【 နိုင်ငံတကာဆောင်းပါး 】“ ရပ်ဝန်းနှင့်ပိုးလမ်းမ ရထားလမ်းစီမံကိန်းနှင့် အရှေ့တောင်အာရှ”

【 နိုင်ငံတကာဆောင်းပါး 】“ ရပ်ဝန်းနှင့်ပိုးလမ်းမ ရထားလမ်းစီမံကိန်းနှင့် အရှေ့တောင်အာရှ”

"တရုတ်- မြန်မာလမ်းကြောင်းသစ်"လို့ အမည်တပ်ထားသည့်  ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ မြန်မာပြည်တွင်းဆက်သွယ်မည့် တရုတ်ဘက်အခြမ်း ရထားလမ်းပိုင်း ဖွင့်ပွဲကို  ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မြို့တစ်ခုဖြစ်သည့် ချင်းရွှေဟော်၏တစ်ဖက်ကမ်း  တရုတ်နိုင်ငံ လင်ချမ်းခရိုင် (Lincang)တွင်  ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက  ပြုလုပ်ခဲ့သည်။ အဆိုပါလမ်းပိုင်းဖွင့်ပွဲမှာ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တိုက်ရိုက်သွားလာပြေးဆွဲနိုင်မယ့် ကားလမ်း၊ ရထားလမ်း တွေ ဖောက် လုပ်နိုင်ဖို့ မျှော်လင့်ထားမှုရဲ့အစဖြစ်သည်။

BRI ဟု  ခေါ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ရထားလမ်းစီမံကိန်းမှာ အရှေ့တောင်အာရှနဲ့ အာရှအလယ်ပိုင်းတွင် ပြဿနာနှင့် အခက်အခဲများကြားထဲမှ မကြာမီရုပ်လုံးပေါ်စပြုလာတာကို တွေ့ရပါတယ်။ ၂၀၂၀ခုနှစ် နိုဝင်ဘာလတွင်  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာနိုင်ငံကို ဖြတ်သွားမည့် ကားလမ်း၊ ရထားလမ်းကိစ္စအား တရုတ်နှင့်ဆွေးနွေးနေကြောင်း ပြောခဲ့ကာ  အဆိုပါ လမ်းများအကောင်အထည်ပေါ်လာခဲ့ပါက အခြား အာဆီယံနိုင်ငံများနှင့်ပါ ဆက်သွယ်ရေးပိုလွယ်ကူလာနိုင်ကြောင်း တရုတ်မီဒီယာဆင်ဟွာသို့ ပြောခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀၊၂၀၂၁ နှစ်နှစ်တာ ကာလလုံး ကျန်းမာရေးကပ်ဘေး ကိုဗစ်ကူးစက်မှု တစ်ကမ္ဘာလုံး ဖြစ်ပွားခဲ့သဖြင့် ကမ္ဘာတစ်ဝန်းလုပ်ငန်းတွေလျော့ချ၊  စီမံကိန်းတွေရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း BRI စီမံကိန်းရှိ သက်ဆိုင်ရာနိုင်ငံနှင့် ဒေသများ၌ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများမှာမူ  အရှိန်လျော့သည်ကလွဲပြီး ဆက်လက်လုပ်ကိုင်ခဲ့သဖြင့် မူလရည်မှန်းထားသည့်ကာလအတိုင်း အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၂၂ခုနှစ် မေလတွင် BRI တစ်စိတ်တစ်ပိုင်းဖြစ်သည့် Pajala မဂ္ဂါဝပ် ၁၂၀၀ ထွက်ရှိသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဘင်္ဂလားဒေ့ရှ်မှာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုစက်ရုံမှာ မဂ္ဂါဝပ် ၁၂၀၀ ထွက်ရှိသဖြင့် ထိုဓာတ်အားဖြင့် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်းဆိုသဖြင့် လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကြီးကြီးမားမား ရှိနေသည့် တောင်အာရှဒေသအတွင်း ထိုသတင်းက သတင်းထူးတစ်ခုဖြစ်ခဲ့သည်။

