【 ပြည်တွင်း 】 ရန်ကုန်မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် မြို့ပြသန့်ရှင်းမှုနည်းလာ

【 ပြည်တွင်း 】 ရန်ကုန်မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် မြို့ပြသန့်ရှင်းမှုနည်းလာ

ရန်ကုန် မြို့အစွန်အဖျားရပ်ကွက်တွေမှာသာမက ရန်ကုန်မြို့တွင်း လူစည်ကားတဲ့နေရာတွေမှာပါ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေများလာတာကြောင့် မြို့ပြသန့်ရှင်းမှုနည်းနေပြီး ဒီလိုမျိုးစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာမျိုး မလုပ်ကြဖို့ အမှိုက်ကင်းစင်ရေးလုပ်ဆောင်နေကြသူတွေက နှိုးဆော်သတိပေးထားကြပါတယ်။

လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ ရွှေပြည်သာ၊ ဒလ စတဲ့ မြို့နယ်တွေအတွင်း အစွန်အဖျားရပ်ကွက်တွေမှာဆိုရင်လည်း မီးဖိုချောင် အမှိုက်ထုပ်တွေကို လူမျက်ကွယ်နေရာတွေမှာ စည်းကမ်းမဲ့ ခိုးပစ်ကြတာကြောင့် ဒီပတ်ဝန်းကျင်တွေက အမှိုက်တွေနဲ့ ရှုပ်ပွနေတယ်လို့ မြို့ပြအမှိုက်ကင်းစင်ရေး တက်ကြွလုပ်ဆောင်နေသူတစ်ဦးက အခုလိုပြောပါတယ်။

“အမှိုက်တွေ အမြင်မတော်လို့ လူငယ်တွေစုပြီး တတ်နိုင်သလောက်ရှင်းရင်လည်း ပြန်ပစ်တာပဲ။အမှိုက်ပုံးတွေအထိ သယ်မပစ်ဘဲ ကြုံရာပစ်ကြတာကတော့ မဖြစ်သင့်ပါဘူး။သွားရင်းလာရင်း သောက်စားကြတဲ့ မုန့်ခွံ၊ အချိုရည်ခွံတွေဆိုရင် ကျောက်တံတား၊ ပန်းဘဲတန်းဝန်းကျင်မှာ တော်တော်တွေ့ရတယ်။ဒီမြို့တွင်းက လမ်းကြိုလမ်းကြား ရပ်ကွက်လမ်းတွေမှာဆိုရင်လည်း ခွေးလွှတ်ကျောင်းထားတော့ ခွေးချေးတွေ နေရာအနှံ့ပဲ။ ၃၂ လမ်း၊ အောက်ဘလောက်လမ်းဘက်မှာဆိုရင် အမှိုက်တောင်မကဘူး လူတွေ မစင်စွန့်ထားတာတွေပါ တွေ့ရတယ်။တော်တော်ညစ်ပတ်လာတဲ့ အနေအထားပါ။ဒါတောင် မြို့တွင်းအခြေအနေပါ” လို့ ပြောပါတယ်။

ရန်ကုန်မြို့လယ်က လူသွားလမ်း ပလက်ဖောင်းတွေ၊ လူကူးခုံးကျော်တံတားပေါ်နဲ့ ရပ်ကွက်တွေအတွင်း အလွယ်တကူ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် နေ့စဉ်အမှိုက်တွေနဲ့ ညစ်ညမ်းနေတယ်လို့ မြို့ပြသန့်ရှင်းရေးနဲ့ ပလတ်စတစ်ကင်းစင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတဲ့ သန့်မြန်မာအဖွဲ့ကလည်း သတိပေးထားပါတယ် ။

“ပိတ်ရက်မှာ အပြင်သွားပြီး မုန့်စားတာလည်းစားပေါ့နော်။ဒါပေမဲ့ ပလတ်စတစ်တွေနဲ့ အမှိုက်တော့မဖွခဲ့ပါနဲ့” လို့ သန့်မြန်မာအဖွဲ့ရဲ့ တာဝန်ရှိသူက ဓာတ်ပုံနဲ့တကွ သတိပေးစကားဆိုထားပါတယ်။

အခုလို စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးကတော့ “လမ်းပေါ်မှာ အမှိုက်တွေပစ်ချတာကိုတော့ သဘောမကျပါဘူး။ဒါပေမဲ့ အဲဒီအမှိုက်တွေကိုပစ်ချဖို့ အမှိုက်ပုံးတွေတော့ အတော်များများချထားသင့်တယ်။နောက်ပြီး အဲဒီအမှိုက်ပုံးထဲက အမှိုက်တွေကို ပုံမှန်သိမ်းဖို့ စနစ်တစ်ခုရှိသင့်တယ်လို့ အကြံပြုလိုပါတယ်။ဥပမာ ပုံမှာပြထားတဲ့ကုန်းကျော်တံတားပေါ့  တံတားပေါ်မှာ အမှိုက်ပုံးရှိပါသလား။တံတားအဆင်းတွေမှာရော ရှိပါသလား။အနံ့ဆိုးတွေ တထောင်းထောင်းထွက်နေတဲ့ အမှိုက်ပုံးနားဆိုရင်တော့ သွားပစ်ဖို့နေနေသာသာ နံဘေးတောင် ဖြတ်မလျှောက်လောက်ဘူးလို့ ထင်ပါတယ်” လို့ ပြောထားပါတယ်။

လီလီ
ဓာတ်ပုံ - Thant Myanmar