【 ဆောင်းပါး 】 "ကြွေလွင့်သွားသော အနာဂတ်များ''

【 ဆောင်းပါး 】 "ကြွေလွင့်သွားသော အနာဂတ်များ''

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဘယ်လိုအသုံးချရင် အကျိုးရှိနိုင်မလဲလို့ တစ်ခါတလေ စဥ်းစားမိတယ်။တစ်ယောက်နဲ့ တစ်ယောက် အယူအဆတွေကတူနိုင်ဖို့ ခဲယဥ်းပါတယ်။ဒါပေမယ့်လည်း သေချာတာကတော့ အတိတ်ဆိုတာ သင်ခန်းစာယူဖို့လောက်သာ အသုံးဝင်တတ်ပြီး ပြန်ပြင်လို့မရတတ်ပါဘူး။
ပစ္စုပ္ပန်မှာတော့ သတိဝီရိယနဲ့ စနစ်တကျလုပ်ဆောင်ရင်း အနာဂတ်တွက် ကြိုတင်ပြင်ဆင်နိုင်တယ်လို့ ယုံကြည်မိပါတယ်။ဒါဆိုရင် လူ့ဘဝမှာ ပစ္စုပ္ပန်နဲ့ အနာဂတ်က အတိတ်ဆိုတဲ့ကာလတွေထက် ပိုအရေးကြီးတာ သိသာပါတယ်။ပြီးခဲ့တဲ့အတိတ်တွေကို ပြန်တမ်းတအောက်မေ့ တူးဆွနေမယ့်အစား ပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားကြရင်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှသာ ရှေ့ရေးက အလားအလာကောင်းမှာဖြစ်ပါတယ်။

တစ်ခါတလေမှာ ကိုယ်တိုင်ကတောင် အတိတ်တွေထဲပြန်တွေးရင်း အားနည်းချက်တွေ အမှားတွေ နောင်တတွေ ထွေးပိုက်လို့ ဒဏ်ရာတွေထဲ အနာမကျက်နိုင်ခဲ့ပါဘူး။ကိုယ်တိုင်က အဲဒီလိုဖြစ်နေခဲ့တဲ့အချိန်တွေမှာ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေ့မဆက်နိုင်တဲ့ အချိန်ယန္တရားတွေထဲ ခွေးသွားစိပ်ပြုန်းတဲ့ ပင်နီယံတစ်ခုလို ဖြစ်ခဲ့ဖူးပါတယ်။ဒါပေမယ့် အတိတ်က အားနည်းချက်နဲ့ အမှားတွေကို ဒဏ်ရာအဖြစ် မနာကျင်တော့ဘဲ သင်ခန်းစာတွေအဖြစ် ဘဝရဲ့စာမျက်နှာမှာ မှတ်တမ်းတင်နိုင်ချိန်မှာတော့ ပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားပြီး အနာဂတ်အတွက် စနစ်တကျပြင်ဆင်နိုင်ခဲ့ပါတယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းပြောတော့ စဥ်းစားမိတာတစ်ခုရှိပါတယ်။ဖွံ့ဖြိုးမှုအားကောင်းတဲ့ နိုင်ငံတွေကိုကြည့်ရင် အနာဂတ်အစီအစဥ် အားကောင်းတာ စနစ်ကျတာ တွေ့ရပါတယ်။နှစ်ရှည်စီမံကိန်းတွေနဲ့ ပြင်ဆင်အကောင်အထည်ဖော်နေတာတွေက အကောင်းဆုံးသက်သေပါပဲ။အဲဒီလို နှစ်ရှည်စီမံကိန်းတွေထဲမှာ သက်မဲ့အဆောက်အဦးတွေ မြေယာနဲ့ ယန္တရား လုပ်ငန်းတွေကြားက အစီအမံတွေချည်းပဲ ရှိနေတာတော့မဟုတ်ပါဘူး။သက်ရှိလူသားမျိုးနွယ်တွေ မျိုးဆက်မပြတ်အောင်နဲ့ နောင်လာနောက်သား အနာဂတ်သားကောင်းရတနာတွေဖြစ်တဲ့ ကလေးငယ်တွေအတွက် ပိုလို့တောင် စဥ်းစားနေကြပါတယ်။သူတို့လေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကောင်းမွန်တဲ့အလေ့အထတွေ သင်ယူပြီး စည်းကမ်းကျနရေး စသဖြင့် အဘက်ဘက်က တွေးတောစဥ်းစားပေးနေကြတာဖြစ်ပါတယ်။