BRIနှင့် ဆက်နွယ်ပြီး မကောင်းသည့် သတင်းများ အနောက်တိုင်းမီဒီယာများတွင် တွေ့ရလေ့ရှိရာ ဘင်္ဂလားဒေ့ရှ်သတင်းက ထူးဆန်းမှုဖြစ်ပြီး ကောင်းမွန်သည့် ခေါင်းဆောင်မှုရှိပါက BRIစီမံကိန်းမှာ ဒေသခံများကို အကျိုးပြုသည်ကို ပြသခဲ့ခြင်းဖြစ်သည်။ ထိုဘင်္ဂလားဒေ့ရှ် ဖြစ်ရပ်မှာ BRIအတွက် ဒေသတွင်း ပထမဆုံးချ ပြနိုင်သည့် ကောင်းမွန်သော အကျိုးဖြစ်ထွန်းမှုမဟုတ်ချေ။  ထိုမတိုင်မီ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဖွင့်လှစ်နိုင်ခဲ့သည့်  ဘိုတန်-ဗီယက်ကျန်း ရထားလမ်းက ကုန်းတွင်းပိတ်ယူနန်နှင့် လာအိုကို အကျိုးဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။ အာရှနှင့် ကမ္ဘာတွင် ရထားလမ်းအများဆုံးရှိသည့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် လာအိုနိုင်ငံအကြားပြေးဆွဲသည့် အဆိုပါရထားလမ်းမှာ ကူမင်း-စင်္ကာပူ ရထားလမ်း( သို့မဟုတ်) ပန်-အာရှ ရထားလမ်းဟု အမျိုးမျိုးအမည်တပ်ထားသည့် ရထားလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ  ဒေသတွင်းကုန်သွယ်ရေးနှင့် ခရီးသွားလာရေးတွင် အားထားရနိုင်သည့် အလားအလာကောင်းများရှိနေခဲ့သည်။

ကူမင်း-စင်္ကာပူ ရထားလမ်း( သို့မဟုတ်) ပန်-အာရှ ရထားလမ်းမှာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ အကြားဆက်သွယ်ဖောက်လုပ်မည့် BRI စီမံကိန်းဝင် ရထားလမ်းမှာ BRI စီမံကိန်း၏ China-Indochina Peninsula Corridor တွင်ပါဝင်သည်။ ယခုချိန်တွင် နိုင်ငံပေါင်း ၁၄၉ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၂ ခုပါဝင်သည့် BRI စီမံကိန်းမှာ စတင်ခဲ့စဉ်က  နိုင်ငံပေါင်း ၇၀ ကျော်ပါဝင်ပြီး ကမ္ဘာ့လူဦး‌ရေ ၆၅ ရာခိုင်နှုန်းကို ခြုံငုံမိကာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီရဲ့ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုမည်ဟု ခန့်မှန်းခဲ့ပြီး စီမံကိန်း တစ်ခုလုံး၏  ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ  အမေရိကန် ဒေါ်လာ ၁ ထရီလီယံ(ဘီလီယံ ၁၀၀၀) ခန့် ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ ထိုထဲတွင် ကမ္ဘာတစ်ဝန်းစီးပွားရေး စင်္ကြံလမ်းမကြီး ခြောက်ခုတည်ဆောက်သွားရန် ပါဝင်သည်။

