【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ပယ်လိုစီခရီးစဉ်နဲ့ အာရှစစ်မက်ဘေး

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ပယ်လိုစီခရီးစဉ်နဲ့ အာရှစစ်မက်ဘေး

ဒီတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေကိုကြည့်မယ်ဆိုရင် စစ်ရေးဆိုင်ရာသတင်းတွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား နိုင်ငံရေးတင်းမာမှုသတင်းတွေနဲ့ သဘာ၀ဘေးသတင်းတွေ အများစုဖြစ်ခဲ့တာကိုတွေ့ ရပါတယ်။ ၆ လထဲရောက်လာပြီ ဖြစ်တဲ့ ယူကရိန်းစစ်ပွဲက ယခုအချိန်မှာ အလှည့်အပြောင်းတစ်ခု စဖြစ်နေတာကို တွေ့လာနေရပါတယ်။ ကမ္ဘာတလွှား စစ်ရေးဆိုင်ရာတင်းမာမှုတွေ တိုးလာသလို တစ်ဘက်မှာလည်း သဘာ၀ဘေးတွေ၊ ကျန်းမာရေးဆိုင်ရာကပ်ဘေးသတင်းတွေက ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ဇူလိုင် ၂၃ ရက် ကကြေညာခဲ့ပါတယ်။ ဒီရက်ထဲမှာဘဲ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မျောက်ကျောက် ရောဂါပျံ့နှံ့မှုက ပြင်းထန်လာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က ပြည်နယ်အရေးပေါ် ကျန်းမာရေး အခြေအနေကြေညာခဲ့ရပါတယ်။

ကျန်းမာရေးဆိုင်ရာပြဿနာတွေက ဒီလောက်ဘဲ မဟုတ်ပါဘူး။ ဒီတစ်ပတ်မှာ တခြားသော ကူးစက်ရောဂါ ခြိမ်းခြောက်မှုကလည်း ပြင်းထန်နေပါတယ်။ ဒါက မားဘာ့ဂ် (Marburg)ဗိုင်းရပ်စ်ရောဂါပါ။ ဂါနာနိုင်ငံမှာ မားဘာ့ဂ် (Marburg)ဗိုင်းရပ်စ်ကြောင့် ဒီတစ်ပတ်ထဲ လူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ လူ ၉၈ ဦး ကွာရန်တင်းဝင် နေရပြီး ရောဂါကူးစက်ဖြစ်ပွားမှုကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ကမ္ဘာတစ်ဝန်း ကသောင်းကနင်းဖြစ်စေပြီး သေဆုံးသူ ခြောက်သန်းခွဲ၊ ကူးစက်ခံရသူသန်း ၆၀၀ နီးပါးရှိခဲ့တဲ့ ကိုဗစ် ကပ်ရောဂါကလည်း ကာကွယ်ဆေးတွေနဲ့ အမြစ်မဖြတ်နိုင်ဘဲ ကမ္ဘာတလွှား အိုမီခရွန်မျိုးကွဲ ဘီအေဖိုးနဲ့ ဘီအေဖိုက်ကြောင့်  ကူးစက်မှုတွေ ပြန်မြင့်တက်နေပါတယ်။

တခြားသော နိုင်ငံရေးဆိုင်ရာသတင်းတွေကိုကြည့်ရင် ဖိလစ်ပိုင်က အမေရိကန်က ပိတ်ဆို့အရေးယူမှာကိုစိုးရိမ်လို့  ရုရှားဆီက ဝယ်ယူဖို့ရှိနေတဲ့ ရဟတ်ယာဉ် ၁၆ စီး ဝယ်ယူမယ့်အစီအစဉ်ကို ဖျက်လိုက်သလို အီရတ် မှာ ပါလီမန်ကို ဝင်စီးတာတွေ၊ ဖမ်းဆီးခံအမေရိကန်နိုင်ငံသားနှစ်ဦးနဲ့ အကျဉ်းသားချင်းလဲဖို့ အမေရိကန်က ရုရှားကို ကမ်းလှမ်းခဲ့တာတွေ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်နဲ့တောင်ကိုရီးယားကို ပြဿနာတက်လာရင် နျူကလီးယားလက်နက်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ၊ တရုတ်လောင်းမတ်ချ်ဒုံးပျံမှ ပျက်ကျသည့်အစိတ်အပိုင်းများ မလေးရှားနိုင်ငံဆာရာဝပ်ကောင်းကင်ကနေ ဖြတ်သွားခဲ့တဲ့ သတင်းတွေ၊ အယ်လ်ခိုင် ဒါ ထိပ်တန်းခေါင်းဆောင် အယ်ဇဝါဟီရိကို ဒရုန်းနဲ့ အမေရိကန်က သတ်ဖြတ်ခဲ့တာ စတာတွေ ရှိခဲ့ပါတယ်။

