【‌ ဆောင်းပါး 】 စီးပွားရေးသော့ချက် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်

【‌ ဆောင်းပါး 】 စီးပွားရေးသော့ချက် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တည်ရှိသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား အကြီးဆုံးကုန်သွယ်မှုပြုသည့်နေရာဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးအတွက် အလွန်ပဲအရေးပါလှသော နေရာတစ်ခုဖြစ်ပါသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းကို ၂၀၀၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး  မူဆယ်မြို့မှ ခြောက်မိုင်အကွာတွင် တည်ရှိသည်။

ယခုနှစ် သြဂုတ်လအထိ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၏ အခြေအနေများသည် ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ တိုးတက်လျက်ရှိသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၏ ကာလတူအခြေအနေ စာရင်းများအရ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ ရက်အထိ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၉၈၅ ဒသမ ၁၁၅ သန်းရှိပြီး ယခင်နှစ်ကာလတူက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈၁၁ ဒသမ ၁၃၆ သန်းရှိ၍ ကုန်သွယ်မှုပမာဏ တိုးတက်လာသည်ကို တွေ့ရှိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ ရက်အထိ ပို့ကုန် ကန်ဒေါ်လာ ၆၉၉ ဒသမ ၂၆၁ သန်း တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၂၈၅ ဒသမ ၈၅၄ သန်း တင်သွင်းခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန် ၇၁၆ ဒသမ ၃၉၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၉၄ ဒသမ ၇၄၁ သန်း တင်သွင်းခဲ့သည်။ကာလတူနှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် ပြည်တွင်းမှ ပို့ကုန်တင်ပို့မှု ယခင်နှစ်ထက် အနည်းငယ်လျော့နည်းသည်ကို တွေ့ရှိရသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်များ၊ ကုန်ခြောက်များ၊ သစ်သီးဝလံများနှင့် စိုက်ပျိုးရေးပစ္စည်းများ၊ ဓာတ်သတ္တုများ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ လယ်ယာသုံးစက်ကိရိယာ၊ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးအမျိုးမျိုးတို့ ပြန်လည်တင်သွင်းသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ ၂၀ ရက်နေ့အထိ လဝက်ကျော်ကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၂ ဒသမ ၁၁၂ သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၂၂ ဒသမ ၄၂၈ သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၄၄ ဒသမ ၅၄၀ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။၎င်းပမာဏကို MACCS စနစ်အရ ငွေလဲနှုန်း တစ်ယွမ်လျှင် ၂၉၁ ဒသမ ၇၃၈ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ပို့ကုန်၊ သွင်းကုန် လိုင်စင်လျှောက်ထားခြင်းကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း သွားရောက်လျှောက်ထားခွင့်ပြုထားသည်။ကိုဗစ် (၁၉) ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ မရှိတော့သည့်အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပိုမိုလျင်မြန်နေသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ ကုန်သွယ်ရေးများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိသည်။ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေဖြင့်လည်း ဆောင်ရွက်ခွင့်ပြုနေပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်ရေးအခြေအနေများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၃၀၄၉ ဒသမ ၈၆၆ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၁၈၄၀ ဒသမ ၆၉၅ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၈၉၀ ဒသမ ၅၈၁ သန်းရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၂၉၁၉ ဒသမ ၃၄၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၁၁၅၅ ဒသမ ၇၁၈ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၀၇၅ ဒသမ ၀၆၇ သန်းရှိခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၇၀၄ ဒသမ ၈၀၁ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၂၆ ဒသမ ၅၆၅ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇၃၁ ဒသမ ၃၆၆ သန်းသာရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၂၁၃၀ ဒသမ ၆၆၀ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ  ၃၃၇ ဒသမ ၂၅၉ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၄၆၇ ဒသမ ၉၁၉ သန်း ရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ ဇူလိုင်လ) အထိ ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၆၀၉ ဒသမ ၇၉၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ၂၆၇ ဒသမ ၄၅၂ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈၇၇ ဒသမ ၂၅၁ သန်း ရှိသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ငါးနှစ်ကာလ ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုအခြေအနေများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် ကုန်သွယ်မှုအများဆုံးဖြစ်ခဲ့ပြီး ကိုဗစ် (၁၉) ကာလ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုအလွန်ကျဆင်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နှစ်အစပိုင်းမှစ၍ နယ်စပ်ကုန်သွယ်မှုများ ပြန်လည်သွက်လက်နေသည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့နှင့် ကပ်လျက်တည်ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် စီးပွားရေးများ အပြန်အလှန်ဖလှယ်မှုကို လွယ်ကူချောမွေ့စေရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

နယ်စပ်ကုန်သွယ်ရေးသည် နှစ်နိုင်ငံနယ်စပ်မြို့မှ ဒေသတွင်းနေထိုင်သူများအတွက် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဈေးကွက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအထိ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးအခွင့်အလမ်းများအတွက် အလွန်အရေးပါလျက်ရှိသည်။ပြည်တွင်းရှိ ဒေသခံတောင်သူများနှင့် ထုတ်လုပ်သူများ၏  ကြီးမားသော ဈေးကွက်တစ်ခုလည်းဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးတွင် မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးသည် ကုန်သွယ်မှုများပြုလုပ်ရာ အရေးပါဆုံးဖြစ်သည်။၎င်းလမ်းမကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှစတင်ပြီး ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မိုင်းယုတို့ကိုဖြတ်၍ မူဆယ်အထိ ဖောက်ထားသော လမ်းမကြီးဖြစ်သည်။၎င်းလမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်တတ်ပြီး ယခုနှစ်ထဲတွင် ၎င်းလမ်းမကြီးအား အဆင့်မြှင်တင်ထားကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် မူဆယ်မြို့တွင် လက်ရှိလည်ပတ်နေသော ကုန်သွယ်ရေးဇုန်အပြင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်ရန် အစိုးရအချင်းချင်း ဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာများ ပြုလုပ်ထားကြောင်း သိရသည်။

မူဆယ်တွင် နိုင်ငံတကာစီးပွားရေးပင်မဇုန်နှင့် ကျင်းစမ်းကျော့တွင် ပို့ကုန်ထုတ်လုပ်မှုဇုန်၊ ကုန်လှောင်ရုံဇုန်များကို ဦးစွာအကောင်အထည်ဖော်ရန် စီစဉ်မှုများရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် ဦးစားပေးအဖြစ် အကောင်အထည်ဖော်ရန် ထည့်သွင်းထားသော စီမံကိန်းများဖြစ်သည်။  

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် တရုတ်နိုင်ငံမှ ယူနန်ပြည်နယ်တို့၏ စီးပွားရေးအချက်အချာကျ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ထို့ကြောင့် ရောင်းဝယ်ဖောက်ကားသည့် စီးပွားရေးအခြေအနေများ၊ မူဝါဒအပြောင်းအလဲများနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတို့သည် အလွန်အရေးပါသော စီးပွားရေးသော့ချက်တစ်ခု ဖြစ်ပါတော့သည်။

အမွန်