ဒီနိုင်ငံမှာကော အနာဂတ်မှာအရေးပါလာမယ့် ကလေးငယ်တွေအတွက် လက်ရှိပစ္စုပ္ပန်မှာ ဘယ်လောက်ပြင်ဆင်နိုင်ပြီလဲ။အတိတ်တွေက အားနည်းချက်တွေကိုရော အခုချိန်မှာ ဘယ်လောက်ပြုပြင်နိုင်ခဲ့ပြီလဲ။အဲဒီမေးခွန်းတွေကို ချက်ကျလက်ကျ ပြန်ဖြေနိုင်မယ့်သူတွေမရှိသေးရင်တောင် ပြန်ဖြေစရာမလိုဘဲ မြင်ရုံနဲ့သိနိုင်တဲ့ ခံစားချက်မျိုး အရွယ်ရောက်ပြီးသူတွေစိတ်ထဲ ခံစားမိနေပြီဆိုရင်တော့ အကောင်းဆုံးပေါ့။

အခုတလော မကြာခဏကြားကြားနေရတဲ့ သတင်းတွေထဲမှာ ကလေးငယ်လေးတွေ စွန့်ပစ်ခံနေရတဲ့အကြောင်းတွေ မကြာခဏပါပါလာတတ်ပါတယ်။အဲဒီသတင်းတွေကြားတော့ ကလေးငယ်တွေ အနာဂတ်အတွက် ရင်လေးစရာလို့ တွေးမိပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံအများစုက ကလေးငယ်တွေ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးကို ပိုလို့ဂရုစိုက် ကာကွယ်ကြပါတယ်။ဥပမာ ကျောင်းကားတွေကအစ သာမန်ထက် လုံခြုံရေးကောင်းနိုင်မယ့်အစီအမံတွေ ဆောင်ရွက်လေ့ရှိပါတယ်။အလားတူပဲ တခြားနေရာတွေမှာလည်း ဦးစားပေး စောင့်ရှောက်ကြပါတယ်။အဲဒီလိုပြောလို့ ဒီနိုင်ငံမှာက ကလေးတွေအခွင့်အရေးနဲ့ လုံခြုံရေးတွက် အကာအကွယ်တွေ လုံးဝမရှိဘူးလို့ပြောတာ မဟုတ်ပါဘူး။ရှိပါတယ်။ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေလို ဥပဒေတွေပြဌာန်းပြီးတော့ ကာကွယ်ပေးထားပါတယ်။ဒါပေမယ့် စနစ်နဲ့ အကောင်အထည်ဖော်ရာမှာ အားနည်းနေသေးတာဖြစ်ပါတယ်။ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတင် မကပါဘူး။ကိုယ်ဝန်ပျက်စေတာ၊ ဆယ့်နှစ်နှစ်အောက်ကလေးကို စွန့်ပစ်တာ၊ ကလေးမွေးဖွားတာကို ထိမ်ချန်တာ အဲဒီလိုလုပ်ရပ်တွေကို အရေးယူနိုင်တဲ့ ပြဌာန်းချက်တွေကိုလည်း ရာဇဝတ်မှုအမျိုးအစားတွေထဲ ထည့်သွင်းပြဌာန်းပြီးဖြစ်ပါတယ်။ပြဌာန်းချက်တွေအရ ဘယ်လောက်ထိအရေးယူလို့ရလဲဆိုရင် မမွေးဖွားသေးတဲ့ ကလေးကိုတောင် နာကျင်စေလို့မရပါဘူး။ရာဇဝတ်မှုနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။အရင်တုန်းကတော့ သက်ငယ်မုဒိမ်းကိစ္စတွေ လိင်အကြမ်းဖက်ခံရမှုတွေ အပါအဝင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ချိတ်ဆက်ရေးသားဖူးပါတယ်။ဒီတစ်ခါတော့ ကိုယ်ဝန်ရှိလာတဲ့အချိန် ကလေးဖျက်ချတာ၊ ကလေးစွန့်ပစ်တာတွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ ပြစ်မှုအမျိုးအစားတွေကို ဦးစားပေး ရေးသားလိုပါတယ်။

ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်အောင်လုပ်ရင် အဲဒီသူကို သုံးနှစ်ထိထောင် ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၂ မှာ ဆိုပါတယ်။မိန်းမက လှုပ်ရှားတဲ့ကိုယ်ဝန်ကို ဆောင်ထားချိန်မှာ ဖျက်ချရင်တော့ ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တာဖြစ်ပါတယ်။မိမိရဲ့ကိုယ်ဝန်ကိုမိမိ ပျက်စေတဲ့ မိန်းမဟာလည်း ဒီပုဒ်မပါ အဓိပ္ပါယ်မှာ အကျုံးဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မိန်းမရဲ့ အသက်ကို ကယ်ဆယ်လိုတဲ့သဘောရိုးနဲ့ ကိုယ်ဝန်ကိုပျက်စေတယ်ဆိုရင်တော့ ပြစ်မှုမြောက်မှာမဟုတ်ပါဘူး။

ကလေးမဖွားမြင်မီ အဲဒီကလေးအရှင် မွေးဖွားတာကိုတားဆီးဖို့ အကြံနဲ့ဖြစ်ဖြစ်၊ ဖွားမြင်ပြီးတဲ့အခါ သေစေဖို့အကြံနဲ့ဖြစ်ဖြစ် ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်လို့ ကလေးအရှင်မွေးဖွားတာကိုတားဆီးရင်၊ ဖွားမြင်ပြီးနောက်သေစေရင် ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။အဲဒီလိုပြုလုပ်တာဟာ ကလေးမိခင်ရဲ့အသက်ကို ကယ်ဆယ်ဖို့သဘောရိုးနဲ့ ပြုလုပ်တာဆိုရင်တော့ ပြစ်မှုမမြောက်ပါဘူး။လှုပ်ရှားတဲ့ ကိုယ်ဝန်ရှိ အမိဝမ်းတွင်းကလေးကို သေစေရင် ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၆ မှာ ဆိုပါတယ်။

အသက်ဆယ့်နှစ်နှစ်အောက် ကလေးရဲ့ အဖေကဖြစ်ဖြစ်၊ အမေကဖြစ်ဖြစ် ဒါမှမဟုတ် ထိန်းသိမ်းသူကဖြစ်ဖြစ် ကလေးကို လုံးဝစွန့်ပစ်ဖို့အကြံနဲ့ ဘယ်နေရာမှာမဆို စွန့်ပစ်ထားရင် ကျူးလွန်သူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ ၃၁၇ မှာ ဆိုပါတယ်။အဲဒီလိုစွန့်ပစ်ထားလို့ ကလေးသေဆုံးခဲ့ရင် အမှုဖြစ်စဥ်အပေါ်မူတည်ပြီး ပြစ်မှုကျူးလွန်သူကို လူသတ်မှုနဲ့ဖြစ်ဖြစ်၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်တဲ့ လူသေမှုနဲ့ဖြစ်ဖြစ် စစ်ဆေးစီရင်တာကို တားမြစ်ဖို့အတွက် ဒီပုဒ်မက မရည်ရွယ်ဘူးလို့ ဥပဒေရှင်းလင်းချက်မှာ ဆိုပါတယ်။ဒါကြောင့်မို့ စွန့်ပစ်တဲ့ကလေး သေဆုံးခဲ့မယ်ဆို အမှုအကြောင်းခြင်းရာပေါ်မူတည်ပြီး လူသတ်မှု ဒါမှမဟုတ် လူသေမှုနဲ့လည်း အရေးယူခံရနိုင်ပါတယ်။

ဒါ့အပြင် ကလေးမမွေးဖွားမီဖြစ်ဖြစ်၊ မွေးဖွားပြီးတော့ဖြစ်ဖြစ်၊ မွေးဖွားတဲ့အချိန်အတွင်းဖြစ်ဖြစ် ကလေးသေဆုံးသွားလို့ အဲဒီကလေးရဲ့အလောင်းကို တိတ်တဆိတ်မြေမြှုပ်တာ၊ တခြားနည်းဆောင်ရွက်တာတွေပြုလုပ်ပြီး ကလေးမွေးဖွားတာကို တမင်ထိမ်ချန်ရင် နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ ၃၁၈ မှာ ပြဌာန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်နဲ့ပတ်သက်လို့ ပြဌာန်းချက်တွေက အထိုက်အလျောက်ရှိပြီးဖြစ်ပါတယ်။အဲဒီပြဌာန်းချက်တွေကို အများပြည်သူသိရှိအောင် ပညာပေးတာအားကောင်းဖို့နဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူတာ အားကောင်းဖို့ပဲ လိုတာဖြစ်ပါတယ်။ဒါ့အပြင် ဘယ်လိုပြဿနာကြုံရင် ဘယ်လိုဖြေရှင်းရမယ်နဲ့ ဘယ်လိုအဖွဲ့အစည်းတွေထံကို အကူအညီတောင်းခံနိုင်တယ်ဆိုတာမျိုးကို အသိပညာပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ဥပမာ - မွေးဖွားပြီးချိန် ကလေးသေဆုံးလို့ သင်္ဂြိုဟ်စရိတ်မရှိရင်တောင် နာရေးကူညီမှုအသင်းတွေထံ ဘယ်လိုအကူအညီတောင်းခံနိုင်တာမျိုး လမ်းညွှန်ပြသနိုင်မယ်ဆိုရင် ကလေးအလောင်းစွန့်ပစ်တာတွေကို ထိန်းချုပ်နိုင်မယ်လို့ ယူဆပါတယ်။

