထိုတွက်ချက်မှုတွင် တရုတ်လည်းပါဝင်လာ ဖွယ်ရာရှိ သည်။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း စစ်ရေးစစ်ရာတွင် အမေရိကန်၏ ရှေ့တိုးလာမှုက ထင်ရှားသလို ဥရောပတွင် ဂျာမနီ၊ပြင်သစ်နှင့်တခြားသော နေတိုးနိုင်ငံများက ပူတင်၏ခြိမ်းခြောက်မှုကို ဂရုမစိုက်သည့် အထိ ဖြစ်လာသည်။ 

အာရှတွင်လည်း ဂျပန်၊ဩစတြေးလျတို့က တရုတ်နှင့်ထိပ်တိုက်တွေ့သည့် အနေအထားကိုရွေး ချယ် လာ သည်ကို တွေ့ရသည်။  မကြာမီက တောင်တရုတ်ပင်လယ်ထဲ သြစတြေးလျ ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်တစ်စင်းက ကြားဖြတ်နှောင်ယှက်ခဲ့ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာန က ဇွန် ၅ ရက်က ထုတ်ပြန်သကဲ့သို့  ကနေဒါကလည်းအလားတူထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။

ထိုအခြေအနေများတွင် အထိအခိုက်မခံသည့် အာရှ၌  ဂျပန်၏စစ်ရေးတည်ဆောက်မှုနှင့် မြောက် ကိုရီးယား၏နူကလီးယား စမ်းသပ်လာနိုင်မှုက ကြီးမားသည့် ပြဿနာဖြစ်လာနိုင်လေသည်။သို့သော် နိုင်ငံ အားလုံးက  ယူကရိန်းစစ်ပွဲတွင် ရုရှား၏အဆုံးသတ်ကို စောင့်ကြည့်နေကြသည်။  ရုရှား၏အဖြေက နောင်ဖြစ်လာနိုင်သည့် စစ်ပွဲများအတွက် စံနမူနာဖြစ်လာဖို့ များသည်။ ရုရှားအဖို့ ယူကရိန်းတွင် အောင်နိုင် ကောင်း အောင်နိုင်မည်ဖြစ်သော်လည်း ရေရှည်တွင် အဘက်ဘက်မှ ရှုံးနိမ့်ဖို့ သေချာနေလေသည်။ သို့သော် ရုရှားကဲ့သို့ ကျူးကျော်လာနိုင်သည့် နိုင်ငံများအန္တရာယ်ကို အကြောင်းပြကာ စစ်ရေးတည်ဆောက်မည့် ဂျပန်အတွက်တော့ လက်ရှိအခြေအနေက အခွင့်ရေးကောင်းပင်ဖြစ်သည်။ ထိုသည်က  တရုတ်အတွက် နောင်တစ်ချိန်တွင် ကြီးမားသည့် အန္တရာယ်ဖြစ်လာတော့မည်ဖြစ်သည်။      

မင်းထက်