သဘာ၀ဘေးသတင်းတွေကိုကြည့်ရင်လည်း ဖိလစ်ပိုင်မြောက်ပိုင်းမှာ ရစ်ချ်တာ စကေး ၇ ပြင်းအား ငလျင်လှုပ်ခဲ့တဲ့အတွက် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ကာ အဆောက်အဦတွေ ပြိုကျတာတွေ၊ နီပေါမှာ ရစ်ချ်တာ စကေး ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ  ဧရာမ သဲမုန်တိုင်းကြီးတစ်ခု တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်မှာ ကျရောက်ခဲ့သလို ရာသီဥတုပူပြင်း မှုကြောင့် ကမ္ဘာ့ဒေသအသီးသီးမှာ မီးလောင်ကျွမ်းတာတွေ၊ တောမီးလောင်တာတွေ ဖြစ်နေတာ အရှိန်ကောင်းနေ ဆဲပါ။ အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်မှာဆိုရင်  ရေကြီးမှုကြောင်သေဆုံးသူအရေအတွက် ၂၅ ဦးထိရှိခဲ့ တာလို သတင်းတွေကလည်း ရှိနေပါတယ်။

ဒီတစ်ပတ်မှာ အထူးဖော်ပြပေးချင်တဲ့ သတင်းနှစ်ခုက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ် လိုစီရဲ့ အာရှခရီးစဉ်ကြောင့် အမေရိကန်နဲ့ တရုတ် တင်းမာမှု အမြင့်ဆုံးရောက်နေတဲ့ သတင်းနဲ့ ယူကရိန်းစစ် အကျဉ်းသားတွေ သေဆုံးခဲ့ရတဲ့ ထောင်ကို အမြှောက်နဲ့ ပစ်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်သတင်းတွေပါဘဲ။

အန္တရာယ်ဖိတ်ခေါ်တဲ့ ခရီးစဉ်လား၊ အားစမ်းတဲ့ ခရီးစဉ်လား 

ဒီတစ်ပတ်မှာ တရုတ်နဲ့ အမေရိကန်နဲ့ပတ်သက်တဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို တက်လာခဲ့ပါတယ်။ ယခုတစ်ပတ်ထဲ  အမေရိကန်သမ္မတဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့  ဖုန်းနဲ့ ဆွေးနွေးခဲ့သလို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ရဲ့ အာရှခရီးစဉ်ကလည်း ပေါ်ထွက်လာခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့အတူ သောကြာနေ့မှာ စတင်မယ့် ဒီခရီးစဉ်က သိပ်မထူးဆန်းတဲ့ အကြောင်းအရာဖြစ်ပေမယ့် ထူးဆန်းတာက သွားနိုင်တဲ့ နေရာထဲ ထိုင်ဝမ်ပါလာနေတာပါဘဲ။ တရုတ်ကတော့ ထိုင်ဝမ်ကို သွားနိုင်ခြေ ရှိကြောင်း ဇူလိုင်လဆန်းတုန်းက ပြောကတည်းက အပြင်းအထန်ကန့်ကွက်ခဲ့တာပါ။ တရုတ်အနေနဲ့ ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သဘောထားနေတာဖြစ်ပြီး တစ်ချိန်ကြရင် ပြန်လည်ပေါင်းစည်းဖို့ ရှိနေတယ် ဆိုတာကို ယခင်ကတည်းကရှင်းရှင်း ပြောထားခဲ့တာ ရှိခဲ့တဲ့အတွက် နန်စီပယ်လိုစီရဲ့ ယခုခရီးစဉ်ဟာ တရုတ်အတွက်ရော  အမေရိကန်အတွက်ပါ အကဲဆတ်တဲ့ ခရီးစဉ်ဖြစ်လာခဲ့ပါတယ်။