ထိုစင်္ကြန်၆ ခုမှာ

(၁) New Eurasian Continental Bridge                                                   

(၂) China-Mongolia-Russia Corridor                              

(၃) China-Central Asia-West Asia Corridor

(၄) China-Indochina Peninsula Corridor                                                     

(၅) China-Pakistan Corridor                               

(၆) Bangladesh-China-India-Myanmar Corridor တို့ ဖြစ်သည်။

ထိုထဲတွင်  ပန်-အာရှ ရထားလမ်းပါဝင်သည့် တရုတ်-အင်ဒိုချိုင်းနား ကျွန်းဆွယ်စင်္ကြံမှာ လူဦးရေ တစ်ဘီလျံကျော်ရှိသည့် တရုတ်စျေးကွက်နှင့် လူဦးရေ သန်း ၆၀၀ ကျော်ရှိသည့် အင်ဒိုချိုင်းနားစျေးကွက်ကို ပေါင်းစည်းပေးမည်ဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများအတွက်ပါ မျက်စိကျစရာ။  သို့သော် စိုက်ထုတ်ရမည့် ကုန်ကျစရိတ်တွေ၊ ရထားလမ်းဖောက်လုပ်ရာတွင် တွေ့ကြုံရမည့် အင်ဂျင်နီယာ ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေက တစ်ပုံတစ်ပင်ဖြစ်သည်။ လူမှုရေးစိန်ခေါ်ချက်၊နိုင်ငံရေးစိန်ခေါ်ချက်နှင့် ဘဏ္ဍာရေး စိန်ခေါ်ချက်များစွာရှိနေပြီး အခက်အခဲများက မကြာခဏဆိုသလို ရှိနေခဲ့သည်။

လမ်းကြောင်းအရဆိုပါက ကူမင်းမှ ဗီယင်ကျန်း၊ဗီယင်ကျန်းမှ ဘန်ကောက်၊ ဘန်ကောက်မှ ကွာလာလမ်ပူ၊ကွာလာလမ်ပူမှ စင်္ကာပူ ထိုသို့ ပြေးဆွဲရန်ယှက်သွယ်ရန်စီစဉ်ထားသည့် ရထားလမ်းကွန်ရက်မှာ နိုင်ငံရေး အပြောင်းအလဲနှင့် ပထဝီနိုင်ငံရေးအပြောင်းအလဲများကြောင့်‌ အပြောင်းအလဲများရှိခဲ့သည်။ ထိုင်းမြို့တော် ဘန်ကောက်မှ မလေးရှား နယ်စပ်အထိ သွားမည့် အစိတ်အပိုင်း တည်ဆောက်မည့် စီမံကိန်း၊စင်္ကာပူနှင့် မလေးရှား မြို့တော် ကွာလာလမ်ပူတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၅၀ ရှည်သော လမ်းကြောင်းတို့မှာ စီမံကိန်းအတွက် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း သက်တမ်းကုန်ဆုံးမည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ သဘောတူညီချက် မရရှိခဲ့ပေ။

