【 အားကစား 】 လီဗာပူးလ်ဂန္တဝင်နဲ့ ဂိုးသွင်းစံချိန်တူညီသွားတဲ့ မိုဟာမက် ဆာလာ

【 အားကစား 】 လီဗာပူးလ်ဂန္တဝင်နဲ့ ဂိုးသွင်းစံချိန်တူညီသွားတဲ့ မိုဟာမက် ဆာလာ

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ မိုဟာမက် ဆာလာဟာ အေစီမီလန်အသင်းကို ၃-၂ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အော်ရီဂီရဲ့ ဖန်တီးပေးမှုကတဆင့် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အေစီမီလန်အသင်းနဲ့ ပွဲမှာ ဆာလာအနေနဲ့ တစ်ဂိုးသွင်းယူပြီးနောက်မှာ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးနဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ စတီဗင် ဂျရတ်ရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ပြီလို့ သိရပါတယ်။

ဆာလာဟာ လီဗာပူးလ် ဂန္တဝင်ကြီး ဂျရတ်ရဲ့ အန်ဖီးလ်ကွင်းမှာ သွင်းယူခဲ့တဲ့ ဥရောပသွင်းဂိုး ၁၄ ဂိုး အရေအတွက်ကို လိုက်မီသွားခဲ့တာဖြစ်ပါတယ်။အေစီမီလန်နဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့ပြီနောက် ဆာလာရဲ့ လီဗာပူးလ်အသင်းအတွက် အန်ဖီးလ်ကွင်းအတွင်း ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်ဟာ ၁၄ ဂိုးရှိလာခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၂၆ ဂိုး သွင်းယူပေးထားနိုင်ပြီဖြစ်ပါတယ်။

မိုဟာမက် ဆာလာဟာ ရိုးမားအသင်းမှာ ကစားခဲ့စဉ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ဂိုးတွေဆက်တိုက်သွင်းယူလာနိုင်ခဲ့ပြီး ထိပ်တန်းတိုက်စစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ဆာလာရဲ့ အမှတ်ရဖွယ် ချန်ပီယံလိဂ်သွင်းဂိုးကတော့ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းဘက်ကို ပင်နယ်လ်တီမှတဆင့် ပွဲအစ ၂ မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ ဆာလာအနေနဲ့ ရှားရှားပါးပါး ပင်နယ်လ်တီလွဲချော်ခဲ့ပါသေးတယ်။လီဗာပူးလ်အသင်း ပွဲချိန် ၁၄ မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်လ်တီကို ဆာလာ ကန်သွင်းရာမှာ အေစီမီလန် ဂိုးသမား မိုက်ခ် မိုင်ဂနန် ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပင်နယ်လ်တီလွဲချော်မှုဟာ လီဗာပူးလ်အသင်းအတွက် ပင်နယ်လ်တီ ၁၉ လုံး ဆာလာ ကန်သွင်းပေးမှုမှာ ၂ ကြိမ်မြောက် လွဲချော်မှုဖြစ်ပါတယ်။ပထမဆုံးအကြိမ်ကတော့ ၂၀၁၇ ခုနှစ်အတွင်းကစားခဲ့တဲ့ ဟက်ဒါစဖီးလ်နဲ့ ပွဲစဉ်မှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။

Linko
လီဗာပူးလ်၊ စက်တင်ဘာ - ၁၆