ပယ်လိုစီဘက်ကတော့ တရုတ်ဘက်က ဘယ်လိုသတိပေးပေး ဂရုထားပုံမရပါဘူး။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သောကြာနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပယ်လိုစီက သမ္မတဂျိုးဘိုင်ဒင်ရဲ့နိုင်ငံခြားရေးမူဝါဒမှာ အာရှ - ပစိဖိတ်ဒေသကိုအလေးအနက်ထားလို့ လွှတ်တော်ကလည်း ကဏ္ဍတစ်ခုကနေ ပါဝင်ရမှာဆိုပြီး ပြောခဲ့ပါတယ်။ ဘိုင်ဒင်ကတော့ ပယ်လိုစီရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အစောပိုင်းကတည်းက  သိပ်သဘောမကျတဲ့ ပုံစံမျိုးပြောခဲ့တာရှိပါတယ်။ တရုတ်သမ္မတနဲ့ ဖုန်းဆက်တွေ့ဆုံမှုမှာလည်း ရှီကျင့်ဖျင်က ပယ်လိုစီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ဟာ မီးကိုဆော့ကစားနေတဲ့အကြောင်း၊ မီးနဲ့ကစားရင် မီးလောင်ခံရမှာဖြစ်ကြောင်း သတိပေးခဲ့တာ ကိုတွေ့ရပါတယ်။

ဒီလိုသတိပေးမှုဟာ အမေရိကန်နိုင်ငံရေးအသိုင်းအ၀ိုင်းကို လှုပ်ခတ်စေခဲ့ပြီး ဒါဟာ ခြိမ်းခြောက်မှု အဖြစ် အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့သလို အမေရိကန်အစိုးရအတွက်လည်း အတော်လေးသတိထားချင့်ချိန်ကိုင်တွယ်စရာ ဖြစ်လာခဲ့ပါတယ်။ နန်စီပယ်လိုစီဟာ အမေရိကန်ပြည်ထောင်စုမှာ တတိယမြောက် အာဏာအရှိဆုံးသူဖြစ်တဲ့အတွက် ပယ်လိုစီရဲ့ ခရီးစဉ်ကို တားမြစ်တာကို လက်ခံလိုက်ရင် အမေရိကန်အတွက် အရှက်ရစရာဖြစ်သလို ထိုင်ဝမ်ကို ပယ်လိုစီသာ သွားရောက်ခဲ့ရင် တရုတ်အတွက်လည်း ထိုင်ဝမ်ဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် သဘောသက်ရောက်နေတဲ့အတွက် နှစ်ဘက်စလုံးက အလျော့ပေးမယ့် အနေအထားကို မတွေ့ရပါဘူး။

တရုတ်ဘက်က ဇူလိုင် ၂၉ ရက်က လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်ပြီး တကယ်လို့ အမေရိကန်ဘက်မှ တရုတ်၏ မျဉ်းနီကို စိန်ခေါ်မည်ဆိုပါက ပြတ်သားသည့် တန်ပြန်တုံ့ပြန်မှုမျိုးခံရမှာဖြစ်ပြီး ထိုမှတစ်ဆင့် ဖြစ်ပွားသော နောက်ဆက်တွဲရလဒ်အလုံးစုံကို အမေရိကန်ဘက်က တာဝန်ခံရမယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

တနင်္ဂနွေနေ့ကထုတ်ပြန်ချက်မှာ စင်္ကာပူ၊ မလေးရှား ၊ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသကို သွားရောက်မယ့် ခရီးစဉ်အတွင်း ဒီမိုကရက်တစ်ပါတီ အမတ်(၅)ယောက်အဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်တယ်လို့ နန်စီပယ်လိုစီက ပြောထားပေမယ့် ထိုင်ဝမ်ကို ဝင်မယ်မဝင်ဘူးဆိုတာ သဲသဲကွဲကွဲမပြောခဲ့ပါဘူး။ ဒါပေမယ့်ထိုင်ဝမ်သတင်းတွေမှာတော့ အင်္ဂါနေ့ညကို ပယ်လိုစီရောက်မယ်ဆိုပြီး ပြောခဲ့တဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံတကာမီဒီယာတွေ ဖြစ်တဲ့ CNNတို့ကပါ ပယ်လိုစီရဲ့ ခရီးစဉ်အတွင်း အင်္ဂါနေ့ညဘက်မှာထိုင်ဝမ်ကို ဝင်ဖို့ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာခဲ့ပါတယ်။

အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် ဒီမတိုင်ခင် အမေရိကန်က ပယ်လိုစီခရီးစဉ်အတွက် အမေရိကန် ရေတပ်မှာ နာမည်ကြီးလေယာဉ်တင်စစ်သင်္ဘော ရော်နယ်ရီဂင်ကို တောင်တရုတ်ပင်လယ်ဘက် စေလွှတ်ခဲ့သလို တရုတ်ဘက်ကလည်း ထိုင်ဝမ်အနီး ရေတပ်နှင့် လေတပ်စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်ဘက်က အမေရိကန်ဘက်ကို ပယ်လိုစီခရီးစဉ်မှာ ထိုင်ဝမ်သာပါလာခဲ့ရင် စစ်ရေးအရတုံ့ပြန်မှု ဖြစ်နိုင်ချေ များကို ပြောခဲ့တယ်ဆိုပါတယ်။ ဒါဟာ အမေရိကန်နဲ့ တရုတ်အကြား အကျပ်အတည်းသစ်တစ်ခုဖြစ်ပြီး နောက်ဆုံးဖြစ်ခဲ့တဲ့ ၁၉၉၆ အကျပ်အတည်းထက် ပိုပြီးပြင်းထန်လာတာ သေချာနေပါတယ်။

အမေရိကန်ဘက်မှာတော့ ပယ်လိုစီခရီးစဉ်ထဲ ထိုင်ဝမ်ပါအောင်တိုက်တွန်းမှုတွေက ရီပတ်ဘလီကင်တွေရော၊ ဒီမိုကရက်တစ်တွေဘက်ကပါ တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် တရုတ်က မသွားဖို့ တားမြစ်တဲ့ အထိုင်ပေါ်မှာ ရပ်ပြီး သွားဖြစ်အောင်သွားဖို့ တိုက်တွန်းခဲ့ကြတာပါ။ ၁၉၉၇ ခုနှစ်က ထိုင်ဝမ်ကို အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်နဲ့ သွားရောက်ခဲ့တဲ့ နွက်ဂျင်းဂျရစ်က လက်ရှိအောက်လွှတ်တော် ဥက္ကဌ နန်စီပယ်လော့စီအနေဖြင့် နှစ်ပါတီလုံးမှ ကိုယ်စားလှယ်များကို ဦးဆောင်ပြီး ထိုင်ဝမ်သို့သွားရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီဟာ သူမရဲ့ အာရှခရီးစဉ်စတင်တဲ့အနေနဲ့ တနင်္လာနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ဒီလိုခရီးစတင်ထွက်လာတာနဲ့အတူ အမေရိကန်တာဝန်ရှိသူတွေက ပလိုစီရဲ့ခရီးစဉ်အပေါ် တရုတ်ဘက်ကနေ စစ်ရေးအရ တုံ့ပြန်တာတွေ မလုပ်ဖို့ သတိပေးခဲ့တာကိုတွေ့ရပါတယ်။ တရုတ်ဘက်ကလည်း "တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ငြိမ်သက်နေမှာမဟုတ်ပါဘူး၊ တရုတ်ဘက်က နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ပြတ်သားစွာနဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမှာပါ"ဆိုပြီး  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ပြောခဲ့ပါတယ်။