သို့သော် လိုဏ်ခေါင်းပေါင်း ၇၅ ခုနှင့် တံတားပေါင်း ၁၆၇ စင်းရှိကာ တောတောင်များကို ဖြတ်ကျော် သွားရသည့် အဆိုပါစီမံချက်၏အစ ဘိုတန်- ဗီယင်ကျန်း လမ်းပိုင်းမှာမူ ဆက်လက်အစီအစဉ်အတိုင်း သွားနေခဲ့သဖြင့် ၅ နှစ်အကြာတွင် ပြီးမြောက်ခဲ့သည်။ထူးခြားသည်က ထိုရထားလမ်းပိုင်းမှာ အာဆီယံဒေသ အတွင်း မရှိ သည့် မြန်နှုန်းမြင့်ရထားလမ်းကြောင်းဖြစ်နေခြင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြင်ပနိုင်ငံများနှင့် ပြေးဆွဲသည့် ခရီးသွားရထားလမ်းဆက်သွယ်မှုတွင် ယခု လာအိုနှင့် ပြေးဆွဲသည့် ရထားလမ်းမှာ ပထမဆုံးမြန်နှုန်းမြင့် ရထားလမ်းဖြစ်သည်။ လာအိုနှင့် ဆက်သွယ်ပြေးဆွဲမှုမတိုင်ခင် ၂၀၁၁ခုနှစ်က စတင်ခဲ့သည့်  ဥရောပ-တရုတ်ရထား လမ်းကြောင်းမှာပင် ကုန်တင်ရထားသာ ပြေးဆွဲခဲ့သည်ဖြစ်ရာ ပန်-အာရှဟုခေါ်သည့် ကူမင်း-ဗီယင်ကျန်း၊ဗီယင် ကျန်း-ဘန်ကောက်၊ ဘန်ကောက်-ကွာလာလမ်ပူ၊ကွာလာလမ်ပူ- စင်္ကာပူရထားလမ်းအပေါ်  တရုတ်ဘက်က မည်မျှ စိတ်အားသန်နေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ဘိုတန်-ဗီယက်ကျန်းလမ်းပိုင်းမှာ ဖွင့်လှစ်ပြီး နှစ်ဝက်ခန့်အကြာ ဇွန် ၂ ရက်အထိ စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အ‌ရေအတွက် ၃.၂၇ သန်း ရှိပြီး ၎င်းအနက် တရုတ်လမ်းပိုင်းတွင် သယ်ယူပို့ဆောင်ခဲ့ သော ခရီးသည်အရေအတွက် ၂.၈၆ သန်း၊ လာအိုလမ်းပိုင်းတွင် သယ်ယူပို့ဆောင်သည့် ခရီးသည်အရေအတွက် ၄၁၀,၀၀၀ ရှိကြောင်းနှင့် ကုန်ပစ္စည်းတန်ချိန် ၄.၀၃ သန်းရှိကာ ၎င်းအနက် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုမှာ တန်ချိန် ၆၄၇,၀၀၀ ရှိလာခဲ့သည်။ ထိုရထားလမ်းက တရုတ်နိုင်ငံနှင့် အာဆီယံအကြားအဆင်ပြေ လွယ်ကူသည့် ကုန်စည်ထောက်ပို့ရေးလမ်းကြောင်းဖြစ်လာခဲ့ရာ သယ်ယူပို့ဆောင်ရေးကြာချိန်နှင့် ကုန်ကျစရိတ် ကို လျှော့ချနိုင်ခဲ့သည်။

ထိုအကျိုးဖြစ်ထွန်းလာမှုကြောင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ရှိခဲ့သည့် ကူမင်း-စင်ကာပူ ရထားလမ်းမှာ ဒေသတွင်းနိုင်ငံများအကြား စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပြီး ထိုင်းနိုင်ငံ (ယခင်) ဒုတိယဝန်ကြီးချုပ် Pinit Jarusombat က ဆင်ဟွာသတင်းဌာနနှင့်မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှု တစ်ခုတွင်  တရုတ်-လာအို-ထိုင်း ရထားလမ်းစီမံကိန်းသည် အရှေ့တောင်အာရှဒေသတွင် ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ကြီးကျယ်ခမ်းနားသော မုဒ်ဦး တစ်ခုဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်။ ထို ရထားလမ်း ကို အသုံးချပြီး ထိုင်းက တရုတ်နှင့် တိုက်ရိုက်ကုန်သွယ်နိုင်သည့် ပို့ဆောင်ရေးလမ်းကြောင်းသစ်တစ်ခု အဖြစ် မျှော်မှန်း ထားပြီး သိပ်မကြာခင်အချိန်တွင် လာအို-ထိုင်း ရထားလမ်းပိုင်းကို စတင်အသုံးပြုနိုင်ရန်မျှော်မှန်းထားသည်ဟု ဆိုထားသည်။ 

BRI အပေါ် ကိုဗစ်ကပ်လျော့ပါးလာချိန်တွင် အာဆီယံနိုင်ငံအတော်များများက စိတ်ပြန်လည်လာနေသည်။ ၂၀၂၂ခုနှစ်မေလက ဂျပန်နိုင်ငံ၏ Nikkeiသတင်းဌာနနှင့် တွေ့ဆုံမှုတွင် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက်(ခေတ်သစ်ပိုးလမ်းမကြီး) နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်(GDI) ကို ထောက်ခံအားပေးကြောင်း ပြောကြားကာ “ကျွန်တော်တို့က GDI မိတ်ဆွေအဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။”ဟုပြောခဲ့သည်ကိုတွေ့ရသည်။  

