【 အားကစား 】 ချဲလ်ဆီးနဲ့ မန်စီးတီးတို့ လှုပ်ရှားလာတဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်

【 အားကစား 】 ချဲလ်ဆီးနဲ့ မန်စီးတီးတို့ လှုပ်ရှားလာတဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်

မန်ယူအသင်းကတော့ နွေရာသီအပြောင်းအရွှေ့‌ဈေးကွက်အတွင်း ဆန်ချိုနဲ့ ဗာရာနီတို့လို အဓိကပစ်မှတ်ကစားသမားတွေကို ‌သွက်သွက်လက်လက် ခေါ်ယူနေပေမယ့် ဥရောပချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးနဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးတို့ကတော့ ငြိမ်သက်နေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဆို ကစားသမားအဝင်ထက် အထွက်ကသာများနေခဲ့ပြီး၊ မန်စီးတီးကတော့ အဓိကပစ်မှတ်တွေကို ခေါ်ယူရေးမှာ တုံ့ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ယခုတော့ ချဲလ်ဆီးနဲ့ မန်စီးတီး ချန်ပီယံနှစ်သင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားလာခဲ့ပါပြီ။

နောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဆီဗီလာအသင်းရဲ့ နောက်ခံလူ ဂျူးလက်စ် ကွန်ဒီ ကို ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ကွန်ဒီ ကို မန်ယူအသင်းနဲ့အပြိုင် ခေါ်ယူရေး ကြိုးပမ်းခဲ့ရတာဖြစ်ပြီး ယခုမှသာ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းထွက်ပေါ်မှုအရ တိုက်စစ်မှူးရှာပုံတော်ဖွင့်နေတဲ့ ချဲလ်ဆီးဟာ အဓိကပစ်မှတ်တွေဖြစ်တဲ့ ဟာလန်းနဲ့ လီဝန်ဒေါစကီးတို့ကို ခေါ်ယူရေး မသေချာပြီးတဲ့နောက်မှာ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူကာကူ ကို အင်တာအသင်းကနေ ခေါ်ယူရေး ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် အင်တာမီလန်အသင်းရဲ့ အကြီးအကဲ မာရော့တာကတော့ လူကာကူ အသင်းမှာဆက်နေမယ်လို့ တုံ့ပြန်ထားပါတယ်။ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူးတစ်ဦးကိုတော့ ရအောင်ခေါ်ယူဖို့ရှိနေပြီး ဟာလန်းလို နာမည်ကြီးတိုက်စစ်မှူး ရောက်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အဓိကပစ်မှတ်တွေဖြစ်တဲ့ ဗီလာအသင်းခေါင်းဆောင် ဂရေးလစ်ရှ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့နဲ့ ကစားသမားသစ်ခေါ်ယူရေး ကြန့်ကြာနေတာဖြစ်ပါတယ်။အဂူရို အသင်းကနေထွက်ခွာမှုကြောင့် တိုက်စစ်မှူးတစ်ဦးမဖြစ်မနေရှာဖွေရမယ့် မန်စီးတီးအနေနဲ့ ဟယ်ရီကိန်း ကို အသည်းအသန်လိုချင်နေပေမယ့် စပါးအသင်းက ဆက်လက်ဈေးကိုင်ထားလျက်ရှိပါတယ်။နောက်ဆုံးသတင်းအရတော့ ဗီလာအသင်းခေါင်းဆောင် ဂရေးလစ်ရှ် ကို ခေါ်ယူရေးကတော့ နီးစပ်နေပြီဖြစ်ပြီး ပေါင် သန်း ၁၀၀ နဲ့ ဗီလာအသင်းဘက်က သဘောတူထားတယ်လို့ သိရပါတယ်။

Linko
အင်္ဂလန်၊ ဩဂုတ် - ၂