ပယ်လိုစီရဲ့ခရီးစဉ် ဒုတိယနိုင်ငံက မလေးရှားလို့ဆိုပါတယ်။ မလေးရှားကနေ တောင်ကိုရီးယားနဲ့ ဂျပန်ကို သွားတဲ့အခါ လမ်းခုလတ်မှာရှိတဲ့ ထိုင်ဝမ်ကို ပယ်လိုစီက ခရီးတစ်ထောက်အဖြစ် ဝင်ရောက်မယ်လို့ သတင်းတွေမှာ ဆိုထားပါတယ်။ သတင်းတွေမှာတော့ ထိုင်ဝမ်ကို ပယ်လိုစီ အင်္ဂါနေ့ညနေမှာ ဝင်ရောက်မှာမို့ ထိုင်ဝမ်ပတ်လည်မှာ တရုတ်နဲ့ အမေရိကန်စစ်အင်အားတွေ ထိပ်တိုက်အပြိုင်ချထားသလို သတင်းတချို့မှာလည်း ထိပ်တိုက်တွေ့ဆုံမှာကို လျော့ချဖို့ လမ်းခရီးမှာ ဆီဝင်ဖြည့်တဲ့ အဆင့်မျိုးနဲ့ လျော့ချပြီး ထိုင်ဝမ်ကို ဆင်းသက်ဖို့  ဖော်ပြနေတာတွေလည်းရှိနေတဲ့အတွက် အင်္ဂါနေ့ညဖြစ်တဲ့ ဒီနေ့ညမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒီဖြစ်ရပ်မှာ ဆင်တူနေတာက ရုရှားက ယူကရိန်းကိုမကျူးကျော်ခင် အမေရိကန်က ဆင်ခဲ့တဲ့ မဟာဗျူဟာ တစ်ခုကို သတိရစရာပါ။ ဒါက ယူကရိန်းကို ရုရှားဝင်တိုက်မယ်ဆိုပြီး အမေရိကန်ဘက်က မီဒီယာတွေမှာ တောက်လျှောက်ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ယခုလဲ ဒီလိုပုံစံမျိုးထပ်တွေ့ရပြန်နေပါပြီ။ တရုတ်အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။  

အကျဉ်းထောင်ပစ်ခတ်မှု လက်စဖျောက်တဲ့ လုပ်ရပ်လား

ဒီတစ်ပတ် ယူကရိန်းစစ်ပွဲက စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အထိ ရုရှားဘက်က လက်ရဲဇက်ရဲ ဖြစ်လာပါတယ်။ စစ်ပွဲအစပိုင်းမှာ ရုရှားတပ်တွေကို အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့တဲ့ မာရီယူပိုးလ်မြို့က Azovstal သံမဏိစက်ရုံထဲက ယူကရိန်းစစ်သားတွေက နိုင်ငံတကာက အသိအမှတ်ပြုခဲ့ရတဲ့အထိ နိုင်ငံအတွက် ခုခံခဲ့သူတွေပါ။နောက်ဆုံးမှာ အရပ်သားတွေအသက်ဘေးကြောင့် လက်နက်ချခဲ့ကြပါတယ်။ ဒီယူကရိန်းအကျဉ်းသားတွေကို ယူကရိန်းအရှေ့ပိုင်း  ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေထိန်းချုပ်ထားတဲ့  ဒွန်တက်စ်ခ်ဒေသ Olenivka မြို့မှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို ထိန်းသိမ်းထားခဲ့တာပါ။သောကြာနေ့က အဲဒီအကျဉ်းစခန်းကို  ရုရှားအမြှောက်တပ်က ပစ်ခတ်ခဲ့လို့  ဒါဇင်နဲ့ချီတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေ သေဆုံးခဲ့ရပါတယ်။ ယူကရိန်းကာကွယ်ရေးဘက်က ဒါဟာ ရုရှားက သူတို့နှိပ်စက်ထားတာကို နိုင်ငံတကာ မသိအောင် လက်စဖျောက်တာလို့  ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားဘက်က ထုံးစံအတိုင်း ယူကရိန်းတွေပစ်လို့ သေဆုံးတာဆိုပြီး ငြင်းခဲ့ပါတယ်။ ရုရှားဘက်က ထုတ်ပြန်ချက်မှာတော့ ယူကရိန်းတပ်တွေက အမေရိကန်တွေပေးထားတဲ့ အဆင့်မြင့် HIMARS ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့တာ လို့ ပြောပါတယ်။