အလားတူပဲ ကလေးအဖေက တာဝန်မယူလို့ ကလေးကိုဖျက်ချတာ၊ မွေးပြီးစွန့်ပစ်တာတွေ မဖြစ်ရအောင် ဥပဒေနဲ့အညီ တိုင်တန်းတတ်ဖို့ကိုလည်း အသိပညာပေးရမှာဖြစ်ပါတယ်။တကယ်လို့ တိုင်တန်းလာရင်လည်း အချင်းချင်းညှိကြပါဆိုတဲ့ပုံစံမျိုး သက်ဆိုင်ရာက မျက်နှာလွှဲ ခဲပစ်မလုပ်ဘဲနဲ့ အရေးယူသင့်တာ အရေးယူကူညီဖျောင်းဖျသင့်တာ ကူညီဖျောင်းဖျလို့ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးမယ်ဆို အဲဒီလိုဖြစ်စဥ်တွေ လျော့နည်းသွားနိုင်ပါတယ်။

ကလေးငယ်တွေဆိုတာ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ရတနာတွေပါ။အဲဒီရတနာတွေက တန်ဖိုးဖြတ် မှတ်ကျောက်မတင်ရသေးခင်မှာတင် ကြွေလွင့်ခဲ့မယ်ဆို မျိုးဆက်သစ်တွေနဲ့တည်ဆောက်ရမယ့် တိုင်းပြည်အနာဂတ်ကလည်း မျှော်လင့်ချက်မဲ့နေမှာပါပဲ။ဒါကြောင့်မို့ ကြွေလွင့်သွားတဲ့ အနာဂတ်တွေလို့ တင်စားရမှာဖြစ်တဲ့ စွန့်ပစ်ခံကလေးတွေ နစ်နာခဲ့ရတာတွေကို သင်ခန်းစာယူပြီး ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်လာစေဖို့ အားလုံးဝိုင်းဝန်းအဖြေရှာကြပါလို့ပဲ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
ဇန်နဝါရီ - ၂၀

( Zawgyi )

အတိတ္၊ ပစၥဳပၸန္နဲ႔ အနာဂတ္ကို ဘယ္လိုအသုံးခ်ရင္ အက်ိဳးရွိႏိုင္မလဲလို႔ တစ္ခါတေလ စဥ္းစားမိတယ္။တစ္ေယာက္နဲ႔ တစ္ေယာက္ အယူအဆေတြကတူႏိုင္ဖို႔ ခဲယဥ္းပါတယ္။ဒါေပမယ့္လည္း ေသခ်ာတာကေတာ့ အတိတ္ဆိုတာ သင္ခန္းစာယူဖို႔ေလာက္သာ အသုံးဝင္တတ္ၿပီး ျပန္ျပင္လို႔မရတတ္ပါဘူး။
ပစၥဳပၸန္မွာေတာ့ သတိဝီရိယနဲ႔ စနစ္တက်လုပ္ေဆာင္ရင္း အနာဂတ္တြက္ ႀကိဳတင္ျပင္ဆင္ႏိုင္တယ္လို႔ ယုံၾကည္မိပါတယ္။ဒါဆိုရင္ လူ႔ဘဝမွာ ပစၥဳပၸန္နဲ႔ အနာဂတ္က အတိတ္ဆိုတဲ့ကာလေတြထက္ ပိုအေရးႀကီးတာ သိသာပါတယ္။ၿပီးခဲ့တဲ့အတိတ္ေတြကို ျပန္တမ္းတေအာက္ေမ့ တူးဆြေနမယ့္အစား ပစၥဳပၸန္မွာ အေကာင္းဆုံးႀကိဳးစားၾကရင္း အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္မွသာ ေရွ႕ေရးက အလားအလာေကာင္းမွာျဖစ္ပါတယ္။

