【 ပြည်တွင်း 】 မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားမဝင်လာရောက်ကြသူများ များပြားနေ

【 ပြည်တွင်း 】 မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားမဝင်လာရောက်ကြသူများ များပြားနေ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၀

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို အောက်လမ်းကနေ တရားမဝင်လာရောက်ကြသူတွေ များပြားနေတယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်း ဘန်ကောက်ကိုလာကြတဲ့ မြန်မာတွေ တော်တော်များလာတယ်၊ တချို့ကလည်း သူတို့အဆက်အသွယ်နဲ့ သူတို့ လူခံရှိလို့ လာကြသလို တချို့ကလည်း ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး လာကြတာများတယ်၊ တော်တော်များများကတော့ မဲဆောက်ကနေတစ်ဆင့် ဘန်ကောက်ကိုလာကြတာများတယ်၊ မဲဆောက်ကနေ ဘန်ကောက်ထိ လူတစ်ယောက်ကို (၃၅) သိန်းအထိ ပေးရတယ် ပြောတယ်” ဟု ဘန်ကောက်မြို့မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

အခုလို ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းကတစ်ဆင့် ဝင်ရောက်လာသူတွေအနေနဲ့ လူခံရှိသူတွေအဖို့တော့ စိုးရိမ်စရာမရှိပေမယ့် လူခံမရှိသူတွေအတွက် ပွဲစားလူလိမ်တွေရဲ့ အန္တရယ်တွေကိုလည်း စိုးရိမ်ရတယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“တချို့ကလည်း မြန်မာဘက်ခြမ်း မြဝတီဘက်ကနေ မဲဆောက်ဘက်ခြမ်းကို ကူးလာပြီးမှ ဘန်ကောက်ကို တက်သွားတယ်၊ တချို့ကြတော့ ဘန်ကောက်တက်ဖို့ ငွေမတတ်နိုင်လို့ မဲဆောက်မှာတင်နေပြီး အလုပ်လိုက်ရှာနေတဲ့သူတွေလည်းရှိတယ်။ဒီလိုအချိန်မှာ လူလိမ်တွေကိုတော့ အဓိကသတိထားရမယ်၊ လူလိမ်ကတော့ နေရာတိုင်းမှာစောင့်နေတယ်၊ လူခံရှိသူတွေအတွက် ပြဿနာမရှိပေမယ့် လူခံမရှိတဲ့သူတွေကြတော့ လူလိမ်တွေနဲ့တွေ့မှာ စိုးရိမ်ရတယ်” လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံမှ အိမ်နီးချင်း ထိုင်းနိုင်ငံအပြင် ပြည်ပအိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာကြသူများ များပြားနေသလို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှာလည်း  ဗီဇာလျှောက်ထားသူ တစ်ရက်လျှင် ထောင်နှင့်ချီရှိနေပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာလည်း လက်မှတ်လျှောက်ထားသူတွေ များပြားနေတယ်လို့ သိရပါတယ်။

ရဲထက်