ရုရှားရဲ့ ဒီလို ငြင်းဆိုမှုဟာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ အားလုံးသံသယရှိပါတယ်။ အဓိက မသင်္ကာ ဖြစ်တာက ဒီဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို မတရားပြုမူတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ချင်တာကြောင့် လက်စဖျောက်ဖို့ဆိုတာပါ။ ဒါကြောင့်  အကျဉ်းထောင်ကို လက်နက်ကြီးနဲ့ တမင်ပစ်ခတ်ခဲ့တာလို့  ယူကရိန်းဘက်က ပြောခဲ့ပါတယ်။ ရုရှားပြောရေးဆိုခွင့်ရှိသူကတော့ ယူကရိန်းစစ်တပ်ဟာ သူတပ်သားတွေ လက်နက်ချတာကို အားမပေးချင်တာကြောင့် ပစ်ခတ်တယ်ဆိုပြီး ယုတ္တိယုတ္တာမရှိတာကို ပြောခဲ့ပါတယ်။

ဒီပြဿနာက လွယ်လွယ်နဲ့ မပြီးပါဘူး။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာကို ရုရှားရဲ့ စစ်ရာဇဝတ်မှု ကျုးလွန်မှုအဖြစ် ပြစ်တင်ရှုတ်ချကြဖို့ တောင်းဆိုခဲ့ပါတယ်။ ရုရှားအတွက် ဒီလိုလုပ်ကွက်ဖန်တီးတယ်ဆိုတာဟာ အနောက်အုပ်စုကထောက်ပံ့တဲ့ လက်နက်တွေကြောင့် ဆိုတာကို ထိုးချဖို့ ရည်ရွယ်ဟန်တူပါတယ်။ ရုရှားအဖို့ အနောက်နိုင်ငံတွေက ခေတ်မီအဆင့်မြင့်လက်နက်တွေ ပေးအပ်နေတာကြောင့် ထိုးစစ်တွေရပ်တန့်ကုန်သလို စီးပွားရေးအရလည်း အထိနာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင်  ရုရှားလက်နက်တိုက် ၅၀ လောက်  အမေရိ ကန်ပေးတဲ့ အဆင့်မြင့် HIMARS ရော့ကတ်တွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ရုရှားအတွက် အခက်အခဲ များစွာဖြစ်စေခဲ့သလို ယူကရိန်းတောင်ပိုင်းထိုးစစ်ကို တန့်စေခဲ့ပါတယ်။ ဒီရက်ပိုင်း ယူကရိန်းဘက်က ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ရုရှားရေတပ်နေ့ ကျင်းပတဲ့ အခမ်းအနားကိုတောင် အခမ်းအနားဖျက်ခဲ့ရတာ ရှိပါတယ်။ ဒီလို အချိန်မှာ အကျဉ်းထောင်ကို  ရုရှားအမြောက်တပ်က ပစ်မှတ်ထားတိုက်ခိုက်မှုက ပေါ်ခဲ့တာပါ။

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ ယူကရိန်းစစ်သုံ့ပန်းတွေကို အစုလိုက်အပြုံလိုက် တမင်တကာ သတ်ဖြတ်တဲ့ ရုရှားရဲ့စစ်ရာဇဝတ်ကျူးလွန်မှုအဖြစ် စွပ်စွဲခဲ့ပါတယ်။  နိုင်ငံတကာအနေနဲ့ ရုရှားကို အကြမ်းဖက်ဝါဒ ထောက်ခံကူညီသူအဖြစ် သတ်မှတ်ဖို့ ယူကရိန်းသမ္မတက  တောင်းဆိုခဲ့သလို တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရတဲ့ ယူကရိန်းတွေကို ကူညီဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကြက်ခြေနီ အသင်းကြီးကို တိုက်တွန်းခဲ့ပါတယ်။ရုရှားကလည်း ဒီအကျဉ်းထောင်ကိုလာစစ်ဖို့ ကုလနဲ့  နိုင်ငံတကာကြက်ခြေနီကို ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်ပွဲက ပြင်းထန်လာတာကနေ အရပ်သားတွေ စစ်သုံပန်းတွေကို သုတ်သင်တဲ့အထိ ရောက်လာနေတဲ့အတွက် မကြာခင် အချိုးအကွေ့တွေကို မြင်တွေ့ရတော့မလားဆိုတာ ….။

မင်းထက်