တစ္ခါတေလမွာ ကိုယ္တိုင္ကေတာင္ အတိတ္ေတြထဲျပန္ေတြးရင္း အားနည္းခ်က္ေတြ အမွားေတြ ေနာင္တေတြ ေထြးပိုက္လို႔ ဒဏ္ရာေတြထဲ အနာမက်က္ႏိုင္ခဲ့ပါဘူး။ကိုယ္တိုင္က အဲဒီလိုျဖစ္ေနခဲ့တဲ့အခ်ိန္ေတြမွာ ပစၥဳပၸန္နဲ႔ အနာဂတ္ကို ေရွ႕မဆက္ႏိုင္တဲ့ အခ်ိန္ယႏၲရားေတြထဲ ေခြးသြားစိပ္ျပဳန္းတဲ့ ပင္နီယံတစ္ခုလို ျဖစ္ခဲ့ဖူးပါတယ္။ဒါေပမယ့္ အတိတ္က အားနည္းခ်က္နဲ႔ အမွားေတြကို ဒဏ္ရာအျဖစ္ မနာက်င္ေတာ့ဘဲ သင္ခန္းစာေတြအျဖစ္ ဘဝရဲ႕စာမ်က္ႏွာမွာ မွတ္တမ္းတင္ႏိုင္ခ်ိန္မွာေတာ့ ပစၥဳပၸန္မွာ အေကာင္းဆုံးႀကိဳးစားၿပီး အနာဂတ္အတြက္ စနစ္တက်ျပင္ဆင္ႏိုင္ခဲ့ပါတယ္။

အတိတ္၊ ပစၥဳပၸန္နဲ႔ အနာဂတ္အေၾကာင္းေျပာေတာ့ စဥ္းစားမိတာတစ္ခုရွိပါတယ္။ဖြံ႕ၿဖိဳးမႈအားေကာင္းတဲ့ ႏိုင္ငံေတြကိုၾကည့္ရင္ အနာဂတ္အစီအစဥ္ အားေကာင္းတာ စနစ္က်တာ ေတြ႕ရပါတယ္။ႏွစ္ရွည္စီမံကိန္းေတြနဲ႔ ျပင္ဆင္အေကာင္အထည္ေဖာ္ေနတာေတြက အေကာင္းဆုံးသက္ေသပါပဲ။အဲဒီလို ႏွစ္ရွည္စီမံကိန္းေတြထဲမွာ သက္မဲ့အေဆာက္အဦးေတြ ေျမယာနဲ႔ ယႏၲရား လုပ္ငန္းေတြၾကားက အစီအမံေတြခ်ည္းပဲ ရွိေနတာေတာ့မဟုတ္ပါဘူး။သက္ရွိလူသားမ်ိဳးႏြယ္ေတြ မ်ိဳးဆက္မျပတ္ေအာင္နဲ႔ ေနာင္လာေနာက္သား အနာဂတ္သားေကာင္းရတနာေတြျဖစ္တဲ့ ကေလးငယ္ေတြအတြက္ ပိုလို႔ေတာင္ စဥ္းစားေနၾကပါတယ္။သူတို႔ေလးေတြရဲ႕ ပညာေရး၊ က်န္းမာေရး ေကာင္းမြန္တဲ့အေလ့အထေတြ သင္ယူၿပီး စည္းကမ္းက်နေရး စသျဖင့္ အဘက္ဘက္က ေတြးေတာစဥ္းစားေပးေနၾကတာျဖစ္ပါတယ္။

ဒီႏိုင္ငံမွာေကာ အနာဂတ္မွာအေရးပါလာမယ့္ ကေလးငယ္ေတြအတြက္ လက္ရွိပစၥဳပၸန္မွာ ဘယ္ေလာက္ျပင္ဆင္ႏိုင္ၿပီလဲ။အတိတ္ေတြက အားနည္းခ်က္ေတြကိုေရာ အခုခ်ိန္မွာ ဘယ္ေလာက္ျပဳျပင္ႏိုင္ခဲ့ၿပီလဲ။အဲဒီေမးခြန္းေတြကို ခ်က္က်လက္က် ျပန္ေျဖႏိုင္မယ့္သူေတြမရွိေသးရင္ေတာင္ ျပန္ေျဖစရာမလိုဘဲ ျမင္႐ုံနဲ႔သိႏိုင္တဲ့ ခံစားခ်က္မ်ိဳး အ႐ြယ္ေရာက္ၿပီးသူေတြစိတ္ထဲ ခံစားမိေနၿပီဆိုရင္ေတာ့ အေကာင္းဆုံးေပါ့။

