【 အားကစား 】 လာမယ့်ရာသီ ဆုဖလားတွေစိန်ခေါ်နိုင်ဖို့ မန်ယူအသင်းရဲ့ လိုအပ်ချက်များ

【 အားကစား 】 လာမယ့်ရာသီ ဆုဖလားတွေစိန်ခေါ်နိုင်ဖို့ မန်ယူအသင်းရဲ့ လိုအပ်ချက်များ

မန်ယူအသင်းကတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အဓိကပစ်မှတ်ကစားသမားတွေကို သွက်သွက်လက်လက် ခေါ်ယူနိုင်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

အဓိကပစ်မှတ်ကစားသမားတွေဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုနဲ့ နောက်ခံလူ ဗာရာနီတို့ကို ခေါ်ယူနိုင်ခဲ့မှုက မန်ယူအသင်းကို ပိုမိုအင်အားတောင့်တင်းသွားစေဖို့ရှိနေပေမယ့် လာမယ့်ဘောလုံးရာသီမှာ ဆုဖလားတွေကိုစိန်ခေါ်ဖို့အတွက်တော့ မန်ယူအသင်းမှာ လိုအပ်ချက်လေးတွေတော့ ရှိနေပါသေးတယ်။

အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့်ဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဆန်ချို ရောက်လာမှုက ဖာဂူဆန်ခေတ် မန်ယူရဲ့ တောင်ပံတိုက်စစ်ကို ပြန်လည်အသက်သွင်းဖို့ အခွင့်အရေးကောင်းပါပဲ။အသင်းရဲ့ တောင်ပံတိုက်စစ်နှစ်ဖက်က ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ဟာ ပြိုင်ဘက်အသင်းရဲ့ နောက်တန်းတွေကို အိပ်မက်ဆိုးတွေယူဆောင်လာမှာတော့ အသေအချာပါပဲ။ဒါပေမယ့် တောင်ပံတိုက်စစ်က ဖန်တီးပေးသမျှကို ဒိုင်ခံဂိုးသွင်းပေးနိုင်မယ့် နစ္စတယ်ရွိုင်းလို တိုက်စစ်မှူးမျိုးတော့ လိုအပ်မှာဖြစ်ပါတယ်။လက်ရှိ မန်ယူအသင်းတိုက်စစ်မှာ ကာဗာနီ၊ မာရှယ်လ်တို့ ရှိနေပေမယ့် ကာဗာနီရဲ့ အသက်အရွယ်ကြီးရင့်လာပြီး ပွဲစဉ်တိုင်းမကစားနိုင်မှုနဲ့ မာရှယ်လ်ရဲ့ ခြေစွမ်းတို့ကြောင့် ပုံမှန်ဂိုးသွင်းနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့တော့ လိုအပ်‌နေပါသေးတယ်။

မန်ယူအသင်းရဲ့ ကွင်းလယ်အင်အားကတော့ မဆိုးဘူးလို့ဆိုရမှာဖြစ်ပေမယ့် တကယ်တမ်းအားကိုးရတာက ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့လောက်သာရှိတာပါ။တိုမီနေး၊ ဗန်ဒီဘိခ်တို့ရဲ့ ခြေစွမ်းကတော့ ပိုမိုတိုးတက်လာဖွယ်မမြင်သေးပါဘူး၊ ချဲလ်ဆီးက ကန်တီလိုမျိုး နောက်တန်းကို အလယ်တန်းကနေ ကာဆီးနိုင်မယ့် ကစားသမားတစ်ဦးကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် မန်ယူအသင်းရဲ့ကွင်းလယ်က အသင်းတိုင်းကို ယှဉ်ကစားနိုင်ဖို့ရှိနေပါတယ်။

မန်ယူအသင်းရဲ့ နောက်တန်းအင်အားကတော့ အားရစရာပါပဲ။မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ ကာလရှည်စိတ်ဝင်စားနေတဲ့ ဗာရာနီ ကို ခေါ်ယူနိုင်ခဲ့သလို လုခ်ရှောကလည်း ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ တောက်ပခဲ့ပါတယ်။အရန်မှာလည်း ဘိုင်လီ၊ လင်ဒီလော့ဖ်တို့ ရှိနေမှာဖြစ်ပေမယ့် နောက်ခံလူကောင်းတစ်ယောက်လောက်တော့ ထပ်မံခေါ်ယူဖို့ လိုအပ်နေဦးမှာဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဆုဖလားတွေစိန်ခေါ်နိုင်ဖို့အတွက်ဆိုရင် အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတာကို မြင်တွေ့ရပါတယ်။လက်ရှိအချိန်မှာလည်း ကစားသမားသစ်တွေခေါ်ယူဖို့ မန်ယူအသင်းအနေနဲ့ ဆက်လက်လုပ်ဆောင်နေပြီး အက်သလက်တီကို ကစားသမား ထရစ်ပီယာကတော့ မန်ယူအသင်းထံကို ပြောင်းရွှေ့လာဖို့ရှိပါတယ်။

Linko
မန်ချက်စတာ၊ ဩဂုတ် - ၃