【 နိုင်ငံတကာဆောင်းပါး 】 BRI နှင့် အစိမ်းရောင်လမ်း

【 နိုင်ငံတကာဆောင်းပါး 】 BRI နှင့် အစိမ်းရောင်လမ်း

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒေါ်လာ ၁.၄ ထရီလီယံ တန်ဖိုးရှိသော Belt and Road Initiative (BRI) ၏ ဆယ်နှစ်မြောက်နှစ်ဖြစ်သည်။
 
နိုင်ငံတကာက BRI သည်  ရှီကျင့်ဖျင်၏ အာရှ၊ အာဖရိကနှင့် ဥရောပတို့ကို ချိတ်ဆက်ပေးမည့် “၂၁ ရာစု ပိုးလမ်းမ” ဟု ယူဆရသည့် ရည်မှန်းချက်ကြီးသော စီမံကိန်းအဖြစ် ရှုမြင်ကြသည်။ထို Belt and Road Initiative မူဘောင်အောက်တွင် ယခုချိန်ထိ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံပေါင်း ၁၅၂ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၂ ဖွဲ့တို့ရှိကာ “Belt and Road” ပူးပေါင်းတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်း ၂၀၀ ကျော် လက်မှတ်ရေးထိုးထားခဲ့ကြသည်။
 
BRI စီမံကိန်းများကို ၁၀ နှစ်အတွင်း ထိုမျှထိ လက်ခံလာခြင်းမှာ ဘဏ္ဍာရေးတစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေနှင့်အညီ ရင်းနှီးမြုပ်နှံသည့် မူဝါဒကို ပြင်ဆင်မွမ်းမံခြင်းကြောင့်လည်းဖြစ်သည်။အထူးသဖြင့်  ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန် BRI စီမံကိန်းများတွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းလာခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ထို့အတွက် ၂၀၂၂ ခုနှစ် မတ်လတွင်  BRI ၏ နောက်ထပ်စိမ်းလန်းစိုပြေရေးဆိုင်ရာ အဓိကမူဝါဒစာတမ်းအဖြစ် “Opinions on the Joint Implementation of Green Development in the Belt and Road Initiative” စာတမ်းကို တရုတ်ဘက်က ထုတ်ပြန်ခဲ့သည်။
 
ထိုမူဝါဒမွမ်းမံခြင်းအတိုင်းလိုက်နာခဲ့သည်ကို ယခုနှစ်ပိုင်း အကောင်အထည်ဖော်ရန် ချထားသည့် BRI စီမံကိန်းများကိုကြည့်ပါက ပတ်ဝန်းကျင်ဂေဟဗေဒဆိုင်ရာ စံနှုန်းများကိုလိုက်နာရန် ဂရုထားလာသလို စွမ်းအင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုထဲ ကာဗွန်နည်းသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာဘက်သို့ ပိုအားပေးလာခြင်းကို တွေ့လာရခြင်းဖြစ်သည်။
 
ရှန်ဟိုင်းရှိ ဖူဒန်တက္ကသိုလ်ရှိ Green Finance and Development Center (GFDC) က ဩဂုတ် ၁ ရက်က ထုတ်ပြန်သည့် သုတေသနထုတ်ပြန်ချက်တစ်ခုတွင် တရုတ်နိုင်ငံက BRI နိုင်ငံများ၏ စွမ်းအင်စီမံကိန်းများတွင် ယခုနှစ်ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၈.၆၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုရင်းနှီးမြှုပ်နှံမှု၏ ၅၆ ရာခိုင်နှုန်းမှာ နေရောင်ခြည်၊ လေနှင့် ရေအား လျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
 
