【 နိုင်ငံတကာဆောင်းပါး 】 မျှော်လင့်ချက်ကင်းမဲ့ရာမှ BRI ကြောင့် ဖွံ့ဖြိုးလာတဲ့ အာဖရိက

【 နိုင်ငံတကာဆောင်းပါး 】 မျှော်လင့်ချက်ကင်းမဲ့ရာမှ BRI ကြောင့် ဖွံ့ဖြိုးလာတဲ့ အာဖရိက

အနောက်တိုင်း ဘောဂဗေဒပညာရှင်အချို့က အာဖရိကသည် မျှော်လင့်ချက်ကင်းမဲ့သောတိုက်ကြီးဟု ဆိုခဲ့ဖူးသော်လည်း Belt and Road Initiative (BRI) ကြောင့်  အာဖရိကသည် ယခုအခါ ကမ္ဘာ၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်သစ် ဖြစ်လာခဲ့ပြီဖြစ်သည်။

ယနေ့တွင် (BRI) မှတစ်ဆင့် အာဖရိကတိုက်ကြီးတွင် အဝေးပြေးလမ်း ကီလိုမီတာ ၁၀၀,၀၀၀ ကျော်၊ တံတားပေါင်း ၁,၀၀၀ နှင့် ဆိပ်ကမ်းပေါင်း ၁၀၀ ခန့်ကို တည်ဆောက်ကာ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်သည်။

ဤသည်မှာ (BRI) မှတစ်ဆင့် အာဖရိကရရှိခဲ့သည့် အခြေခံတိုးတက်ဖွံ့ဖြိုးမှုများပင်ဖြစ်လေသည်။

ကတိကဝတ် မက်လုံးထက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကိုလိုနေသည့် အာဖရိကအဖို့ (BRI) သည် ထိုလိုအပ်ချက်ကို ဝင်ဖြည့်ဆည်းပေးသလိုဖြစ်ခဲ့သည်။ထိုလိုအပ်ချက်ကို (BRI) မှတစ်ဆင့် တရုတ်က ပေးနေသည့်အခါ အာဖရိကတွင် တရုတ်သြဇာအာဏာကို တန်ပြန်ရန် အနောက်နိုင်ငံများ၏ ကြိုးစားမှုသည် ရေရှည်တွင် အချည်းအနှီးဖြစ်ဖို့သာ အလားအလာများနေပြီဖြစ်သည်။

အာဖရိကတိုက် လိုချင်သည့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အဘယ်နည်း။နိုင်ငံတစ်ခုအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုနှင့် နည်းပညာလွှဲပြောင်းမှု၊ အကျိုးအမြတ် ပြန်ရရန် ကာလကြာသည့် နိုင်ငံ၏အခြေခံအဆောက်အဦများတွင် ထည့်သွင်းရင်းနှီးမြုပ်နှံခြင်းတို့ဖြစ်သည်။ထို့အတွက် တရုတ်အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပညာရေးဆိုင်ရာ အင်စတီကျုများသည် (BRI) မှတစ်ဆင့် အာဖရိကန်ပညာတော်သင်များခေါ်ယူခဲ့သလို တရုတ်ဘက်မှ ပညာရှင်များ သွားရောက်ကာ နည်းပညာနှင့် ပညာရပ်ပိုင်းဆိုင်ရာ မျှဝေဖလှယ်မှုကို နက်ရှိုင်းစွာ ၁၀ နှစ်ကြာ ပြုလုပ်ခဲ့ကြသဖြင့် အာဖရိကတိုက်၏ ယခုနှစ်ပိုင်း ဖွံ့ဖြိုးလာမှုတွင် တရုတ်၏ ခြေရာလက်ရာကို အများဆုံးတွေ့ရမည်ဖြစ်သည်။  

(BRI) မှ တစ်ဆင့်လာသော တရုတ်၏ အခြေခံအဆောက်အအုံပိုင်းတွင် ရင်းနှီးမြုပ်နှံသည် ဖွံ့ဖြိုးမှုအားနည်းသည့် အာဖရိကအတွက် များစွာသက်ရောက်မှုရှိခဲ့သည်။ဥပမာအားဖြင့် ကင်ညာနိုင်ငံ၏ Standard Gauge မီးရထား၊ Abuja-Kaduna မီးရထားနှင့် Addis-Ababa-Djibouti မီးရထားတို့သည် ကင်ညာနှင့် အာဖရိကဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံများ၊လူ့အဖွဲ့အစည်းများကို ချိတ်ဆက်ပေးခဲ့သည်။ Standard Gauge မီးရထားလမ်းဆိုလျှင် ဖောက်လုပ်စဉ်မှစပြီး လူ ၃၀,၀၀၀ ကျော်အတွက် တိုက်ရိုက်နှင့် သွယ်ဝိုက်သော အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သလို ပြီးစီးပြေးဆွဲချိန်တွင်လည်း ကင်ညာနိုင်ငံ၏ ခေတ်မီမှုကို အရှိန်မြှင့်ရန် အထောက်အကူဖြစ်ခဲ့သည်။