အခုတေလာ မၾကာခဏၾကားၾကားေနရတဲ့ သတင္းေတြထဲမွာ ကေလးငယ္ေလးေတြ စြန္႔ပစ္ခံေနရတဲ့အေၾကာင္းေတြ မၾကာခဏပါပါလာတတ္ပါတယ္။အဲဒီသတင္းေတြၾကားေတာ့ ကေလးငယ္ေတြ အနာဂတ္အတြက္ ရင္ေလးစရာလို႔ ေတြးမိပါတယ္။ဖြံ႕ၿဖိဳးၿပီးႏိုင္ငံအမ်ားစုက ကေလးငယ္ေတြ လုံၿခဳံေရး၊ ပညာေရး၊ က်န္းမာေရးကို ပိုလို႔ဂ႐ုစိုက္ ကာကြယ္ၾကပါတယ္။ဥပမာ ေက်ာင္းကားေတြကအစ သာမန္ထက္ လုံၿခဳံေရးေကာင္းႏိုင္မယ့္အစီအမံေတြ ေဆာင္႐ြက္ေလ့ရွိပါတယ္။အလားတူပဲ တျခားေနရာေတြမွာလည္း ဦးစားေပး ေစာင့္ေရွာက္ၾကပါတယ္။အဲဒီလိုေျပာလို႔ ဒီႏိုင္ငံမွာက ကေလးေတြအခြင့္အေရးနဲ႔ လုံၿခဳံေရးတြက္ အကာအကြယ္ေတြ လုံးဝမရွိဘူးလို႔ေျပာတာ မဟုတ္ပါဘူး။ရွိပါတယ္။ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒလို ဥပေဒေတြျပဌာန္းၿပီးေတာ့ ကာကြယ္ေပးထားပါတယ္။ဒါေပမယ့္ စနစ္နဲ႔ အေကာင္အထည္ေဖာ္ရာမွာ အားနည္းေနေသးတာျဖစ္ပါတယ္။ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒတင္ မကပါဘူး။ကိုယ္ဝန္ပ်က္ေစတာ၊ ဆယ့္ႏွစ္ႏွစ္ေအာက္ကေလးကို စြန္႔ပစ္တာ၊ ကေလးေမြးဖြားတာကို ထိမ္ခ်န္တာ အဲဒီလိုလုပ္ရပ္ေတြကို အေရးယူႏိုင္တဲ့ ျပဌာန္းခ်က္ေတြကိုလည္း ရာဇဝတ္မႈအမ်ိဳးအစားေတြထဲ ထည့္သြင္းျပဌာန္းၿပီးျဖစ္ပါတယ္။ျပဌာန္းခ်က္ေတြအရ ဘယ္ေလာက္ထိအေရးယူလို႔ရလဲဆိုရင္ မေမြးဖြားေသးတဲ့ ကေလးကိုေတာင္ နာက်င္ေစလို႔မရပါဘူး။ရာဇဝတ္မႈနဲ႔ အေရးယူခံရမွာျဖစ္ပါတယ္။အရင္တုန္းကေတာ့ သက္ငယ္မုဒိမ္းကိစၥေတြ လိင္အၾကမ္းဖက္ခံရမႈေတြ အပါအဝင္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒကို ခ်ိတ္ဆက္ေရးသားဖူးပါတယ္။ဒီတစ္ခါေတာ့ ကိုယ္ဝန္ရွိလာတဲ့အခ်ိန္ ကေလးဖ်က္ခ်တာ၊ ကေလးစြန္႔ပစ္တာေတြနဲ႔ပတ္သက္လို႔ သက္ဆိုင္တဲ့ ျပစ္မႈအမ်ိဳးအစားေတြကို ဦးစားေပး ေရးသားလိုပါတယ္။