တရုတ်၏ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း BRI အပါအဝင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွင် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများတွင် ၉၅ ရာခိုင်နှုန်းကျော်သည် ရုပ်ကြွင်းလောင်စာများဖြစ်သည်။သို့သော် GFDC အစီရင်ခံစာအရ BRI နိုင်ငံများတွင် စွမ်းအင်ကဏ္ဍရင်းနှီးမြုပ်နှံမှု၌ ရုပ်ကြွင်းလောင်စာအတွက် ၂၀၂၂ ခုနှစ်တွင် ပါဝင်မှု ၆၁ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းသာပါဝင်တော့ရာ ခြောက်လတာကာလအတွင်း ၁၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဆိုသည်။ထိုသည်မှာ ကာဗွန်နည်းသော ကမ္ဘာ့စီးပွားရေးကို မြှင့်တင်ရန် စိမ်းလန်းစိုပြေသော BRI ဖြင့် တရုတ်က ၎င်း၏ ခိုင်မာသော ကတိကဝတ်ကို ပြသလိုက်ခြင်းအဖြစ် ကမ္ဘာက ရှုမြင်လာခြင်းဖြစ်သည်။
 
မည်သို့ပင်ဆိုစေကာမူ BRI တွင် ပါဝင်သော နိုင်ငံများ၏ စီးပွားရေးအခြေအနေကိုကြည့်ခြင်းအားဖြင့် တရုတ်အနေဖြင့် BRI ကတိကဝတ်များကို လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက စတင်လုပ်ဆောင်ချိန်မှစ၍ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို မြင်ရမည်ဖြစ်သည်။ထိုထဲ သိသာသည်မှာ ဘာသာရေးအစွန်းရောက်များ၏ အကြမ်းဖက်မှုများရှိနေသည်ကြားမှ ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် ယခုနှစ်တွင် ပထမအဆင့်ကို ပြီးစီးခဲ့သည်။ထိုစီမံကိန်း ဒုတိယအဆင့်အတွက်လည်း မူဝါဒပြင်ဆင်မွမ်းမံကာ အစိမ်းရောင်နည်းပညာနှင့် လူ့စွမ်းအားကို အခြေခံကာ အိမ်ရှင် ပါကစ္စတန်၊ ရင်းနှီးမြှုပ်နှံသည့် တရုတ်အပြင် တတိယအဖွဲ့အစည်းများ ပါဝင်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ခဲ့သည်ကိုတွေ့ရသည်။  
 
အမေရိကန်ဒေါ်လာ ထရီလီယံနှင့်ချီသည့် BRI စီမံကိန်းတွင် စီးပွားရေးစင်္ကြံ ၆ ခုပါဝင်ရာ ယခုအချိန်တွင် စီးပွားရေးစင်္ကြံအသီးသီးမှာ သူအရှိန်နှင့်သူ အတော်လေးအရှိန်ရနေပြီဖြစ်သည်။အထူးသဖြင့် အာရှတွင် လာအိုနှင့် ယူနန်ကို ဆက်သွယ်သော ဘိုတန်-ဗီယက်ကျန်း မြန်နှုန်းမြင့်ရထား လမ်း၊ အင်ဒိုနီးရှားတွင် လည်ပတ်ပြေးဆွဲတော့မည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြှင့်ရထားလမ်း၊ ပါကစ္စတန်တွင် ဇူလိုင် ၃၁ ရက်က ဖွင့်လှစ် ခဲ့သော ဂွါဒါဆိပ်ကမ်းတို့က BRI နှင့်ပတ်သက်ပြီးထင်ရှားသော ကောင်းမွန်သည့် အာရှ၏ပြယုဂ်များပင်ဖြစ်သည်။ 
 
၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် Belt and Road Initiative အဆိုပြုချက်သည် ၁၀ နှစ်တာ သက်တမ်းအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် လည်ပတ်နေပြီဖြစ်သလို အချို့သည် ပြီးစီးရန်အခြေအနေတွင်ရှိနေပြီဖြစ်သည်။
 
