【 အားကစား 】 လူစားလဲခံရမှုအပေါ် ဒေါသထွက်ခဲ့တဲ့ စီရော်နယ်လ်ဒို

【 အားကစား 】 လူစားလဲခံရမှုအပေါ် ဒေါသထွက်ခဲ့တဲ့ စီရော်နယ်လ်ဒို

ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းကို ၁-၃ ဂိုးရလဒ်နဲ့ မန်ယူအသင်းက အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ စီရော်နယ်လ်ဒိုမှ လူစားလဲခံရပြီးနောက် ဒေါသတကြီးတုံ့ပြန်မှု ပြုလုပ်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ်ကတော့ "ဒီဖြစ်ရပ်က ပုံမှန်ပဲ၊ တိုက်စစ်မှူးတစ်ယောက်က ဂိုးသွင်းချင်တယ် ဒါပေမဲ့ သူဟာ ဒဏ်ရာကနေ ပြန်သက်သာလာတာဖြစ်ပြီး နောက်ထပ် ပွဲစဉ်တွေရှိသေးတယ်ဆိုတာ သတိထားမိဖို့ အရေးကြီးတယ်" လို့ BT Sports သို့ ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ပွဲချိန် ၇၁ မိနစ်မှာ မက်ဂွဲယားနဲ့ လူစားလဲခံရချိန် ကွင်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်ခွာလာခဲ့ပြီးနောက် "ဘာလို့လဲ၊ ဘာလို့ ငါ့ကိုလဲ၊ ဘာလို့ ငါ့ကို လူစားလဲတာလဲ" လို့ ရေရွတ်နေခဲ့ပါတယ်။ထို့နောက်မှာတော့ အင်္ကျီကို ပစ်ချလိုက်ပြီး၊ မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ် က စီရော်နယ်လ်ဒို ကို အနားကပ်ပြီး နှစ်သိမ့်စကားလာရောက်ပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

"ဗီလာပါ့ခ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ၊ ဒီတစ်ကြိမ်မှာတော့ ကျနော်တို့က ဦးဆောင်မှုကို ထိန်းသိမ်းရမှာပါ၊ ခံစစ်ကို အားဖြည့်ပြီး ဂိုးတစ်ဂိုးပေးလိုက်ရချိန်မှာ နိုင်ပွဲရအောင် သေချာလုပ်ဖို့ အရေးကြီးပါတယ်" လို့ မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ် က ဆိုပါတယ်။

ပွဲအပြီးမှာတော့ သတင်းထောက်များအား "ကျ‌နော် သတိပြုမိတဲ့ စီရော်နယ်လ်ဒိုရဲ့ တုံ့ပြန်မှုက "ဘာလို့ ငါ့ကိုလဲ" လို့ ကျနော့ကို သူကမေးနေတာပါ၊ အသင်းရဲ့ အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်ချရမယ်လို့ ပြန်ပြောခဲ့ပါတယ်" လို့ မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ် က ရှင်းလင်းခဲ့ပါသေးတယ်။

စီရော်နယ်လ်ဒိုနဲ့ မန်ယူအသင်းမှ ကစားသမားအချို့ကြား မပြေလည်မှုတွေလည်းရှိနေတဲ့အတွက် အဆင်မပြေဖြစ်နေပြီး မန်ယူအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ သတင်းများလည်း ထွက်ပေါ်လာလျက်ရှိနေပါတယ်။

Linko
လန်ဒန်၊ ဇန်နဝါရီ - ၂၀