ကိုယ္ဝန္ေဆာင္မိန္းမကို ကိုယ္ဝန္ပ်က္ေအာင္လုပ္ရင္ အဲဒီသူကို သုံးႏွစ္ထိေထာင္ ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၁၂ မွာ ဆိုပါတယ္။မိန္းမက လႈပ္ရွားတဲ့ကိုယ္ဝန္ကို ေဆာင္ထားခ်ိန္မွာ ဖ်က္ခ်ရင္ေတာ့ ခုႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳး ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တာျဖစ္ပါတယ္။မိမိရဲ႕ကိုယ္ဝန္ကိုမိမိ ပ်က္ေစတဲ့ မိန္းမဟာလည္း ဒီပုဒ္မပါ အဓိပၸါယ္မွာ အက်ဳံးဝင္ေနပါတယ္။

ကိုယ္ဝန္ေဆာင္မိန္းမရဲ႕ အသက္ကို ကယ္ဆယ္လိုတဲ့သေဘာ႐ိုးနဲ႔ ကိုယ္ဝန္ကိုပ်က္ေစတယ္ဆိုရင္ေတာ့ ျပစ္မႈေျမာက္မွာမဟုတ္ပါဘူး။

ကေလးမဖြားျမင္မီ အဲဒီကေလးအရွင္ ေမြးဖြားတာကိုတားဆီးဖို႔ အႀကံနဲ႔ျဖစ္ျဖစ္၊ ဖြားျမင္ၿပီးတဲ့အခါ ေသေစဖို႔အႀကံနဲ႔ျဖစ္ျဖစ္ ျပဳလုပ္မႈတစ္ခုခုကို ျပဳလုပ္လို႔ ကေလးအရွင္ေမြးဖြားတာကိုတားဆီးရင္၊ ဖြားျမင္ၿပီးေနာက္ေသေစရင္ ဆယ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ျပဌာန္းထားပါတယ္။အဲဒီလိုျပဳလုပ္တာဟာ ကေလးမိခင္ရဲ႕အသက္ကို ကယ္ဆယ္ဖို႔သေဘာ႐ိုးနဲ႔ ျပဳလုပ္တာဆိုရင္ေတာ့ ျပစ္မႈမေျမာက္ပါဘူး။လႈပ္ရွားတဲ့ ကိုယ္ဝန္ရွိ အမိဝမ္းတြင္းကေလးကို ေသေစရင္ ဆယ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳး ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၁၆ မွာ ဆိုပါတယ္။

အသက္ဆယ့္ႏွစ္ႏွစ္ေအာက္ ကေလးရဲ႕ အေဖကျဖစ္ျဖစ္၊ အေမကျဖစ္ျဖစ္ ဒါမွမဟုတ္ ထိန္းသိမ္းသူကျဖစ္ျဖစ္ ကေလးကို လုံးဝစြန္႔ပစ္ဖို႔အႀကံနဲ႔ ဘယ္ေနရာမွာမဆို စြန္႔ပစ္ထားရင္ က်ဴးလြန္သူကို ခုႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၃၁၇ မွာ ဆိုပါတယ္။အဲဒီလိုစြန္႔ပစ္ထားလို႔ ကေလးေသဆုံးခဲ့ရင္ အမႈျဖစ္စဥ္အေပၚမူတည္ၿပီး ျပစ္မႈက်ဴးလြန္သူကို လူသတ္မႈနဲ႔ျဖစ္ျဖစ္၊ ရာဇဝတ္ျပစ္ဒဏ္ထိုက္တဲ့ လူေသမႈနဲ႔ျဖစ္ျဖစ္ စစ္ေဆးစီရင္တာကို တားျမစ္ဖို႔အတြက္ ဒီပုဒ္မက မရည္႐ြယ္ဘူးလို႔ ဥပေဒရွင္းလင္းခ်က္မွာ ဆိုပါတယ္။ဒါေၾကာင့္မို႔ စြန္႔ပစ္တဲ့ကေလး ေသဆုံးခဲ့မယ္ဆို အမႈအေၾကာင္းျခင္းရာေပၚမူတည္ၿပီး လူသတ္မႈ ဒါမွမဟုတ္ လူေသမႈနဲ႔လည္း အေရးယူခံရႏိုင္ပါတယ္။