နိုင်ရိုဘီအမြန်လမ်းဆိုလျှင် လေဆိပ်မှ မြို့လယ်သို့ ခရီးသွားချိန်ကို နှစ်နာရီမှ ၁၅ မိနစ်ထိ လျှော့ချလိုက်နိုင်သဖြင့် နိုင်ရိုဘီမြို့သည် အာဖရိကတွင် နိုင်ငံတကာခရီးသွားများအတွက် ရွေးချယ်စရာမြို့ကြီး ဖြစ်လာခဲ့သည်။

ကင်ညာနိုင်ငံ အသီ (Athi) မြစ်ပေါ် တည်ဆောက်ထားသည့် Thwake Dam ဆိုလျှင် ဒေသခံများ၏ ရေပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ရုံမျှမက တောင်ဆူဒန်၊ အီသီယိုးပီးယားနှင့် ယူဂန်ဒါတို့ကဲ့သို့သော နိုင်ငံများအတွက်ပါ ရေလမ်းကြောင်းသစ်များ ဖြစ်ပေါ်စေခဲ့သည်။ထိုဆည်သည် တရုတ်နိုင်ငံ China Gezhouba Group Company က အာဖရိကဖွံ့ဖြိုးရေးဘဏ် ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အာဖရိကတွင် (BRI) ၏ ထင်သာမြင်သာရှိသော သက်ရောက်မှုသည် ကင်ညာနိုင်ငံတစ်ခုတည်းသာမဟုတ်။အငတ်ဘေးနှင့် ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံခဲ့ရသည့် အီသီယိုးပီးယားနိုင်ငံတွင်လည်း သက်ရောက်မှုပြင်းထန်ခဲ့သည်။တရုတ်နိုင်ငံသည် အီသီယိုးပီးယားတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုဖြင့် ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်နှစ်ခုလုံးအတွက် လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ကားများ ထုတ်လုပ်သည့် စက်မှုဇုန်ကြီးများစွာကိုလည်း တည်ထောင်ခဲ့သည်။ Addis Ababa-Djibouti မီးရထားလမ်းနှင့် တရုတ်နိုင်ငံမှ တည်ဆောက်ထားသော Djibouti ဆိပ်ကမ်း နှစ်ခုစလုံးသည် အီသီယိုးပီးယား ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့သည့် အဓိကသွေးလွှတ်ကြောများ ဖြစ်လာခဲ့သည်။ထိုဆိပ်ကမ်းများမှ နိုင်ငံအတွက် လိုအပ်သော ဓာတ်မြေသြဇာကဲ့သို့သော ပစ္စည်းများတင်သွင်းပြီး စက်မှုဇုန်များတွင် ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် လူသုံးကုန်ပစ္စည်းများကို တင်ပို့သည်။

အီသီယိုးပီးယားနိုင်ငံ စီးပွားရေးသည် (BRI) မှတစ်ဆင့် ၎င်း၏ ဌာနေတိုင်းရင်းသားများ၏ ပြုပြင်ပြောင်းလဲမှုများ၊ ကြိုးစားအားထုတ်မှုနှင့် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုများကြောင့် စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ နှစ်ခုလုံးတွင် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်လာကာ နှစ်စဉ် ပျမ်းမျှ ၁၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ (BRI) သည် အာဖရိကနိုင်ငံများအား ၎င်းတို့၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ရန် ကူညီပေးနိုင်ခဲ့သဖြင့် အာဖရိကကို ဖွံ့ဖြိုးတိုးတက်မှု နယ်နိမိတ်တွင် ရပ်တည်နိုင်စေကာ တရုတ်နိုင်ငံသည်လည်း win-win ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးများရရှိစေခဲ့သည်။တရုတ်နိုင်ငံသည် ၎င်း၏ ပိုလျှံသော ထုတ်လုပ်မှုစွမ်းရည်ကို (BRI) မှတစ်ဆင့် အာဖရိကသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ရှိတွင် အာဖရိကတွင် တရုတ်ကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော် လုပ်ကိုင်လျက်ရှိသည်။