ဘင်္ဂလားဒေ့ရှ်ဘက်က မျှော်လင့်နေသည့် မြန်မာနိုင်ငံကို ဖြတ်ကာဖောက်လုပ်မည့် ရထားလမ်း၊ကားလမ်း စီမံကိန်းမှာ BRI စီမံကိန်း ၆ ခုထဲမှ ဘင်္ဂလားဒေ့ရှ်- တရုတ်-အိန္ဒိယ-မြန်မာ စင်္ကြံ(Bangladesh-China-India-Myanmar Corridor ) ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။မကြာသေးခင်လပိုင်းက တရုတ်ဘက်တွင် ရွှေလီအထိ ရထားလမ်းပိုင်းကို ဖွင့်လှစ်လာနိုင်နေပြီကို တွေ့ရသည်။ထိုလမ်းပိုင်းမှာ တာလီ-ရွှေလီလမ်းပိုင်းဖြစ်ပြီး  ပေကျင်း-ကူမင်း-ရွှေလီ-မူဆယ်-မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းကြီး၏အစိတ်အပိုင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများတွင် တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားတွဲသည် မေလ ၂၃ ရက် နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာပြီးနောက် ၁၅ ရက်အကြာ ဇွန် ၆ ရက်နေ့တွင် မန္တလေးမြို့သို့ ကုန်ပစ္စည်းများ ရောက်ရှိမည်ဟု ထုတ်ပြန်ခဲ့သည်ကို တွေရသည်။ ထိုသည်မှာ မြန်မာဘက်ခြမ်း ချင်းရွေဟော်နှင့်ကပ်နေသည့် ယူနန်နယ်စပ် လင်ချန်းနယ်စပ်အထိ ရထားဖြင့် သယ်လာကာ နယ်စပ်ဂိတ်မှ တစ်ဆင့်ပြန်ထွက်၍ ကားလမ်း နှင့်ရထားလမ်း ပူးပေါင်းပို့ ဆောင်သည့် ပုံစံဖြင့် ပို့ဆောင်ခြင်းဖြစ်သည်။ ထိုစနစ်ဖြင့်ပင် ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်မှာ သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% လျှော့ ချနိုင်သည်ဟုဆိုသည်။

အကယ်၍ ပေကျင်း-ကူမင်း-ရွှေလီ-မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသာ တိုက်ရိုက်သွားလာနိုင်မည်ဆိုပါက ကုန်စည်ပို့ဆောင်မှုကြာချိန်နှင့် ကုန်စည်စီးဆင်းမှု အရင်းအနှီးဘယ်လောက်ကျသွားမည် ဆိုသည် မှာ တွက်ချက်ကြည့်နိုင်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကိုဖြတ်ကာ တရုတ်သို့ ကုန်စည် ကူးသန်း ရောင်းဝယ်နိုင်မည် အခွင့်အရေးကို  အထူးလိုလားနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ကုန်သည်များအတွက်လည်း တရုတ်နှင့် ကုန်စည်ပို့ဆောင်ရာတွင် ထိုအားသာချက်က အထူးအကျိုးမြတ်ရှိနိုင်သည့် ကိစ္စဖြစ်သည်။ သို့သော် အငြင်းပွားစရာ အားသာချက်၊အားနည်းချက်များတော့ရှိနေဆဲဖြစ်သည်။

သေချာသည်က BRI စီမံကိန်းပါ တရုတ်နှင့် ချိတ်ဆက်သည့် ရထားလမ်းများ လက်ရှိအချိန်အထိ အာဆီယံ နိုင်ငံများကို စီးပွားရေးနှင့် ကုန်သွယ်ရေးအခွင့်လမ်းသစ်ကို ဖော်ဆောင်ပေးနိုင်နေသည်ကို တွေ့နေရသည်။

လင်းသစ်အောင်