ဒါ့အျပင္ ကေလးမေမြးဖြားမီျဖစ္ျဖစ္၊ ေမြးဖြားၿပီးေတာ့ျဖစ္ျဖစ္၊ ေမြးဖြားတဲ့အခ်ိန္အတြင္းျဖစ္ျဖစ္ ကေလးေသဆုံးသြားလို႔ အဲဒီကေလးရဲ႕အေလာင္းကို တိတ္တဆိတ္ေျမျမႇဳပ္တာ၊ တျခားနည္းေဆာင္႐ြက္တာေတြျပဳလုပ္ၿပီး ကေလးေမြးဖြားတာကို တမင္ထိမ္ခ်န္ရင္ ႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၃၁၈ မွာ ျပဌာန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးသူငယ္နဲ႔ပတ္သက္လို႔ ျပဌာန္းခ်က္ေတြက အထိုက္အေလ်ာက္ရွိၿပီးျဖစ္ပါတယ္။အဲဒီျပဌာန္းခ်က္ေတြကို အမ်ားျပည္သူသိရွိေအာင္ ပညာေပးတာအားေကာင္းဖို႔နဲ႔ က်ဴးလြန္သူေတြကို ထိထိေရာက္ေရာက္ ေဖာ္ထုတ္အေရးယူတာ အားေကာင္းဖို႔ပဲ လိုတာျဖစ္ပါတယ္။ဒါ့အျပင္ ဘယ္လိုျပႆနာႀကဳံရင္ ဘယ္လိုေျဖရွင္းရမယ္နဲ႔ ဘယ္လိုအဖြဲ႕အစည္းေတြထံကို အကူအညီေတာင္းခံႏိုင္တယ္ဆိုတာမ်ိဳးကို အသိပညာေပးႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။ဥပမာ - ေမြးဖြားၿပီးခ်ိန္ ကေလးေသဆုံးလို႔ သၿဂႋဳဟ္စရိတ္မရွိရင္ေတာင္ နာေရးကူညီမႈအသင္းေတြထံ ဘယ္လိုအကူအညီေတာင္းခံႏိုင္တာမ်ိဳး လမ္းၫႊန္ျပသႏိုင္မယ္ဆိုရင္ ကေလးအေလာင္းစြန္႔ပစ္တာေတြကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ယူဆပါတယ္။

အလားတူပဲ ကေလးအေဖက တာဝန္မယူလို႔ ကေလးကိုဖ်က္ခ်တာ၊ ေမြးၿပီးစြန္႔ပစ္တာေတြ မျဖစ္ရေအာင္ ဥပေဒနဲ႔အညီ တိုင္တန္းတတ္ဖို႔ကိုလည္း အသိပညာေပးရမွာျဖစ္ပါတယ္။တကယ္လို႔ တိုင္တန္းလာရင္လည္း အခ်င္းခ်င္းညႇိၾကပါဆိုတဲ့ပုံစံမ်ိဳး သက္ဆိုင္ရာက မ်က္ႏွာလႊဲ ခဲပစ္မလုပ္ဘဲနဲ႔ အေရးယူသင့္တာ အေရးယူကူညီေဖ်ာင္းဖ်သင့္တာ ကူညီေဖ်ာင္းဖ်လို႔ ျပႆနာေတြကို ထိထိေရာက္ေရာက္ေျဖရွင္းေပးမယ္ဆို အဲဒီလိုျဖစ္စဥ္ေတြ ေလ်ာ့နည္းသြားႏိုင္ပါတယ္။

ကေလးငယ္ေတြဆိုတာ တိုင္းျပည္တစ္ခုရဲ႕ အနာဂတ္ရတနာေတြပါ။အဲဒီရတနာေတြက တန္ဖိုးျဖတ္ မွတ္ေက်ာက္မတင္ရေသးခင္မွာတင္ ေႂကြလြင့္ခဲ့မယ္ဆို မ်ိဳးဆက္သစ္ေတြနဲ႔တည္ေဆာက္ရမယ့္ တိုင္းျပည္အနာဂတ္ကလည္း ေမွ်ာ္လင့္ခ်က္မဲ့ေနမွာပါပဲ။ဒါေၾကာင့္မို႔ ေႂကြလြင့္သြားတဲ့ အနာဂတ္ေတြလို႔ တင္စားရမွာျဖစ္တဲ့ စြန္႔ပစ္ခံကေလးေတြ နစ္နာခဲ့ရတာေတြကို သင္ခန္းစာယူၿပီး ဒီလိုျဖစ္ရပ္ေတြ ထပ္မျဖစ္လာေစဖို႔ အားလုံးဝိုင္းဝန္းအေျဖရွာၾကပါလို႔ပဲ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
ဇန္နဝါရီ - ၂၀