Road Initiative စီမံကိန်း၏ ထင်ရှားသော ဖြစ်ထွန်းမှုသည် အာရှသာမဟုတ်။ဥရောပတွင်လည်း အကျိုးဖြစ်ထွန်းခဲ့သည်။ဥရောပနှင့် အာရှအကြား ကုန်သွယ်ရေးအတွက် ရွေးချယ်စရာ လမ်းကြောင်းသစ်တစ်ခုအဖြစ် BRI ကြောင့် တရုတ်-ဥရောပ ရထားလမ်းပေါ်လာကာ ၁၀ နှစ်တာအတွင်း “လမ်းကြောင်းတစ်ခု” မှ “ကွန်ရက်တစ်ခု” အဖြစ်သို့ ဥရောပတိုက်ရှိ နိုင်ငံ ၂၅ ခုမှ မြို့ပေါင်း ၂၁၁ မြို့ကို တရုတ်နှင့် ချိတ်ဆက်နိုင်ခဲ့သည်။
 
လွန်ခဲ့သည့် ၁၀ နှစ် အတွင်း တရုတ်နှင့် BRI နိုင်ငံများကြား လမ်းကြောင်းတစ်လျှောက် ရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံကျော်ရှိခဲ့သည်။တရုတ်ကုမ္ပဏီများသည် BRI စီမံကိန်းတစ်လျှောက် နိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များတွင် အလုပ်အကိုင် ၄၂၁,၀၀၀ ဖန်တီးပေးနိုင်ခဲ့ သည်။ 
 
Belt and Road Initiative စီမံကိန်းများ၏ ဖြစ်ထွန်းမှုက ခပ်သွက်သွက် မြင်လာနေရသည်။
 
အစိမ်းရောင်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တောင်းဆိုမှုအပြီးတွင် တရုတ်ကုမ္ပဏီများသည် အစိမ်းရောင်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုများ ပြည်ပတွင် ရှေ့တန်းမှ ဦးဆောင်နေသည်။ 
အစိမ်းရောင် BRI ပရောဂျက်များသည် ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရေရှည်တွန်းအားပေးနိုင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးကာ မျှဝေသော အနာဂတ်အသိုက်အဝန်းကို တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ပူးတွဲကတိကဝတ်ကို တိုက်ရိုက်ရောင်ပြန်ဟပ် ပြသနေပေသည်။
 
ထိုသို့ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ကမ္ဘာ့စက်မှုအသွင်ကူးပြောင်းမှုကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရန် တိုးမြှင့်ကြိုးပမ်းနေသော်လည်း တရုတ်နိုင်ငံအနေဖြင့် ၎င်းကို အလုံးစုံလုပ်နိုင်ရန် လိုအပ်ချက်ရှိနေပြီး အမေရိကန်ကဲ့သို့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပူးပေါင်းမှုကိုရရှိဖို့ လိုနေပေသည်။ BRI လမ်းကြောင်းတစ်လျှောက် နိုင်ငံများ၏ စိမ်းလန်းသော ရင်းနှီးမြှုပ်နှံမှုပမာဏသည် လာမည့်ဆယ်နှစ်အတွင်း ဒေါ်လာ ၅ ထရီလီယံကျော်ရှိလာမည်ဖြစ်ပြီး လက်ရှိ ရန်ပုံငွေကွာဟချက်မှာ အလွန်ကြီးမားနေဆဲဖြစ်သည်။ 
 
လာမည့် ၂၀၃၀ ခုနှစ်တွင် “Belt and Road” ကို ပူးပေါင်းတည်ဆောက်ခြင်းဖြင့် လူပေါင်း ၇.၆ သန်းသည် အလွန်အမင်းဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လူ ၃၂ သန်းသည် အလယ်အလတ် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကာ ကမ္ဘာ့ဝင်ငွေ ၀.၇ ရာခိုင်နှုန်း မှ ၂.၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။
 
သို့ဖြစ်ရာ သန့်ရှင်းသော စွမ်းအင်ရှေ့ဆောင်နိုင်ငံ၏ ဦးဆောင်မှုဖြင့် BRI အကျိုးသက်ရောက်မှုသည် လာမည့်နှစ်များတွင် ကမ္ဘာ့အနှံ့မြင်ရဖွယ်ရှိပေသည်။
 
လင်းသစ်အောင်