လွန်ခဲ့သည့် ၁၀ နှစ်က တရုတ်နိုင်ငံ အဆိုပြုခဲ့သည့် Belt and Road Initiative သည် ယခုနှစ်တွင် ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ထို ၁၀ နှစ်အတွင်း Belt and Road Initiative မူဘောင်တွင် အာရှ၊ အာဖရိက၊ တောင်အမေရိက၊ ဥရောပနှင့် သမုဒ္ဒရာပိုင်းဒေသများရှိ နိုင်ငံပေါင်း ၁၅၂ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၂ ဖွဲ့တို့က  ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၂၀၀ ကျော် လက်မှတ်ရေးထိုးကာ ပြီးခဲ့သည့် ဆယ်နှစ်တာအတွင်း (BRI) ကြောင့် အခြေခံအဆောက်အအုံနှင့် စွမ်းအင်ပိုင်း၌ တိုးတက်မှုသည် ထင်သာမြင်သာရှိနေပြီဖြစ်သည်။

အာဖရိကတွင် Belt and Road Initiative သည် အာဖရိကနိုင်ငံများ၏ ကာလရှည်ကြုံတွေ့နေရသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးများကို ဖယ်ရှားပေးကာ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ကူညီပေးခြင်း၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားများ ပံ့ပိုးပေးခြင်းတို့ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် ဆင်းရဲမွဲတေမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုကို ဖြေရှင်းနိုင်ရန် အာရုံစိုက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

လမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်းများနှင့် အားကစားကွင်းများကဲ့သို့သော အကြီးစားနှင့် စီးပွားရေးအရ အကျိုးရှိသော အခြေခံအဆောက်အဦများ အများအပြားကို အာဖရိကတွင် လွန်ခဲ့သည့်ဆယ်စုနှစ်များက ဆောက်လုပ်ခဲ့ပြီး ထိုဆောက်လုပ်ခဲ့မှုများ၏ ပြန်လည်အကျိုးဖြစ်ထွန်းမှုကို အာဖရိကဒေသခံများ ခံစားနေရပြီဖြစ်သည်။

Belt and Road Initiative ၏ မူဘောင်အောက်တွင် တရုတ်နိုင်ငံသည် အာဖရိကတိုက်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန်အတွက် အာဖရိကနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်မည်ဟု ကတိပြုထားသည်။အာဖရိကဖွံ့ဖြိုးတိုးတက်မှုတွင် (BRI) အခန်းကဏ္ဍ မည်မျှကြီးမားသည်ကို ပြီးခဲ့သည့် သြဂုတ်လက တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နစ္စဘတ်ချ်တွင် ၃ ရက်ကြာကျင်းပခဲ့သည့် (BRICS) ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးအဖြစ် ကျင်းပသည့် တရုတ်-အာဖရိက ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ရမည်ဖြစ်သည်။

ထိုထိပ်သီးဆွေးနွေးပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပူးတွဲသဘာပတိအဖြစ် ကြီးမှူးခဲ့ကာ အာဖရိကနိုင်ငံခေါင်းဆောင်များနှင့် အာဖရိကတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့သည်။ရှီကျင့်ဖျင်က အာဖရိကခေါင်းဆောင်များအား အာဖရိက၏ စက်မှုထွန်းကားရေးနှင့် စိုက်ပျိုးရေးခေတ်မီအောင် ပံ့ပိုးကူညီရန် အစပျိုးမှုများကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အာဖရိကခေါင်းဆောင်များအား အာမခံခဲ့သည်။

သို့ဖြစ်ရာ အာဖရိက၏ (BRI) အပေါ် အမြင်သည် လွန်ခဲ့သော ၁၀ နှစ်ကထက်စာလျှင် ပို၍အားထား ယုံကြည်လာနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုသည်မှာ ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း အာဖရိကတွင် အကောင်အထည် ပေါ်ခဲ့သည့် (BRI) စီမံကိန်းများ၏ အကျိုးဖြစ်ထွန်းမှုနှင့် ဒေသခံများအတွက် အခွင့်အလမ်းများရရှိစေမှုကြောင့်ပင်ဖြစ်လေသည်။

လင်းသစ်အောင်